35 C
Yangon

နိုင်ငံတော်သမ္မတဦးဝင်းမြင့် လွတ်မြောက်လာခြင်းကို SCEF က ဝမ်းမြောက်ပြီး နိုင်ငံတကာသံရုံးများက ကြိုဆို၊ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေး ဆက်လက် ကြိုးပမ်းမည်

Must read

ရန်ကုန်၊ ဧပြီ ၂၂

နိုင်ငံတော်သမ္မတဦးဝင်းမြင့် လွတ်မြောက်လာခြင်းကို ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကော်မတီ-SCEF က ဝမ်းမြောက်ဝမ်းသာဖြစ်ရပြီး နိုင်ငံတကာသံရုံးများက ကြိုဆိုလိုက်ကြသည်။

ယင်းအပြင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေး ဆက်လက် ကြိုးပမ်းမည်ဖြစ်ကြောင်း SCEF က ယနေ့ တရားဝင် ကြေညာထုတ်ပြန်သည်။

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) က သမ္မတဦးဝင်းမြင့် မိသားစုထံ ပြန်လည်ရောက်ရှိခြင်းအတွက် မြန်မာပြည်သူအားလုံးနှင့်ထပ်တူ ဝမ်းမြောက်ကြောင်း ၊ ထို့အပြင် သမ္မတကြီးအနေဖြင့် ကျန်းမာကြံ့ခိုင်စွာဖြင့် နိုင်ငံ့အကျိုးကို ဆက်လက်သယ်ပိုးနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းခဲ့ပြီး၊ မတရားဖမ်းဆီးခံထားရဆဲဖြစ်သော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ အမြန်ဆုံးလွတ် မြောက် ရေးအတွက် ဆက်လက်ကြိုးပမ်းသွားမည်ဟု ကြေညာသည်။

အလားတူ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်မှစ၍ မတရားဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် (၅) နှစ်ကျော်အကြာ ၂၀၂၆ ခုနှစ် ဧပြီလ ၁၇ ရက်နေ့တွင် မိသားစုထံ ပြန်လည်ရောက်ရှိလာခဲ့ပြီး အဆိုပါ လွတ်မြောက်မှုအပေါ် အမေရိကန်၊ ယူကေ၊ ဥရောပသမဂ္ဂနှင့် သြစတြေးလျသံရုံးတို့က ကြိုဆိုကြောင်း ထုတ်ပြန်ခဲ့ကြသည်။

အမေရိကန်ပြည်ထောင်စုက မြန်မာနှစ်သစ်ကူးတွင် ဦးဝင်းမြင့်နှင့် မရှင်ဒေဝီတို့အပါ အဝင် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်လာမှုကို ကြိုဆိုပြီး၊ ကျန်ရှိနေသေးသူများ လွတ် မြောက်ရေးနှင့် မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်ကို ဆက်လက်ပံ့ပိုးမည်ဖြစ်ကြောင်း ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးက သတင်းထုတ်ပြန်သည်။

ရန်ကုန်မြို့ရှိ ယူကေ (ဗြိတိသျှသံရုံး)၏ သံရုံးအကြီးအကဲ Andrew Jackson က ဦးဝင်းမြင့် လွတ် မြောက်မှုကို အသိအမှတ်ပြုသော်လည်း ကျန်ရှိနေသည့် အကျဉ်းသားများအတွက် စိုးရိမ်ကြောင်း ပြောကြားသည်။ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးခံထားရသူအားလုံးကို လွှတ်ပေးရန်နှင့် အကြမ်းဖက်မှုများ ရပ်တန့်ရေးကိုလည်း ထပ်မံတိုက်တွန်းထားသည်။

ဥရောပသမဂ္ဂ (EU)၏ ပြောရေးဆိုခွင့်ရှိသူ Anitta Hipper က ဦးဝင်းမြင့် လွတ်မြောက်မှုနှင့် သေဒဏ်ချမှတ်ခံထားရသူများအား ပြစ်ဒဏ်လျော့ပေါ့ပေးခြင်းကို ကြိုဆိုကြောင်း၊ သို့သော် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးရန် ဆက်လက်တောင်းဆိုကြောင်း တွစ်တာမှတစ်ဆင့် သတင်းထုတ်ပြန်သည်။

သြစတြေးလျအစိုးရကလည်း သြစတြေးလျနိုင်ငံအနေဖြင့် ဦးဝင်းမြင့် လွတ်မြောက်မှုကို အသိ အမှတ်ပြုပြီး၊ ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားအကျဉ်းသားများအားလုံးကို ချွင်းချက်မရှိ လွှတ်ပေးရန်၊ အရပ်သားများအပေါ် အကြမ်းဖက်မှုရပ်တန့်ရန်နှင့် အာဆီယံ၏ အခန်းကဏ္ဍကို ထောက်ခံကြောင်း ထုတ်ပြန်သည်။

နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် မြန်မာနိုင်ငံ၏ အကျပ်အတည်းကို ဖြေရှင်းနိုင်ရန်အတွက် အားလုံးပါဝင်သော ဆွေးနွေးမှုများ ဖော်ဆောင်ရန်နှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ အဟန့်အတားမရှိ ရရှိနိုင်ရေးအတွက် မြန်မာစစ်တပ်ကို ဆက်လက်တိုက်တွန်းလျက်ုရှိသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article