ရန်ကုန်၊ မတ် ၅
မြန်မာစစ်တပ်၏ ရွေးကောက်ပွဲ တရားမဝင်ဘဲ စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများရပ်တန့်ရေး ကူညီပေးရန် ချင်းလူ့အခွင့်အရေးအဖွဲ့-CHRO က ဩစတြေးလျလွှတ်တော်တွင် သက်သေထွက် တောင်းဆိုလိုက်သည်။
မတ်လ ၃ ရက်နေ့ ဩစတြေးလျ အထက်လွှတ်တော်၊ နိုင်ငံခြားရေး၊ ကာကွယ်ရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ ကော်မတီက ပြုလုပ်သည့် “မြန်မာနိုင်ငံ၏ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုင်ရာ စုံစမ်းစစ်ဆေးမှု” ကြားနာပွဲတွင် ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ၏ အမှုဆောင်ဒါရိုက်တာ ဆလိုင်းဇအုပ်လင်း (Salai Za Uk Ling) က တက်ရောက်သက်သေထွက်ဆိုသည်။
စစ်ကောင်စီက ရွေးကောက်ပွဲကျင်းပမည်ဟု ကြေညာပြီးနောက်ပိုင်းတွင် လေကြောင်းတိုက်ခိုက်မှုများ ပိုမိုပြင်းထန်လာခဲ့ကြောင်း ၊၂၀၂၅ ခုနှစ် စက်တင်ဘာလမှ ဒီဇင်ဘာလအတွင်း ချင်းပြည်နယ်တစ်ခုတည်းမှာပင် လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ၄၀ ကျော်ရှိခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုများကြောင့် ကလေးငယ် ၆ ဦး အပါအဝင် အရပ်သား ၁၂ ဦး သေဆုံးခဲ့ရကြောင်း ၎င်းက ဩစတြေးလျအထက်လွှတ်တော်တွင် ရှင်းလင်း ပြောဆိုသည်။
၂၀၂၅ ခုနှစ်အတွင်း စစ်ကောင်စီကျင်းပခဲ့သည့် ရွေးကောက်ပွဲသည် ဒီမိုကရေစီနည်းလမ်းမကျဘဲ ယုံကြည်စိတ်ချရမှု ကင်းမဲ့နေကြောင်း ၊ ၂၀၂၀ ရွေးကောက်ပွဲတွင် ချင်းပြည်နယ်ရှိ မြို့နယ် ၉ ခုအနက် ၈ ခုတွင် မဲပေးနိုင်ခဲ့သော်လည်း၊ ၂၀၂၅ တွင် မြို့ ၂ မြို့၌သာ မဲပေးနိုင်ခဲ့ကြောင်း၊ ဟားခါးမြို့တွင် မဲပေးသူဦးရေသည် ၇၂ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်း အထိ ထိုးကျသွားခဲ့ပြီး၊ ကြိုတင်မဲများကိုလည်း ခြိမ်းခြောက်၍ ပေးခိုင်းခဲ့ခြင်းဖြစ်သည်ဟုဆလိုင်းဇအုပ်လင်းက သက်သေထွက်ဆိုခဲ့သည်။
ချင်းပြည်နယ် လူဦးရေ၏ ထက်ဝက်နီးပါးသည် လက်ရှိတွင် စစ်ဘေးရှောင်နေကြရကြောင်း၊ ထို့ပြင် ခရစ်ယာန်ဘာသာဝင် အများစုနေထိုင်ရာ ချင်းပြည်နယ်အတွင်းရှိ ဘုရားကျောင်းပေါင်း ၁၄၀ ကျော် ဖျက်ဆီးခံခဲ့ရခြင်းမှာ လူမျိုးစုတစ်ခုလုံးအပေါ် အစုအဖွဲ့လိုက် အပြစ်ပေးသည့် လုပ်ရပ်ဖြစ်ကြောင်း CHRO က ပြောကြားခဲ့သည်။
ဆလိုင်းဇအုပ်လင်းက “ဒါဟာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းနိုင်ငံရေးကိစ္စတင် မဟုတ်ပါဘူး။ အရပ်သားတွေကို ရည်ရွယ် ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်တာဟာ ဒီဒေသမှာ သာမန်ကိစ္စတစ်ခုလို ဖြစ်မသွားစေဖို့က ပိုအရေးကြီးပါတယ်” ဟု ပြောကြားခဲ့သည်။
ချင်းလူ့အခွင့်အရေးအဖွဲ့အနေဖြင့် ဩစတြေးလျအစိုးရကို စစ်ကောင်စီ၏ တရားမဝင်သော ရွေးကောက်ပွဲရလဒ်များကို ရှင်းလင်းစွာ ငြင်းပယ်ရန်၊ အရပ်သားများကို တိုက်ခိုက်ရာတွင် အသုံးပြုသည့် လေယာဉ်ဆီ တင်သွင်းမှုကို ကန့်သတ်ရန်၊နယ်စပ်ဖြတ်ကျော် လူသားချင်းစာနာမှု အကူအညီများကို တိုးမြှင့်ပေးရန်၊ မြန်မာစစ်ခေါင်းဆောင်များကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) သို့ ပေးပို့ရန်နှင့် တရားဥပဒေအရ အရေးယူနိုင်ရေး ထောက်ခံပေးရန် တောင်းဆိုခဲ့သည်။




