ရန်ကုန်၊ ဧပြီ ၂၀
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ် ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းအနီးရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးပြီး ပြည်သူ ၂၀ ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထားကြောင်း ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဧပြီလ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းအတွင်း တပ်စွဲထားသော အကြမ်းဖက် စစ်သားများသည် နဘုလယ်တိုက်နယ် အတွင်းရှိ ကျေးရွာများကို စစ်ကြောင်းထိုး ဝင်ရောက်လာခြင်းဖြစ်ကြောင်း၊ ထို့နောက် အကြမ်းဖက် စစ်တပ်သည် ၎င်းတို့ဖြတ်သန်းသွားရာ လမ်းတောက်လျှောက်ရှိ ပြည်သူများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ထို့ပြင် စစ်ကြောင်းသည် ထိန်ကြီးကျေးရွာရှိ မင်္ဂလာဆောင်ကိုလည်း ဝင်ရောက်စီးနင်းခဲ့ပြီး ပြည်သူ ၁၀ ဦးကို ဖမ်းဆီးခဲ့ကြောင်း၊ လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် ဖမ်းဆီးထားသော ပြည်သူ ၂၀ ဦးကျော်ခန့်ရှိပြီး ကျေးရွာနေပြည်သူများလည်း ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။
“ရေနက်ဆိပ်ကမ်းထဲက စစ်ခွေးတွေက ဒီနေ့ နံနက်ပိုင်းမှာ နဘုလယ် တိုက်နယ်ဘက်ကို စစ်ကြောင်းထိုးလာတာပြီး လမ်းမှာတွေ့တဲ့ ပြည်သူတွေဖမ်းတယ်။ မင်္ဂလာဆောင်တစ်ခုကိုလည်း ဝင်ရောက်စီးနင်းပြီး ပြည်သူတွေကိုဖမ်းတယ်။ ကျနော်တို့ သိရသလောက်ကတော့ ပြည်သူ ၂၀ ဦးကျော် ဖမ်းခံရတယ်။ စစ်ခွေးစစ်ကြောင်းဝင်လာတော့ ပြည်သူတွေလည်း တိမ်းရှောင်နေရကြတာရှိတယ်။ ကြည့်ရတာတော့ စစ်ခွေးတွေက ရေနက်ဆိပ်ကမ်းတကြောကို နယ်မြေရှင်းလင်းရေးလုပ်မယ်ထင်တယ်” ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။
အလားတူ ယခုနှစ် ဖေဖော်ဝါရီလပိုင်းကလည်း အကြမ်းဖက် စစ်တပ်က ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းအနီးရှိ ကျေးရွာများကို စစ်ကြောင်းထိုးဝင်ရောက်ပြီး ရလိုင်ရွာ နှင့် သစ်တိုထောင့်ရွာအတွင်းရှိ ပြည်သူပိုင် နေအိမ် ၅၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – ကရင်ပြည်နယ်တွင် အကြမ်းဖက် စစ်တပ်က အရပ်သားပြည်သူ ၁ ဦးကို ဖမ်းဆီးလာစဉ် (ပုံအဟောင်းဖြစ်သည်)




