ရန်ကုန်၊ မေ ၇
မြန်မာနိုင်ငံတွင် စစ်ရာဇဝတ်မှုများ ကျူးလွန်ထားသော မြန်မာစစ်အုပ်စုကို နိုင်ငံတကာတရားရုံးများနှင့်ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ပြတ်သားစွာ အရေးယူနိုင်ရေး အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်က အရေးယူဆောင်ရွက်ရန် ဖိလစ်ပိုင်အထက် လွှတ် တော်အမတ် Leila de Limaက ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်သည်။
ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် စီဘူး အာဆီယံထိပ်သီးအစည်းအဝေးတွင် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးနှင့် နိုင်ငံရေးအခြေအနေများ သိသိသာသာ တိုးတက်လာစေရန်အတွက် ဖိလစ်ပိုင်အစိုးရအနေဖြင့် အာဆီယံအတွင်း အရေးပေါ်နှင့် ပိုမိုပြတ်သားသော အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်ရန် ဖိလစ်ပိုင် အထက်လွှတ်တော်အမတ် လိုင်လာဒီလီမာ (Leila de Lima) က တိုက်တွန်းနှိုးဆော်လိုက်သည်။
မိမိကိုယ်ကို သမ္မတအဖြစ် ခန့်အပ်ထားသည့် မင်းအောင်လှိုင်နှင့် စစ်အုပ်စုက အာဆီယံနှင့် နိုင်ငံတကာ၏ အမြင်ကြည်လင်စေရန် လုပ်ဆောင်နေသည့် ဟန်ပြခြေလှမ်းများကို အာဆီယံခေါင်းဆောင်များအနေဖြင့် လှည့်ဖြားမခံကြရန် ပြင်းပြင်းထန်ထန် သတိပေးထားသည်။
စစ်အုပ်စုက ပြီးခဲ့သည့် ဒီဇင်ဘာနှင့် ဇန်နဝါရီလများတွင် ပြုလုပ်ခဲ့သော ဟန်ပြရွေးကောက်ပွဲများအပြင်၊ မတ်လအတွင်း တရားဝင်မှုမရှိသည့် လွှတ်တော်ကိုခေါ်ယူ၍ မင်းအောင်လှိုင်အား သမ္မတအဖြစ် တင်မြှောက်ခဲ့မှုများကို အသိအမှတ်မပြုရန် သူမက ဆိုသည်။
ထို့အပြင် နိုင်ငံရေးအကျဉ်းသားအချို့အား လွှတ်ပေးခြင်းနှင့် ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့လိုက်ခြင်းမှာလည်း စိတ်ရင်းမပါသည့် ဟန်ပြလုပ်ရပ်များသာဖြစ်ပြီး၊ တစ်ဖက်တွင်မူ စစ်အုပ်စုသည် ပြည်သူများအပေါ် အကြမ်းဖက်မှုများကို ပိုမိုတိုးမြှင့်လုပ်ဆောင်နေသည်။
အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၆ ခုနှစ်၊ မတ်လအတွင်း လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သား ၅၀၀ ကျော် သေဆုံးခဲ့ရပြီး အသေအပျောက် အများဆုံးလအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သူမက ထောက်ပြထား သည်။
ယခုနှစ်တွင် အာဆီယံဥက္ကဋ္ဌတာဝန် ယူထားသည့် ဖိလစ်ပိုင်နိုင်ငံအနေဖြင့် စစ်အုပ်စု၏ တရားဝင်မှုရန် ကြိုးစားမမှုများကို ငြင်းပယ်ပြီး ဟန်ပြရွေးကောက်ပွဲနှင့် တရားမဝင်လွှတ်တော်မှတစ်ဆင့် စစ်အုပ်စုကို တရားဝင်မှုပေးမည့် လမ်းစမှန်သမျှကို အာဆီယံက ပြတ်သားစွာ ငြင်းပယ်ရန်၊ စစ်အုပ်စု၏ အကြမ်းဖက်မှုအားလုံးကို အပြည့်အဝရပ်တန့်ရန်နှင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးရန်၊ အဟန့်အတားမရှိသော လူသားချင်းစာနာမှု အကူအညီများ ပေးပို့နိုင်ရေးအတွက် တိုင်းရင်းသားအဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် အဆိုပါ အထက်လွှတ်တော်အမတ်က တောင်းဆိုထားသည်။
ယင်းအပြင် မြန်မာပြည်သူတို့၏ အစစ်အမှန်ဆန္ဒနှင့်အညီ ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်တစ်ရပ် ပေါ်ပေါက်လာရေးအတွက် တရားဝင်ဒီမိုကရေစီအင်အားစုများနှင့် ပူးပေါင်းဆောင်ရွက်ရန်၊ စစ်အုပ်စုကျူးလွန်ထားသည့် ရာဇဝတ်မှုများအတွက် ICC၊ ICJ နှင့် UNSC စသည့် နိုင်ငံတကာတရားရုံးများနှင့် နိုင်ငံ တကာ စင်မြင့် တွင် အရေးယူနိုင်ရန် တွန်းအားပေးရန်၊ ဖိလစ်ပိုင်အပါအဝင် ဒေသတွင်းနိုင်ငံများရှိ တရားရုံးများတွင် စစ်အုပ်စုကို အရေးယူရန် ကြိုးပမ်းမှုများကို အာဆီယံက ထောက်ခံပေးရန် သူမက ဆက်လက်တောင်းဆိုထားသည်။
မြန်မာနိုင်ငံ၏ နိုင်ငံရေးအကျပ်အတည်းနှင့် လူ့အခွင့်အရေး ကပ်ဆိုးကြီးအား အဆုံးသတ်နိုင်ရန် ဖိလစ်ပိုင်အစိုးရသည် အာဆီယံအတွင်း ပြတ်သားသော ဆုံးဖြတ်ချက်များဖြင့် ရေရှည်တည်တံ့သော ဖြေရှင်းနည်းများကို ရှာဖွေပေးရမည်ဖြစ်ကြောင်း အထက်လွှတ်တော်အမတ် Leila de Lima က အလေးအနက် တိုက်တွန်းထားသည်။




