ရန်ကုန်၊ မေ ၁၉
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် အကြမ်းဖက် စစ်တပ်၏ စစ်သင်္ဘောက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦး သေဆုံးပြီး သံဃာတော် ၁ ပါး အပါအဝင် ပြည်သူ ၇ ဦး ထိခိုက်ဒဏ်ရာရကာ ဘုန်ကြီးကျောင်းနှင့် နေအိမ်များ ပျက်စီးခဲ့ကြောင်း သိရသည်။
မေလ ၁၇ ရက်နေ့ ည ၁၀ နာရီ ၁၅ မိနစ်နှင့် ၁၀ နာရီ ၄၂ မိနစ်အချိန်အထိ ဇင်ချောင်းပင်လယ်ပြင်တွင် ရှိနေသည့် အကြမ်းဖက် စစ်တပ်၏ တိုက်ခိုက်ရေး စစ်သင်္ဘော ၁ စီးက ကျောက်ဖြူမြို့နယ်ရှိ ကျေးရွာများအတွင်းကို လက်နက်ကြီး ၆ လုံးထက်မနည်း အရပ်သားပြည်သူများနေထိုင်ရာ နေရာများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ထို့သို့ အကြမ်းဖက် စစ်တပ်ဘက်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်များအနက် ၁ လုံးသည် ရွာသစ်ကေကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ရာ အသက် ၆၃ နှစ်အရွယ် ဒေါ်စံအေးနု သည် လက်နက်ကြီးကျည်စထိမှန်ကာ သေဆုံးသွားခဲ့ကြောင်း၊ ထို့ပြင် ရွာသစ်ကေရွာမှ အသက် ၃၅ နှစ်အရွယ် ဒေါ်မဝင်း၊ အသက် ၁၄ နှစ်အရွယ် မနန္ဒာအောင်၊ အသက် ၃၉ နှစ်အရွယ် ဦးကျော်စိုးမိုး၊ အသက် ၆၀ အရွယ် ဦးစိုးတင် နှင့် အသက် ၇၉ နှစ်အရွယ် ဦးမောင်ဖိုးယိုင် တို့လည်း ကျည်စထိမှန်ကာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်ဘက်မှ ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့သည့် လက်နက်ကြီးကျည် ၂ လုံးမှာလည်း ကျောက်ဖြူမြို့နယ်ရှိ ပေါက်ပင်ကျေးရွာ ဘုန်းကြီးကျောင်းအတွင်းကို ၁ လုံးနှင့် ဘုန်းကြီးကျောင်းဝန်းပြင်ပ မီတာ ၃၀ အကွာသို့ ၁ လုံး အသီးသီး ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ ထိုသို့ ကျပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်းအတွင်းရှိ သက်တော် ၅၉ နှစ်ရှိ ဆရာတော် ပညာဝံသ နှင့် ပေါက်ပင်ရွာမှ အသက် ၁၇ နှစ်အရွယ် မအေးငြိမ်းသူ တို့ ကျည်စထိမှန် ဒဏ်ရာရရှိခဲ့ပြီး ဘုန်းကြီးကျောင်းဆောင် တစ်ခြမ်းမှာလည်း ပြိုကျပျက်စီးသွားခဲ့ကြောင်း သိရသည်။
အလားတူ ယင်းနေ့ ည ၁၀ နာရီ ၂၅ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်ဘက်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ၁ လုံးသည်လည်း ဇင်ချောင်းကုန်ဘွေရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ရာ နေအိမ် ၂ လုံး ပျက်စီးသွားခဲ့ပြီး ဝက် ၁ ကောင် ကျည်စထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း၊ လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ်၏ လက်နက်ကြီးကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဆရာတော် ၁ ပါးနှင့် ပြည်သူ ၆ ဦးကို အရေးပေါ် ဆေးကုသမှု ပေးထားရကြောင်း သိရှိရသည်။
ကျောက်ဖြူမြို့နယ်အတွင်း အာရက္ခတပ်တော် AA နှင့် အကြမ်းဖက် စစ်တပ်တို့အကြား နှစ်ဖက်တိုက်ပွဲများ ပြင်းထန်လျက်ရှိရာ စစ်တပ်က ကျောက်ဖြူမြို့နှင့် အနီးအနားရှိ အရပ်သား ပြည်သူများ နေထိုင်ရာ ကျေးရွာများကို လက်နက်ကြီးများ၊ တိုက်ခိုက်ရေးဒရုန်းများဖြင့် နေ့စဉ်ရက်ဆက် ရမ်းသန်းပစ်ခတ် တိုက်ခိုက်လျက်ရှိကြောင်း သိရှိရသည်။
ထို့ပြင် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ မဲ့ဘောခီးရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အမျိုးသမီး ၁ ဦး သေဆုံးပြီး ကလေးငယ်များ အပါအဝင် ပြည်သူ ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU ထုတ်ပြန်ချက်နှင့် ဒေသပြည်သူများ ပြောဆိုချက်အရ သိရသည်။
မေလ ၁၂ ရက်နေ့ ည ၁၁ နာရီခန့်တွင် ဘားအံမြို့နယ်၊ မဲ့ဘောခီးရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ ထိုလေကြောင်း တိုက်ခိုက်မှု အတွင်း အမျိုးသမီး ၁ ဦး သေဆုံးပြီး ကလေးငယ်များ အပါအဝင် ပြည်သူ ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
သေဆုံးသူမှာ နော်ဘာဘူ အသက် (၁၉) နှစ် ဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူမှာ နော်ခုဂေဖော အသက် (၄) နှစ် ၊ စောဝင်းဝေါလ်ထူး အသက် (၆) နှစ် ၊ နော်ဒါးပု အသက် (၁၉) နှစ် ၊ စောတာဘီ အသက် (၃၂) နှစ် နှင့် စောစိုးသန်း အသက် (၄၂) နှစ် တို့ဖြစ်ကြောင်း သိရှိရသည်။
“မဲ့ဘောခီးရွာကို စစ်ခွေးတွေက တိုက်ပွဲဖြစ်ပွားတာမရှိဘဲနဲ့ ဗုံးကျဲ တိုက်ခိုက်သွားတာ ကျနော်တို့ သိရတာတော့ ပြည်သူ ၁ ဦးသေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာရတယ်။ နေအိမ်တွေလည်း ပျက်စီးသွားတယ်။ ထိခိုက်ဒဏ်ရာရရသူတွေက မစိုးရိမ်ရဘူးလို့ သိရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။






