35 C
Yangon

Edited Version -လူမှုကွန်ရက်တွင် ပျံ့နှံ့လာသော ကိုရင်ငယ်လေး ၁ပါးကို လူမဆန်စွာ ရိုက်နှက်သည့် ဗီဒီယိုပါ ကျူးလွန်သူ မြိတ်မြို့၊ ကျောက်ဖြူတောင်၊ ပဋိပတ္တိတောရကျောင်းမှ ကျောင်းထိုင်ဘုန်းကြီး ဦးတေဇကို မြိတ်မြို့နယ်သံဃာနာယကအဖွဲ့နှင့်ရဲက စစ်ဆေးပြီး ခံဝန်ထိုးခိုင်းမည်ဟုဆို

Must read

ရန်ကုန်၊ ဧပြီ ၂၂

ယမန်နေ့ ညပိုင်း လူမှုကွန်ရက်တွင် ပျံ့နှံ့လာသော ကိုရင်ငယ်လေး ၁ပါးကို လူမဆန်စွာ ရိုက်နှက်နေသည့် ဗီဒီယိုမှ ရိုက်နှက်မှုကို ကျူးလွန်နေသာ မြိတ်မြို့၊ ကျောက်ဖြူတောင်၊ ပဋိပတ္တိတောရကျောင်းမှ ဦးတေဇကို မြိတ်မြို့နယ်သံဃာနာယကအဖွဲ့နှင့်ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း ယင်းအမှုကို လိုက်ပါဆောင်ရွက်နေသူ အရှင်သုနန္ဒက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ မိန့်ကြားသည်။

ယမန်နေ့ ဧပြီလ ၂၁ ရက်နေ့ ညပိုင်းမှစတင်ပြီး ဘုန်းကြီးကျောင်းပေါ်တွင် ကိုရင်ငယ်လေး ၁ ပါးကို ဘုန်းကြီး ၁ ပါးက အဆက်မပြတ် လူမဆန်စွာ ရိုက်နှက်နေသည့် ဗီဒီယိုမှာ လူမှုကွန်ရက်တွင် ပျံ့နှံ့လာခဲ့ပြီး အဆိုပါ ဗီဒီယိုကြောင့် ရိုက်နှက်သူ ဘုန်းကြီးကို အရေးယူပေးရန် တောင်းဆိုမှုများ ဆက်တိုက် ထွက်ပေါ်လာသည်။ ယင်းနောက် ယနေ့နံနက်ပိုင်းတွင် သာသနာရေး၊ ရဲနှင့်ထွေ/အုပ်များက ကိုရင်လေးကို ရိုက်နှက်မှု ကျူးလွန်သော ဘုန်းကြီးကို ဖမ်းဆီး စစ်ဆေးနေကြောင်း သိရှိရသည်။

“သာသနာရေး အဖွဲ့အစည်းတွေရော၊ ထွေ/အုပ်တွေရော အကုန်လုံး ဒီမနက်ကို အားချင်း ဖမ်းဆီးပြီး စစ်ဆေးနေပါတယ။ ကိုရင်လေးကို ရိုက်တဲ့ ဗီဒီယို က မနေ့ညက ပျံ့နှံ့လာတာပါ။ သာသနာရေးကလည်း ထုတ်ပြန်မှာပါ။ ဒီလောက် ဟိုးလေးတကြော်ကြော် ဖြစ်တာဆိုတော့လေ။ အခုမှ စစ်ဆေးနေဆဲမို့လို့ပါ။ စစ်ဆေးနေပါတယ်။ ထွက်မပြေးခင်မှာ ဖမ်းမိတာပါ။ ရိုက်နှက်တဲ့ ဘုန်းကြီးက ဦးတေဇပါ” ဟု အရှင်သုနန္ဒက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ မိန့်ကြားသည်။

လတ်တလော အဆိုပါ ရိုက်နှက်သော ဘုန်းကြီးကို ဆက်လက်စစ်ဆေးဆဲဖြစ်ပြီး ခံဝန်ထိုးခိုင်းမည်ဟု သိရှိထားကြောင်း၊ အရေးယူမှုမှာ သံဃာနာယကအဖွဲ့က ပြင်းထန်စွာသတိပေးခြင်းအဆင့်ဖြင့်ပင် ပြီးဆုံးဖွယ်ရှိ​ကြောင်း အရှင်သုနန္ဒထံမှ သိရှိရသည်။

တနင်္သာရီတိုင်း၊ မြိတ်မြို့မှ ပြည်သူများကလည်း ယင်းဖြစ်စဉ်ကို လက်မခံနိုင်ကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာ သံဃာနာယကအဖွဲကများထံသို့ တိုင်ကြားမှုများ လုပ်ဆောင်ခဲ့ကြောင်း ပြောဆိုကြသည်။

“သင်္ကန်းဝတ်ပြီး မေတ္တာ တရားခေါင်းပါး ကိုရင်လေးမှာအပြစ်ရှိရင်တောင် ကလေးပဲ။ သေချာပြောပြဆုံးမပေါ့ ။အခုဟာက ကျွဲရိုက်နွားရိုက်ရိုက်နေတာ ကလေးကို ။ အဲဒါကြောင့် ဒီက ပြည်သူတွေက ၀ိုင်းပြီး မြို့နယ်သံဃာနာယက ကိုတိုင်ကြတာ” ဟု မြိတ်မြို့မှ ပြည်သူတစ်ဦးက ရှင်းပြသည်။

Screenshot
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article