အာဆီယံက မြန်မာစစ်တပ်၏ ရွေးကောက်ပွဲကို အသိအမှတ်မပြုသည့် မူဝါဒကို ကိုင်စွဲထား
ရန်ကုန်၊ ဇန်နဝါရီ ၃၀
ထိုင်းနိုင်ငံက မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးကို ပြန်လည်စဉ်းစားလာနေပြီး “calibrated engagement” လို့ ခေါ်တဲ့ ချိန်ညှိထားတဲ့ ဆက်ဆံရေးပုံစံ ကို အသုံးပြုဖို့ အဆိုပြုလာပါတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံရေးမတည်ငြိမ်မှု၊ လက်နက်ကိုင်ပဋိပက္ခတွေ ဆက် လက်ဖြစ်ပွားနေဆဲဖြစ်တဲ့အခြေအနေမှာ ထိုင်းရဲ့ ဒီသဘောထားက အာဆီယံရဲ့ မြန်မာအပေါ် မူဝါဒကိုပါ ပြောင်းလဲသွားစေနိုင်တယ်လို့ စောင့်ကြည့်သူတွေက ဆိုပါတယ်။
ဒီ “calibrated engagement” ဆိုတာ မြန်မာနိုင်ငံရဲ့ နောက်တက်မယ့် အစိုးရ ကို အပြည့်အဝ လက်ခံလိုက်တာ မဟုတ်သလို၊ စစ်အာဏာကို တရားဝင် အသိအမှတ်ပြုလိုက်တာလည်း မဟုတ်ပါဘူး။
ဒါပေမယ့် အဆက်အသွယ်အားလုံးကို ဖြတ်တောက်ထားတာထက် စကားပြောနိုင်တဲ့ လမ်းကြောင်းတချို့ကို ထိန်းထားပြီး အခြေအနေကို သက်သာအောင် သက်ရောက်စေချင်တဲ့ သဘောထားတစ်ရပ်လို့ ထိုင်းဘက်က ရှင်းပြပါတယ်။
မြန်မာနိုင်ငံက ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးအကျပ်အတည်း၊ ပြည်တွင်းစစ်နဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်တိုက်ဖြစ်ပွားလာခဲ့ပါတယ်။
၂၀၂၅ ခုနှစ်နှောင်းပိုင်းမှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲကိုလည်း နိုင်ငံတကာက များစွာ ဝေဖန်ခဲ့ကြပြီး ဒီမိုကရေစီပြန်လည်တည်ဆောက်ရေးထက် စစ်တပ်အာဏာကို ပိုမိုခိုင်မာစေတယ်လို့ ဆိုကြပါတယ်။
ဒါပေမယ့် ထိုင်းအမြင်အရ မြန်မာမှာ ဘယ်အစိုးရပဲ တက်လာလာ၊ အိမ်နီး ချင်းနိုင်ငံဖြစ်တဲ့ ထိုင်းအနေနဲ့ လုံးဝ မဆက်ဆံဘဲ နေရတာ မဖြစ်နိုင်ဘူးလို့ သဘောထားထားပါတယ်။
မြန်မာနဲ့ ထိုင်းဟာ နယ်စပ်ကီလိုမီတာ ၂,၄၀၀ ကျော် ချိတ်ဆက်နေပြီး ပဋိပက္ခတွေ ဖြစ်လာရင် ဒုက္ခသည်တွေ၊ လုံခြုံရေးပြဿနာတွေ၊ တရားမဝင် လှုပ်ရှားမှုတွေက ထိုင်းဘက်ကို တိုက်ရိုက် သက်ရောက်လာတတ်ပါတယ်။
ဒါကြောင့် ထိုင်းက နိုင်ငံရေးဆွေးနွေးမှုကို ကန့်သတ်ထားတဲ့ ပုံစံနဲ့ ဆက် လက်လုပ်ဆောင်မယ်၊ လူသားချင်းစာနာမှုအကူအညီတွေ၊ နယ်စပ်လုံခြုံရေး၊ ငြိမ်းချမ်းရေးညှိနှိုင်းမှုတွေမှာတော့ ဆက်လက်ပူးပေါင်းမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီမူဝါဒကို တင်ပြလာတာပါ။
ဒါပေမယ့် လူ့အခွင့်အရေးအဖွဲ့တွေဘက်ကတော့ ဒီလို ဆက်ဆံရေးက စစ်အာဏာကို ပုံမှန်ဖြစ်သွားအောင် လုပ်ပေးသလို ဖြစ်သွားနိုင်တယ်လို့ စိုးရိမ်နေကြပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး၊ အကြမ်း ဖက်မှုရပ်တန့်ရေးလို အရေးကြီးတဲ့ ကိစ္စတွေမှာ ဖိအားလျော့သွားနိုင်တယ်လို့လည်း ဝေဖန်ကြပါတယ်။
ထိုင်းဘက်ကတော့ ဒီဆက်ဆံရေးဟာ အခြေအနေကို စောင့်ကြည့်ပြီး ချိန်ညှိသွားမယ့် နည်းလမ်းဖြစ်ပြီး အကျိုးအမြတ်မရှိဘူးဆိုရင် ဆက်မလုပ်ဘူးလို့ ဆိုပါတယ်။
အောင်မြင်မလား မအောင်မြင်ဘူးလားဆိုတာကတော့ မြန်မာဘက်က အကြမ်းဖက်မှု လျော့နည်းလာမလား၊ လူသားချင်းစာနာမှု အကူအညီတွေ ဝင်ရောက်နိုင်လာမလားဆိုတဲ့ အချက်တွေပေါ်မှာ မူတည်နေပါတယ်။
ထိုင်းရဲ့ “calibrated engagement” မူဝါဒဟာ အကောင်းဆုံးဖြေရှင်းချက် မဖြစ်နိုင်ပေမယ့် လုံးဝ မဆက်ဆံဘဲ နေခြင်းထက်တော့ အခြေအနေကို ထိန်းချုပ်နိုင်မယ့် လမ်းတစ်လမ်းအဖြစ် လောင်းကစားလုပ်ကြည့်တဲ့ အနေအထားလို့ မြင်နိုင်ပါတယ်။
ဒီမူဝါဒက အာဆီယံတစ်ခုလုံးရဲ့ မြန်မာအပေါ် သဘောထားကိုပါ ပြောင်းလဲစေနိုင်မလားဆိုတာကို ဒေသတွင်းနိုင်ငံတွေက စောင့်ကြည့်နေကြပါတယ်။
အာဆီယံအဖွဲ့ကြီးအနေနဲ့ကတော့ မြန်မာစစ်တပ်ရဲ့ ရွေးကောက်ပွဲနဲ့ ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ်မပြုသေးဘူးလို့ မနေ့က အာဆီယံ ဥက္ကဋ္ဌသစ် ဖိလစ်ပိုင်နိုင်ငံက တရားဝင် ကြေညာလိုက်ပါတယ်။
ဓာတ်ပုံ- မြန်မာစစ်တပ်ကိုယ်စား ဖိလစ်ပိုင်နိုင်ငံတွင် ပြုလုပ်သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး တက်ရောက်သည့် အမြဲတမ်း အတွင်းဝန် ဟောက်ခန့်ဆုမ်းနှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး တို့ကို တွေ့ရစဉ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




