ရန်ကုန်၊ မတ် ၂
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဒေါက် တာ မျိုးအောင်သည် ရမည်းသင်းအကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာကြောင်း NLD အသိုင်းအ၀ိုင်းက ပြောဆိုသည်။
ဒေါက်တာ မျိုးအောင်သည် NLD ပါတီ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် (CEC) တစ်ဦး ဖြစ်ပြီး NLD အစိုးရလက်ထက် နေပြည်တော် ကောင်စီ ဥက္ကဋ္ဌ၊ နေပြည်တော် မြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်နေစဉ် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။
၂၀၂၂ ခုနှစ်တွင် အကြမ်းဖက်စစ်တပ်က ဒေါက်တာမျိုးအောင်ကို အဂတိလိုက် စားမှု ၅ မှုဖြင့် မတရားပုဒ်မတပ် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အမှုတစ်ခုလျှင် ထောင် ဒဏ် ၃ နှစ်ဖြင့် အမှုပေါင်း ၅ မှုအတွက် ထောင်ဒဏ် ၁၅ နှစ်ချမှတ်ခဲ့ခြင်းဖြစ်သည်။
ဒေါက်တာမျိုးအောင်ကို နေပြည်တော် ကောင်စီဥက္ကဋ္ဌတာဝန်ယူထားချိန် မြေနေရာချထားများ၊ စီမံ ကိန်းချထားမှုများတွင် အဂတိလိုက်စားသည်ဟုဆိုကာ မတရားအမှုဆင် ဖမ်းဆီးထောင်ချခဲ့ခြင်းဖြစ်သည်။
ဒေါက်တာမျိုးအောင်နှင့်အတူ ရမည်းသင်းအကျဉ်းထောင်တွင် အကျဉ်းကျခံနေရသော NLD အစိုးရ လက်ထက် အစိုးရအဖွဲ့ရုံး ဝန်ကြီး ဦးမင်းသူလည်း ပြန်လည် လွတ်မြောက်လာကြောင်း သိရှိရသည်။
ဦးမင်းသူကို စစ်တပ်က ပုဒ်မ ၁၃၀(က)၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅၊ ခြေချုပ်ပုဒ်မ ၁၀၇ အပါအ၀င် ပုဒ်မများစွာဖြင့် ထောင်ဒဏ် ၈ နှစ် ၆ လ ချမှတ်ခဲ့ခြင်းဖြစ်သည်။




