24 C
Yangon

ဝက်လက်မြို့နယ်၊ ညောင်ကန်ရွာတွင် စစ်ဘေးရှောင်ပြည်သူများ နေထိုင်သော စာသင်ကျောင်းကို စစ်တပ်ကလေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အမျိုးသမီး ၁ ဦး သေဆုံးပြီး ၅ ဦးထိခိုက်ဒဏ်ရာရကာ စာသင်ကျောင်းနှင့် နေအိမ်များ မီးလောင်ပျက်စီး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၆

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ညောင်ကန်ရွာတွင် စစ်ဘေးရှောင်ပြည်သူများ နေထိုင်သော စာသင်ကျောင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အမျိုးသမီး ၁ ဦး သေဆုံးပြီး ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စာသင်ကျောင်းနှင့် နေအိမ်များ မီးလောင်ပျက်စီးခဲ့ကြောင်း Wetlet Informational Network တာဝန်ခံ ကိုမုန်တိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဇန်နဝါရီလ ၁၆ ရက်နေ့ နံနက် ၁၁ နာရီ ၁၃ မိနစ်ခန့်မှ စတင်ပြီး ဝက်လက်မြို့နယ် အရှေ့ခြမ်း ညောင်ကန်ရွာတွင် စစ်ဘေးရှောင် ပြည်သူများ နေထိုင်သော စာသင်ကျောင်းကို တံတားဦးလေတပ်မှ တက်လာသော အကြမ်းဖက် စစ်တပ်၏ ဂျက်ဖိုက်တာ ၁ စီးက ပေါင် ၂၀၀ ဗုံး ၄ လုံးကျဲချ တိုက်ခိုက်ကာ စက်လက်များဖြင့်ပါ ပစ်ခတ် ခဲ့ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှုအတွင်း စာသင်ကျောင်းတွင် နေထိုင်သော အသက် ၃၀ ကျော် အရွယ် စစ်ဘေးရှောင် အမျိုးသမီး ၁ ဦးသေဆုံးကာ ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စာသင်ကျောင်းဆောင် ၂ လုံးနှင့် နေအိမ် ၁ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း၊ ထို့ပြင် နွား ၁ကောင် သေဆုံးခဲ့ကြောင်း သိရှိရသည်။

“မြေပြင်မှာ စစ်ခွေး စစ်ကြောင်းလည်း မရှိဘူး။ တိုက်ပွဲဖြစ်ပွားတာလဲ မရှိဘူး။ အကြောင်းမဲ့ သက်သက် လေကြောင်းတိုက်ခိုက်သွားတာပါ။ စစ်ခွေးတွေ လေကြောင်း တိုက်ခိုက်မှုအတွင်း အမျိုးသမီး ၁ ဦး သေဆုံးပြီး ပြည်သူ ၅ ဦး ထိခိုက် ဒဏ်ရာရတယ်။ စာသင်ကျောင်းဆောင်နဲ့ နေအိမ်တွေလည်း မီးလောင်ပျက်စီးသွားတယ်” ဟု Wetlet Informational Network တာဝန်ခံ ကိုမုန်တိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အလားတူ ဇန်နဝါရီလ ၆ ရက်နေ့ကလည်း ဝက်လက်မြို့နယ် တောင်ခြမ်း ပေါက်ကန်ဘူတာရွာကို တံတားဦးလေတပ်တက်လာသော အကြမ်းဖက် စစ်တပ်၏ ဂျက်တာ ၂ စီးက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပေါင် ၃၀၀ ဗုံး ၃ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ပေါက်ကန်ဘူတာရွာတွင် နေထိုင်သော အသက် ၂ လအရွယ် ကလေးငယ် ၁ ဦး ၊ ‌အသက် ၇၀ အရွယ် ဒေါ်မြ ၊ အသက် ၄ဝ နှစ်အရွယ် ဒေါ်သင်းကြိုင်နှင့် အသက် ၆၀ နှစ် အရွယ် ဒေါ်တင်တင်ဌေးတို့ ၄ ဦး ပွဲချင်းပြီး သေဆုံးကာ အသက် ၄ဝ နှစ် အရွယ် အမျိုးသမီး ၁ ဦးလည်း ဦးခေါင်းတွင် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် နေအိမ် နှင့် ကားတချို့လည်း မီးလောင်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article