ရန်ကုန်၊ မေ ၁၅
မြန်မာစစ်ကောင်စီက ပြည်ပရောက်နိုင်ငံသားများအပေါ် တင်းကျပ်သည့် စည်းမျဉ်းစည်းကမ်းများ ချမှတ်ကာ နေရပ်သို့ ငွေပြန်ပို့ရန် ဖိအားပေးခဲ့ပြီးနောက် ရွှေ့ပြောင်းလုပ်သားများ၏ လွှဲပို့ငွေမှာ နိုင်ငံ၏ အကြီးမားဆုံးသော နိုင်ငံခြားငွေစီးဝင်မှု အရင်းအမြစ်ဖြစ်လာကြောင်း Bloomberg သတင်းဌာနက သတင်းဖော်ပြသည်။
မြန်မာစစ်တပ်လက်အောက်ခံ ဘဏ္ဍာရေးဝန်ကြီးဌာန၏ အချက်အလက်များအရ ၂၀၂၅ ခုနှစ်အတွင်း ပြည်ပရောက်လုပ်သားများထံမှ စီးဝင်လာသည့် ငွေကြေးစုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၅.၆ ဘီလီယံ (စင်ကာပူဒေါ်လာ ၇.၁ ဘီလီယံ) အထိ ရှိခဲ့သည်။ အဆိုပါ ပမာဏမှာ နိုင်ငံခြားငွေစီးဝင်မှု စုစုပေါင်း၏ ၃၈ ရာခိုင်နှုန်းခန့်ရှိနေပြီး၊ စစ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ် နောက်ပိုင်းဖြစ်သော ၂၀၂၂ ခုနှစ်တွင် ရှိခဲ့သည့် ဒေါ်လာ ၆၇၀ သန်းနှင့် နှိုင်းယှဉ်ပါက သိသိသာသာ မြင့်တက်လာခြင်းဖြစ်သည်။
စစ်ကောင်စီသည် ၂၀၂၄ ခုနှစ်မှစတင်ကာ ပြည်ပရောက်လုပ်သားများအနေဖြင့် ၎င်းတို့၏ လစဉ်ဝင်ငွေ အနည်း ဆုံး ၂၅ ရာခိုင်နှုန်းကို တရားဝင်ဘဏ်လမ်းကြောင်းများမှတစ်ဆင့် ပြန်လည်ပေးပို့ရန် စည်းမျဉ်းများ ချမှတ်ခဲ့သည်။
အဆိုပါစည်းမျဉ်းကို မလိုက်နာပါက နိုင်ငံကူးလက်မှတ် (Passport) သက်တမ်းတိုးခွင့်နှင့် ပြည်ပတွင် အလုပ်လုပ်ကိုင်ခွင့်များကို ပိတ်ပင်ထားခြင်းကြောင့် စစ်ကောင်စီနှင့် နီးစပ်သည့် ဘဏ်များအတွက် နိုင်ငံတကာငွေကြေး စီးဆင်းမှုကို အာမခံချက်ရှိရှိ ရရှိစေခဲ့သည်။
ယင်းလုပ်ရပ်သည် နိုင်ငံတကာ၏ စီးပွားရေးပိတ်ဆို့မှုများနှင့် ပြည်တွင်းစစ်ကြောင့် အခြားသော ငွေကြေးအရင်းအမြစ်များ ပြတ်တောက်နေချိန်တွင် စစ်ကောင်စီအတွက် အဓိကထွက်ပေါက်တစ်ခု ဖြစ်လာခဲ့သည်။
စစ်ကောင်စီအနေဖြင့် လောင်စာဆီ၊ ဆေးဝါးနှင့် စားသောက်ကုန်များကဲ့သို့သော မရှိမဖြစ်လိုအပ်သည့် သွင်းကုန်များအတွက် အမေရိကန်ဒေါ်လာ လိုအပ်နေခြင်းဖြစ်သည်။ ပုဂ္ဂလိကဘဏ်များမှတစ်ဆင့် စီးဝင်လာသော အဆိုပါရွှေ့ပြောင်းငွေများသည် စစ်ကောင်စီက တင်းကျပ်စွာ ထိန်းချုပ်ထားသည့် ဘဏ္ဍာရေးစနစ်အတွင်းသို့ ရောက်ရှိသွားပြီး မည်သို့လဲလှယ်အသုံးပြုမည်ကို အာဏာပိုင်များကသာ စီမံခန့်ခွဲနေခြင်းဖြစ်သည်။
လုပ်သားရွှေ့ပြောင်းငွေများ မြင့်တက်လာသော်လည်း မြန်မာနိုင်ငံ၏ စီးပွားရေးမှာ ဆက်လက်ဆိုးရွားနေဆဲဖြစ်သည်။ ငွေကြေးဖောင်းပွမှုမှာ ၃၀ ရာခိုင်နှုန်းဝန်းကျင်တွင် ရှိနေပြီး၊ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) မှာလည်း ၂၀၂၅ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၈၃ သန်းအထိ စံချိန်တင်ကျဆင်းသွားခဲ့သည်။
ထို့ပြင် အလုပ်သမားရေးရာအဖွဲ့အစည်းများကလည်း ယခုကဲ့သို့ ပတ်စပို့သက်တမ်းတိုးခြင်းနှင့် ငွေပြန်ပို့ခြင်းကို တွဲဖက်ထားသည့် မူဝါဒသည် လူသားတစ်ဦး၏ လွတ်လပ်စွာ သွားလာခွင့်နှင့် အသက်မွေးဝမ်းကျောင်းပြုနိုင်စွမ်းကို ချိုးဖောက်ရာရောက်ကြောင်း ဝေဖန်ထောက်ပြထားကြသည်။
ထိုင်းနိုင်ငံရှိ စက်ရုံများတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာလုပ်သားများကလည်း ၎င်းတို့ပင်ပင်ပန်းပန်း ရှာဖွေထားသည့် ငွေကြေးများကို ကိုယ်တိုင်စီမံခွင့်မရဘဲ စစ်ကောင်စီ၏ စည်းမျဉ်းများအောက်တွင် မဖြစ်မနေ လွှဲပို့နေရသည့်အတွက် လူနေမှုဘဝများ ပိုမိုခက်ခဲလာကြောင်းBloomberg သို့ ပြောကြားကြသည်။




