ရန်ကုန်၊ ဧပြီ ၂၀
ဥရောပနိုင်ငံခြားရေးဝန်ကြီးများက မြန်မာစစ်တပ်အပေါ် ချမှတ်ထားသည့် ပစ်မှတ်ထားအရေးယူမှုများကို နှစ်ပတ်လည် သက် တမ်းတိုးရန် ပြင်ဆင်နေစဉ်အတွင်း၊ ဥရောပအရပ်ဘက်အဖွဲ့အစည်းများက မြန်မာစစ်တပ်ထံသို့ စီးဝင်နေသည့် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ဆိုင်ရာ ဝင်ငွေလမ်းကြောင်းများကို ပိုမိုထိရောက်စွာ ပိတ်ဆို့ရန် ဥရောပသမဂ္ဂ (EU) ထံသို့ ပူးတွဲ တောင်းဆိုတိုက်တွန်းလိုက်ကြသည်။
ဥရောပသမဂ္ဂအနေဖြင့် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော ပိတ်ဆို့အရေးယူမှုများတွင် ရေနံနှင့် သဘာ ဝဓာတ်ငွေ့ ထုတ်လုပ်မှုကွင်းဆက်တစ်ခုလုံး၌ ပါဝင်နေသည့် ဝန်ဆောင်မှုကုမ္ပဏီများ၊ ဘဏ္ဍာရေးကြားခံများ၊ အာမခံကုမ္ပဏီများ၊ အသိအမှတ်ပြု လက် မှတ်ထုတ်ပေးသည့် အဖွဲ့အစည်းများနှင့် အင်ဂျင်နီယာလုပ်ငန်း လုပ်ကိုင်သူများအထိ လွှမ်းခြုံနိုင်ရန် တိုးမြှင့်သတ်မှတ်သင့်ကြောင်း အရပ်ဘက်အဖွဲ့များက တောင်းဆိုသည်။
ဥရောပသမဂ္ဂသည် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလကတည်းက မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို စစ်တပ်အတွက် ဝင်ငွေရှာပေးနေသည့် အဓိကလုပ်ငန်းအဖြစ် သတ်မှတ်ကာ ပိတ်ဆို့အရေးယူခဲ့သည်။
သို့သော်လည်း လက်ရှိ ပိတ်ဆို့မှုများတွင် ဟာကွက်များရှိနေကြောင်း အဖွဲ့အစည်းများက ထောက်ပြကြသည်။ MOGE ကို ပိတ်ဆို့ထားသော်လည်း ဥရောပကုမ္ပဏီများအနေဖြင့် နည်းပညာ၊ အင်ဂျင်နီယာနှင့် အာမခံလုပ်ငန်းများကို ဆက်လက်လုပ်ကိုင်ပေးနေဆဲဖြစ်ပြီး ယင်းက မြန်မာစစ်တပ်အတွက် ဝင်ငွေများ ဆက်လက်စီးဆင်းနေစေရန် အထောက်အပံ့ဖြစ်စေသည်ဟု ဆိုသည်။
ဥပမာအားဖြင့် ဆိုက်ပရပ်စ် (Cyprus) နိုင်ငံတွင် မှတ်ပုံတင်ထားသည့် Energy Holdings Limited သည် ထိုင်းနိုင်ငံ PTTEP ကုမ္ပဏီ၏ ဇောတိက သဘာဝဓာတ်ငွေ့စီမံကိန်းတွင် ပါဝင်ဆောင်ရွက်နေခြင်းက EU နှင့် ဆက်နွှယ်သည့် ကုမ္ပဏီများအနေဖြင့် မြန်မာ့ဓာတ်ငွေ့ကဏ္ဍတွင် ပုံစံမျိုးစုံဖြင့် ပါဝင်ပတ်သက်နေဆဲဖြစ်ကြောင်း ပြသနေသည်။
ထို့ကြောင့် EU အနေဖြင့် မြန်မာ စစ်တပ်လက်အောက်ခံ ရေနံနှင့် သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုကွင်းဆက်တစ်ခုလုံးရှိ ဝန်ဆောင်မှုပေးသူများနှင့် ကြားခံများကိုပါ ပိတ်ဆို့မှုအတွင်း ထည့်သွင်းရန်၊
အာမခံ၊ ပြန်လည်အာမခံ၊ အင်ဂျင်နီယာနှင့် ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှုများကို ကန့်သတ်ချက်များ ထုတ်ပြန်ရန်၊ ဥရောပအခြေစိုက် ကုမ္ပဏီများ မြန်မာ့ရေနံကဏ္ဍတွင် ပါဝင်ပတ်သက်နေမှုကို ပိုမိုပွင့်လင်းမြင်သာစွာ စစ်ဆေးနိုင်ရန်၊ မြန်မာ့ရေနံလုပ်ငန်းကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ကူညီနေသည့် EU မှတ်ပုံတင် ကုမ္ပဏီများကို စုံစမ်းစစ်ဆေးရန်တို့ကို ချမှတ်အရေးယူရန် တောင်းဆိုထားသည်။
အဆိုပါ တောင်းဆိုချက်များကို ဥရောပ အခြေစိုက်အဖွဲ့များဖြစ်သည့် Burma Action Ireland (အိုင်ယာလန်)၊ Burma Campaign UK (ယူကေ)၊ Burmese Rohingya Organization UK (ယူကေ)၊ Doh Atu – Ensemble pour le Myanmar (ပြင်သစ်)၊ German Solidarity with Myanmar e.V. (ဂျာမနီ)၊ Info Birmanie (ပြင်သစ်)၊ Italia-Birmania.Insieme (အီတလီ) ၊Myanmar (CRPH) Support Group Norway (နော်ဝေ)၊ Netherlands-Myanmar Solidarity Platform (နယ်သာလန်)၊ Swedish Burma Committee (ဆွီဒင်) တို့က ပူးတွဲ တောင်းဆိုထားခြင်းဖြစ်သည်။
မြန်မာစစ်တပ်က ပြည်သူများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် စစ်ရာဇဝတ်မှုများ ကျူးလွန်နေခြင်းကို ရေနံနှင့် သဘာဝဓာတ်ငွေ့မှရရှိသည့် ဝင်ငွေများက တိုက်ရိုက်ထောက်ပံ့နေခြင်းကြောင့် ဥရောပသမဂ္ဂအနေဖြင့် ယခုထက်ပို၍ ထိရောက်စွာ လုပ်ဆောင်သင့်ကြောင်း အရပ်ဘက်အဖွဲ့များ၏ ကြေညာချက်တွင် ဖော်ပြထားသည်။
ဓာတ်ပုံ- Agency။




