28 C
Yangon

အမေဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန်၊ စကားပြောခွင့်ပေးရန် နှင့် ဆေးကုသခွင့်ပေးရန် သားတစ်ဦးအနေဖြင့် တောင်းဆိုနေသော်လည်း စစ်အုပ်စုက မည်သို့မျှ မတုံ့ပြန်ဟု ကိုထိန်လင်းပြော

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၆

အမေဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန်၊ စကားပြောခွင့်ပေးရန် နှင့် ဆေးကုသခွင့်ပေးရန် သားတစ်ဦးအနေဖြင့် တောင်းဆိုနေသော်လည်း စစ်အုပ်စုက မည်သို့မျှ မတုံ့ပြန်ကြောင်း သားဖြစ်သူ ကိုထိန်လင်း ခေါ် ကင်မ်အဲရစ်က လူမှုကွန်ရက်မှ တစ်ဆင့် သတင်းထုတ်ပြန် ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက် တောင်းဆိုမှုများ လုပ်ဆောင်နေရာတွင် နိုင်ငံရေးသမားတစ်ဦးအနေဖြင့် မဟုတ်ဘဲ အမေတစ်ဦးလွတ်မြောက်ရေးအတွက် သားတစ်ဦးအနေဖြင့် နေရာအနှံ့သွား၍ တောင်းဆိုနေခြင်းဖြစ်ကြောင်း သူက ပြောသည်။

“ဒီအချိန်မှာ ကျွန်တော့်မေမေရဲ့ ကျန်းမာရေးအတွက် တကယ်ကို စိုးရိမ်ပူပန်မိပါတယ်။ စစ်တပ်က မေမေလိုအပ်နေတဲ့ ဆေးကုသမှုတွေကို ပိတ်ပင်ငြင်းပယ်ထားပါတယ်။ကျွန်တော် ရိုးရိုးရှင်းရှင်းပဲ သူတို့ကို တောင်းဆိုခဲ့ပါတယ်။ကျွန်တော့် မေမေ နဲ့ စကားပြောခွင့်ပေးပါ။ ကျွန်တော့်ဟာ မေမေ့ရဲ့ သားတစ်ယောက် ဖြစ်တယ်။သားတစ်ယောက်ရဲ့အခွင့်အရေးကို ပေးပါ။ လူ့ဂုဏ်သိက္ခာကို အနည်းငယ်လေး ပေးပါ ဆိုပြီး တောင်းဆိုခဲ့တယ်။ကျွန်တော် ဒီလိုတောင်းဆိုတာကို သူတို့ဘက်က ဘာမှ ပြန်မပြောလာပါဘူး။ဒါကြောင့် ကျွန်တော် အခုလို နေရာအနှံ့သွားပြီး ပြောဆိုနေပါတယ်။နိုင်ငံရေးသမားတစ်ယောက်အနေနဲ့ မဟုတ်ဘဲ၊ သားတစ်ယောက်အနေနဲ့ ပြောရတာပါ။ မြန်မာနိုင်ငံက စစ်အာဏာရှင်တွေဟာ ကျွန်တော့်မေမေရဲ့အသံကို တင်းတင်းကျပ်ကျပ် ပိတ်ပင်နေပါတယ်၊ မြန်မာပြည်သူတွေရဲ့ အသံကို ပိတ်ပင်နေပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ သူတို့အတွက် ပြောပေးနိုင်ပါတယ်” ဟု ကိုထိန်လင်းက ဆိုသည်။

အမေဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲနှင့် ၂၀၂၀ ရွေးကောက်ပွဲတို့တွင် ၂ ကြိမ် အနိုင်ရရှိခဲ့ကြောင်း၊ သို့ရာတွင် လက်နက် ကိုင်ထားသူများက မြန်မာပြည်သူများ၏ မဲပေး ရွေးချယ်ထားသော ရွေးကောက်ပွဲကို ခိုးယူပြီး မြန်မာပြည်သူများ၏ လွတ်လပ်မှုကို ဓားပြတိုက်ခဲ့ကြကြောင်း သူက ဆက်ပြောသည်။

“မေမေဟာ ၂၀၁၅ နဲ့ ၂၀၂၀ ခုနှစ်တွေမှာ ရွေးကောက်ပွဲနှစ်ကြိမ် အနိုင်ရရှိခဲ့ပါတယ်။အဲဒါတွေဟာ မြန်မာနိုင်ငံရဲ့ စတင်ဖြစ်ပေါ်စ ဒီမိုကရေစီရဲ့ ပထမဆုံးရွေးကောက်ပွဲတွေ ဖြစ်ပေမဲ့တကယ်ကိုပဲ စစ်မှန်တဲ့ ရွေးချယ်မှုတွေ ဖြစ်ခဲ့ပါတယ်။ပြည်သူတွေဟာ လွတ်လပ်မှုနဲ့ မဲပေးခဲ့ကြတာမို့ ကျွန်တော့်မေမေကို ရွေးချယ်ခဲ့ကြပါတယ်။သေနတ်ကိုင်ထားတဲ့လူတွေကတော့ တစ်မျိုးတွေးခဲ့ကြပြီး သူတို့ ရွေးကောက်ပွဲကို ခိုးယူခဲ့ကြတယ်၊ ပြီးတော့ ပြည်သူတွေရဲ့ လွတ်လပ်မှုကိုပါ ဓားပြတိုက်ခဲ့တယ်။ ဒီလိုမျိုး အဖြစ်အပျက်တွေဟာ ကမ္ဘာတစ်ဝန်းမှာ ပဋိပက္ခများစွာနဲ့ ဆင်းရဲဒုက္ခများစွာနဲ့ ထပ်ခါတလဲလဲ ဖြစ်နေပါတယ်။မိမိရဲ့ အကျိုးစီးပွားကိုသာ ကြည့်ပြီး ဒီလှပတဲ့ကမ္ဘာကြီးကို ဖျက်ဆီးနေကြတဲ့ စိတ်ဓာတ်ကျဉ်းမြောင်းသူတွေ ဖန်တီးတဲ့အကျပ်အတည်းကို မြန်မာပြည်သူတွေက မရဘူး၊ လက်မခံဘူးလို့ ပြောနေကြပါတယ်။ သူတို့ရဲ့ လွတ်လပ်မှုကို အလုခံမှာ မဟုတ်ပါဘူး။သူတို့ရဲ့လွတ်လပ်မှုအတွက် တိုက်ပွဲဝင်နေကြတယ်။ မြန်မာပြည်သူတွေဟာ အနိုင်မရမချင်း ရပ်မှာမဟုတ်ဘူးလို့ ကျွန်တော် ပြောပြချင်ပါတယ်” ဟု ကိုထိန်လင်းက ဆက်လက် ပြောဆိုသည်။

အကြမ်းဖက် စစ်အာဏာရှင်က အရပ်သားများနှင့် ပြည်သူများအပေါ် ဗုံးကျဲသတ်ဖြတ်မှုများ ကျူးလွန်နေပြီး ကမ္ဘာကြီးကလည်း မျက်ကွယ်ပြုနေကြောင်း၊ မြန်မာပြည်သူများက ထာ၀ရ ကြောက်ရွံ့မှုနှင့် အသက်ရှင်မနေလိုကြဘဲ စစ်အာဏာရှကို ဆက်လက် ခုခံတိုက်ခိုက်နေကြောင်း၊ ကိုထိန်လင်းက ပြောဆိုသွားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article