27 C
Yangon

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ မြန်မာ့အရေး တံခါးပိတ်ဆွေးနွေးပွဲတွင် အာဆီယံဘုံသဘောတူညီချက်မူ ၅ ရပ်ကို အကောင် အထည်ဖော်ရန် ကြိုးပမ်းနေဟု ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ပြော၊ အရေးပါသော ဆုံးဖြတ်ချက် ချမှတ်နိုင်ခြင်း မရှိ

Must read

ရန်ကုန် – မတ် ၇

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ မြန်မာ့အရေး တံခါးပိတ်ဆွေးနွေးပွဲတွင် အာဆီယံဘုံသဘောတူညီချက်မူ ၅ ရပ်ကို အကောင်အထည်ဖော်ရန် တစိုက်မတ်မတ် ကြိုးပမ်းနေကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး Ma. Theresa P. Lazaro က ပြောဆိုသည်။

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၌ အမေရိကန်စံတော်ချိန် မတ်လ ၆ ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သော အဆိုပါ တံခါးပိတ်အစည်းအဝေးတွင် ၎င်းက မြန်မာနိုင်ငံဆိုင်ရာ အာဆီယံဥက္ကဋ္ဌ၏ အထူးသံတမန်အဖြစ် ပထမဆုံးအကြိမ် တက်ရောက်ရှင်းလင်းခဲ့ခြင်း ဖြစ်သည်။

ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး Lazaro က မြန်မာ့အရေး ဖြေရှင်းရန်အတွက် အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ရပ် (5PC) ကို အကောင်အထည်ဖော်ရန် ကြိုးပမ်းဆောင်ရွက်နေမှုများကို အသေးစိတ် ရှင်းလင်းတင်ပြကြောင်း၊ မြန်မာပြည်သူများထံသို့ လူသားချင်းစာနာမှု အကူအညီများ ပေးအပ်နိုင်ရေးမှာ အလွန်အရေးကြီးပြီး အရေးပေါ်ဆောင်ရွက်ရန် လိုအပ်ကြောင်း အလေးပေး ပြောဆိုသည်။

မြန်မာနိုင်ငံက ဦးဆောင်ပြီး မြန်မာနိုင်ငံကသာ ပိုင်ဆိုင်သည့် ငြိမ်းချမ်းရေးလမ်းစဉ် (Myanmar-led and Myanmar-owned pathway) ကို ဖော်ဆောင်နိုင်ရန် နိုင်ငံတကာက ဝိုင်းဝန်းကူညီကြရန် ၎င်းက တိုက်တွန်းသည်။

ယင်းအစည်းအဝေးသို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဂျူလီဘိရှော့ (Julie Bishop) ကလည်း အွန်လိုင်းမှတစ်ဆင့် တက်ရောက်ကာ မြန်မာ့အရေး နောက်ဆုံးအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အစည်းအဝေးကို မြန်မာ့အရေးအတွက် ကုလသမဂ္ဂတွင် တာဝန်ခံဆောင်ရွက်နေသည့် (Penholder ဖြစ်သည့်) ဗြိတိန်နိုင်ငံ၏ တောင်းဆိုမှုအရ ကျင်းပခဲ့ခြင်းဖြစ်ပြီး၊ အထူးသံတမန်များထံမှ မြန်မာနိုင်ငံ၏ နောက်ဆုံးအခြေအနေများကို တင်ပြချက်ရယူရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရှိရသည်။

သို့သော်လည်း ယင်းဆွေးနွေးပွဲမှ မြန်မာ့အရေးနှင့် ပတ်သက်၍ အရေးပါသော ဆုံးဖြတ် ချက် တစ်စုံတစ်ရာ ချမှတ်နိုင်ခြင်း မရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article