အာဆီယံအနေဖြင့် မြန်မာစစ်အုပ်စု၏ ရွေးကောက်ပွဲကို ပြတ်ပြတ်သားသား ငြင်းပယ်ရန် မလေးရှားနှင့်ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း ၂ ဦးနှင့် မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ SAC-M က တိုက်တွန်း
ရန်ကုန်၊ အောက်တိုဘာ ၁၄
အာဆီယံအနေဖြင့် မြန်မာစစ်အုပ်စု၏ ရွေးကောက်ပွဲကို ပြတ်ပြတ်သားသား ငြင်းပယ်ရန် မလေးရှားနှင့်ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း ၂ ဦးနှင့် မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ SAC-M က ယနေ့ ကြေညာချက် ထုတ်ပြန် တိုက်တွန်းလိုက်သည်။
အဆိုပါကြေညာချက်ကို မလေးရှားနိုင်ငံခြားရေး ဝန်ကြီးဟောင်း Dato’ Sri Saifuddin Abdullah၊ ထိုင်းနိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးဟောင်း Khun Kasit Piromya နှင့် မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) အဖွဲ့ဝင် ၃ ဦးတို့က ထုတ်ပြန်လိုက်ခြင်းဖြစ်ပြီး ယခု အောက်တိုဘာလအတွင်း မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ပြုလုပ်မည့် ၄၇ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတွင် စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲကို ပြတ်ပြတ်သားသား ငြင်းပယ်ရန်၊ မြန်မာနိုင်ငံအပေါ် မဟာဗျူဟာများ ပြန်လည် သုံးသပ်သတ်မှတ်ရန် တောင်းဆိုလိုက်ခြင်းဖြစ်သည်။
အောက်တိုဘာ ၉ ရက်နေ့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန်၏ နေပြည်တော်ခရီးစဉ်တွင် မြန်မာနိုင်ငံတွင် ကျင်းပမည့် ရွေးကောက်ပွဲနှင့်ပတ်သက်၍ လွတ်လပ် တရားမျှတမှု၊ ပွင့်လင်းမြင်သာမှုနှင့် ယုံကြည်စိတ်ချရသော လုပ်ငန်းစဉ်များအတွက် အနိမ့်ဆုံး စံနှုန်းများကို ချမှတ်ခဲ့ပြီး နိုင်ငံတစ်ဝန်း ကျင်းပသင့်ကြောင်း၊ နိုင်ငံရေးပါတီများ အားလုံးက ပါဝင်ဆောင်ရွက်သင့်ကြောင်း စစ်အုပ်စုကို တိုက်တွန်းခဲ့သည်။
မလေးရှားနိုင်ငံခြားရေးဝန်ကြီး ထုတ်ဖော်ပြောဆိုခဲ့သော စံသတ်မှတ်ချက်များနှင့် စစ်အုပ်စုက ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ရန် စီစဉ်ထားသောရွေးကောက်ပွဲက မကိုက်ညီသဖြင့် အာဆီယံက စစ်အုပ်စု၏ ရွေးကောက်ပွဲကို ပြတ်ပြတ်သားသား ပယ်ချရမည်ဖြစ်ကြောင်း၊ အကယ်၍ အာဆီယံ စစ်အုပ်စု၏ ရွေးကောက်ပွဲကို မပယ်ချလျှင် မြန်မာပြည်သူများအပေါ် သစ္စာဖောက်လိုက်ခြင်းဖြစ်ပြီး ဒေသတွင်းမှ ရက်စက်ကြမ်းကြုတ်သော စစ်အာဏာရှင်ကို ဆုချခြင်းဖြစ်လိမ့်မည်ဟု သတိပေးသည်။
စစ်အုပ်စုက မလေးရှားနိုင်ငံခြားရေးဝန်ကြီး၏ ခရီးစဉ်ကို လိမ်လည် ဝါဒဖြန့်ခဲ့ပြီး အာဆီယံက မြန်မာနိုင်ငံသို့ ရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့များ စေလွှတ်မည်ဟု ကတိပြုခဲ့သည့် ဝါဒဖြန့် ပြောင်ပြောင်တင်းတင်း လိမ်လည်ခြင်းမှာ တရားဝင်မှုရရှိရေး ကြိုးပမ်းမှုတစ်ရပ်ဖြစ်ကြောင်း ထောက်ပြထားသည်။
မြန်မာစစ်အုပ်စုက အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ရန် ပျက်ကွယ်ခဲ့မှုမှာ အာဆီယံ၏ ကျရှုံးမှုအဖြစ် ဝန်ခံရမည်ဖြစ်ပြီး ဒေသတွင်း နိုင်ငံများအကြား နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများ တိုးပွားလာစေခြင်း၊ အဖွဲ့ဝင်နိုင်ငံများအကြား အနာဂတ် စစ်အာဏာသိမ်းမှု ဖြစ်လာစေရန် ခွင့်ပြုစေသကဲ့သို့ဖြစ်ခြင်း၊ ပြည်သူထောင်ချီသ တ်ဖြတ်ခြင်းကို လျစ်လျူရှုခြင်းနှင့် အာဆီယံအနေဖြင့် မိမိအဖွဲ့အတွင်း အရေးကြီးသော ဆုံးဖြတ်မှုများကို ဦးဆောင် ထိန်းချုပ်ရန် အင်အားနှင့် ဩဇာမရှိတော့ခြင်းများ ဖြစ်ပေါ်စေကြောင်း ထောက်ပြထားသည်။
အာဏာသိမ်းစစ်အုပ်ချုပ်ရေး၏ အကြမ်းဖက်မှုများ အမြင့်ဆုံးအဆင့်သို့ ရောက်လာသည့်အချိန်တွင် အတုအယောင်ရွေးကောက်ပွဲမှာလည်း နီးကပ်လာနေသောကြောင့် အာဆီယံအဖွဲ့အနေဖြင့် လုပ်ဆောင်နိုင်သည့် နောက်ဆုံးအခွင့်အရေးတစ်ခုပဲ ကျန်ရှိတော့ကြောင်း၊ ပထမဦးစွာ အာဆီယံသည် စစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ပြတ်ပြတ်သားသား ရှင်းရှင်းလင်းလင်း ပြောကြားသင့်ပြီး၊ ၎င်းတွင် ပါဝင်ပတ်သက်ခြင်း မရှိရန်နှင့် ရွေးကောက်ပွဲ ရလဒ်ကို ပယ်ချရမည် ဖြစ်ကြောင်း၊ စစ်မှန်ပြီး အားလုံးပါဝင်နိုင်သော ငြိမ်းချမ်းရေးသဘောတူညီချက်ကို ရရှိရန်၊ နိုင်ငံရေးအကျဉ်းသားများအားလုံး လွှတ်ပေးရန်၊ တရားဝင်နိုင်ငံရေးပါတီအားလုံးပါဝင်နိုင်ရန်၊ တိုက်ပွဲများ ရပ်ဆိုင်းရန် ၊ နိုင်ငံတကာစောင့်ကြည့် လေ့လာရေးအဖွဲ့များ လာရောက်နိုင်မှသာလျှင် စစ်မှန်ပြီး ယုံကြည်စိတ်ချရသော တနိုင်ငံလုံးအတိုင်းအတာဖြင့် ရွေးကောက်ပွဲများကို မြန်မာနိုင်ငံတွင် ကျင်းပရန်ဖြစ်ကြောင်း ထောက်ပြထားသည်။
ထို့ပြင် အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို မြန်မာစစ်တပ်က အကောင်အထည်မဖော်ရန်နှင့် မြန်မာစစ်တပ်ကို ရှုတ်ချမှုမှ ကင်းလွတ်ခွင့်မပေးရန် တင်းကျပ်ရမည်ဖြစ်ကြောင်း၊ စစ်တပ်ကိုယ်စားလှယ်များနှင့် စစ်တပ်ခေါင်းဆောင်များကို အာဆီယံ အစည်းအဝေးတိုင်းတွင် ပိတ်ပင်မှုများ တိုးချဲ့ရန် လည်း တိုက်တွန်းထားသည်။
တတိယအနေဖြင့် အာဆီယံက မြန်မာနိုင်ငံအပေါ် ရှင်းလင်းပြတ်သားသော နောက်ဆုံးဂိမ်းဖြစ်သည့် မဟာဗျူဟာသစ်တစ်ရပ်ကို စတင်ရန် ၄၇ ကြိမ်မြောက် ထိပ်သီးအစည်းအဝေးကို အသုံးပြုရမည်ဖြစ်ပြီး လက်ရှိအာဆီယံဥက္ကဋ္ဌ မလေးရှားနှင့် အနာဂတ် အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်တို့က အာဆီယံအထူးသံတမန် Tan Sri Othman Hashim နှင့်အတူ အာဆီယံ၏ အရေးယူဆောင်ရွက်မှုများ ပါဝင်သည့် မူဝါဒများကို ချမှတ်ရမည်ဖြစ်ကြောင်း တိုက်တွန်းထားသည်။
အထူးသဖြင့် လေကြောင်းတိုက်ခိုက်မှုများ ရပ်တန့်ရန်၊ နိုင်ငံရေး အကျဉ်းသားအားလုံးကို ချက်ချင်းပြန်လွှတ်ပေးရေး၊ အာဆီယံနှင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီတို့က ထောက်ခံအားပေးပြီး တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကို နိုင်ငံတကာမှ စောင့်ကြည့်လေ့လာသူများမှ စောင့်ကြည့်နေသည့် တိုက်ခိုက်မှုအားလုံးကို ချက်ချင်းရပ်နိုင်စေရန် သံတမန်ရေးရာ ကြိုးပမ်းမှုများကို အရှိန်မြှင့် ဆောင်ရွက်ရန် တို့ပါဝင်သည်။



