26.2 C
Yangon

ပေါင်းတည်တွင် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး၊ အထိနာသော စစ်တပ်က သဲမဲရွာကို မီးရှို့ဖျက်ဆီးမှု နေအိမ် ၉ လုံးပြာကျ

Must read

ရန်ကုန်၊ မေ ၁၅

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးခဲ့ပြီး အထိနာသော စစ်တပ်က သဲမဲရွာကို မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ၉ လုံးပြာကျခဲ့ကြောင်း ပြည်ခရိုင်တပ်ရင်း ၁ စစ်ထောက်လှမ်းရေးနှင့် သတင်းပြန်ကြားတာဝန်ခံ ရဲဘော် Shadow က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၁၁ ရက်နေ့ နံနက် ၇ နာရီခန့်တွင် ပေါင်းတည်မြို့နယ်၊ ပေါက်တောရွာရှိ ခမရ ၁ဝ တပ်ရင်းမှ အင်အား ၆၀ ဦးပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် နယ်မြေရှင်းလင်းရန်နှင့် ကင်းပတ်ရန် ထွက်လာစဉ် သဲမဲရွာနှင့် ဖောင်အိုင်ရွာ အကြားတွင် တော်လှန်ရေး တပ်ဖွဲ့များက ၇ ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုမိုင်းဆွဲတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်သား ၂ ဦးသေဆုံးကာ ၂ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း၊ ထိုသို့ မိုင်းဆွဲ တိုက်ခိုက်ခံရပြီး စစ်ကြောင်းသည် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ကာ သဲမဲရွာကို ဝင်ရောက်စီးနင်းခဲ့ပြီး ပြည်သူပိုင် ဆိုင်ကယ် ၆ စီးနှင့် ခိုင်းနွား ၂ ကောင်ကို ခိုးယူကာ နေအိမ် ၉ လုံးကိုမီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေးစစ်ကြောင်းကို သဲမဲရွာနဲ့ ဖောင်အိုင်ရွာ အကြားမှာ ၇ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့တာ စစ်ခွေး ၂ ကောင်သေဆုံးပြီး ထိခိုက်ဒဏ်ရာရတာတွေလည်းရှိတယ်။ စစ်ခွေးတွေက အထိနာပြီး သဲမဲရွာကို ဝင်ရောက်စီးနင်းတယ်။ ပြည်သူပိုင် ဆိုင်ကယ်နဲ့ နွားတွေကိုလည်း ယူဆောင်သွားပြီး နေအိမ် ၉ လုံးကို မီးရှို့ဖျက်ဆီးသွားတယ်” ဟု ပြည်ခရိုင်တပ်ရင်း ၁ စစ်ထောက်လှမ်းရေးနှင့် သတင်းပြန်ကြားတာဝန်ခံ ရဲဘော် Shadow က ပြောဆိုသည်။

ထို့နောက် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ခမရ ၁၀ တပ်ရင်းထဲကို စစ်သားအလောင်းများနှင့် ဒဏ်ရာရသူများသယ်ဆောင်ပြီး ပြန်လည် ဆုတ်ခွာသွားကြောင်း၊ ယင်းတိုက်ခိုက်မှုကို ဗျူဟာ ၂၁ ကွပ်ကဲမှုအောက်ရှိ ပြည်ခရိုင်တပ်ရင်း(၁) တပ်ခွဲ(၂)မှ ရဲဘော်များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး စစ်တပ်ဘက်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်ခဲ့သော်လည်း အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – သံတောင်ကြီးမြို့နယ်တွင် တော်လှန်ရေးတပ်ဖွဲ့များ မိုင်းဆွဲ တိုက်ခိုက်ခြင်းကြောင့် တိမ်းမှောက်သွားသော စစ်ကား ၁ စီးကို တွေ့ရစဉ် (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article