ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်ရှိ ကျေးရွာများကို စစ်ကြောင်းထိုးရန် ထွက်လာသည့် အကြမ်းဖက် စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း Bamar Revolution Army-B.R.A (ဗမာ့တော်လှန်ရေးတပ်တော်) မှ BRA တပ်ဖွဲ့ခေါင်းဆောင် ရဲဘော်လကျ်ာက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ဇန်နဝါရီလ ၁၄ ရက်နေ့ နံနက် ၉ နာရီခန့်တွင် နတ်တလင်းမြို့နယ်၊ ငုတ်တိုကျေးရွာဘက်မှ စစ်ကြောင်းထိုးဝင်ရောက်လာသည့် အင်အား ၇၀ ခန့်ပါ အကြမ်းဖက် စစ်တပ်ကို တော်လှန်ရေးတပ်ဖွဲ့များက ငုတ်တိုရွာထိပ် အရောက်တွင် ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်းသိရှိရသည်။
ထိုထိတွေ့ တိုက်ပွဲသည် မိနစ် ၃၀ ခန့် ကြာမြင့်ခဲ့ပြီး တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၃ ဦး သေဆုံးကာခဲ့ကြောင်း၊ ယင်း တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်က ပြည်သူများရှိရာ နေရာကို ရည်ရွယ်ချက်ရှိရှိ ဒရုန်းဖြင့် ပြန်လည် တိုက်ခိုက်ခဲ့သောကြောင့် စစ်ဘေးတိမ်းရှောင်ရန် ပြင်ဆင်နေသည့် သရက်ပင်ကန်ရိုးရွာသား အသက် ၄၈ နှစ်အရွယ် ကိုဇော်မြင့်ထူး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“တိုက်ပွဲအတွင်းမှာ သေတာက စစ်ခွေး ၂ ကောင်ပါ။ ၁ ကောင်ကတော့ ဆေးရုံရောက်မှ ထပ်သေတယ်။ စစ်ခွေး စစ်ကြောင်းက တိုက်ပွဲဖြစ်ပြီးတာနဲ့ ချက်ချင်း ပြန်ဆုတ်သွားရတာဆိုတော့ အကောင်ကြီးကြီး ထိသွားတာထင်တယ်။ စစ်ကြောင်းက နတ်တလင်းပြန်ဆုတ်ပြီး တချို့က မင်းလှဘက်ကို စစ်ကူထွက်သွားကြတယ်လို့ သိရပါတယ်။ ဒီကောင်တွေ ဟိုပြေးဒီပြေးနဲ့ဒရုန်းနဲ့ ပြန်လည်တိုက်ခိုက်လို့ ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရတယ်။ ဒရုန်းဗုံး ၃ လုံးကျဲချတယ် ထိတဲ့သူက စစ်ရှောင်ဖို့ ဆိုင်ကယ်နဲ့အသွားမှာ ဆိုင်ကယ်ရှေ့ကိုကျတာပါ။ မျက်နှာတစ်ချက်လက်ရယ် ခြေထောက်ရယ်ဗိုက်မှာတစ်ချက် ထိတယ်”ဟု Bamar Revolution Army-B.R.A (ဗမာ့တော်လှန်ရေးတပ်တော်)မှ BRA တပ်ဖွဲ့ခေါင်းဆောင် ရဲဘော်လကျ်ာကပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို တပ်ခွဲ ၄ B.R.A နှင့် တပ်ခွဲ ၃ နတ်စစ်သည်၊ တပ်ရင်းရုံးရဲဘော်များမှ လုပ်ဆောင်ခဲ့ခြင်းကြောင်း၊ အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် အပြင်းထန်တိုက်ခိုက်မှုများ ပြုလုပ်နေသောကြောင့် ပြည်သူများအနေဖြင့် သတိပြုနေထိုင်ကြပါရန်နှင့် စစ်အုပ်စုနှင့် နီးစပ်ရာတွင်မနေဘဲ ရှောင်ရှားကြပါရန် BRA တပ်ဖွဲ့ခေါင်းဆောင် ရဲဘော်လကျ်ာက ဆက်လက် ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




