ရန်ကုန်၊ မေ ၂၆
အင်ဒိုနီးရှားနိုင်ငံ၊ ကာလီမန်တန်တောင်ပိုင်း (Kalsel) ပြည်နယ်၊ ဘာရီတိုကွာလာ (Barito Kuala) ပင်လယ်ပြင်ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသည့် “TB Samudera Jaya 1” တွန်းသင်္ဘောပေါ်တွင် မြန်မာသင်္ဘောသား ၃ ဦးနှင့် အိန္ဒိယသင်္ဘောသား ၁ ဦးတို့ အသက်ဆုံးရှုံးခဲ့ရသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ အသေးစိတ် ဖြစ်ပွားပုံ အဆင့်ဆင့်ကို အင်ဒိုနီးရှား ရဲတပ်ဖွဲ့ (Polda Kalsel) က သတင်းထုတ်ပြန်ခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံ၊ ကာလီမန်တန်တောင်ပိုင်း ရဲတပ်ဖွဲ့၏ ပြန်ကြားရေးအရာရှိချုပ်ဖြစ်သူ Adam Erwindi က မေလ ၆ ရက် (ဗုဒ္ဓဟူးနေ့) က ဖြစ်ပွားခဲ့သည့် မြန်မာသင်္ဘောသား ၃ ဦးနှင့် အိန္ဒိယသင်္ဘောသား ၁ ဦးတို့ သေဆုံးမှု ဖြစ်စဉ်နှင့်ပတ်သက်၍ အသေးစိတ် အပြည့်အစုံကို သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
မေလ ၆ ရက်နေ့ ညနေ ၅ နာရီ ၂၀ မိနစ်အချိန် အင်ဒိုနီးရှားနိုင်ငံ၊ ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသော “TB Samudera Jaya 1” တွန်းသင်္ဘောသည် ကုန်လှောင်ခန်း ဝမ်းဗိုက်အတွင်းသို့ ရေဝင်မှုကြောင့် ညာဘက်သို့ စောင်းနေခဲ့သဖြင့် အသက် ၃၄ နှစ်အရွယ် သင်္ဘောကပ္ပတိန် မြန်မာနိုင်ငံသား ကိုဇော်မင်းထက် သည် သင်္ဘော ဝမ်းဗိုက်ပိုင်းရှိ အလုံပိတ်အခန်းငယ် (Manhole) အတွင်းမှတစ်ဆင့် အခြေအနေကို သွားရောက်စစ်ဆေးရန် ပြင်ဆင်ခဲ့သည်ဟု ဆိုသည်။
ယင်းနောက် သင်္ဘောကပ္ပတိန် ကိုဇော်မင်းထက်က သင်္ဘောဝမ်းဗိုက်အတွင်းသို့ ဝင်ရန် အဆိုပါ လူဝင်ပေါက်အဖုံး (Manhole) ကို ဖွင့်လှစ်လိုက်သည့် ခဏ၌ပင် အတွင်းမှ ထွက်ပေါ်လာသည့် ပြင်းထန်သော အဆိပ်ငွေ့များကို တိုက်ရိုက်ရှူမိသွားခဲ့သဖြင့် ချက်ချင်းခန္ဓာကိုယ် ပျော့ခွေကာ အပေါက်ထဲသို့ လဲကျပြုတ်ကျသွားခဲ့သည်။
“လူဝင်ပေါက်အဖုံးကို ဖွင့်လိုက်တာနဲ့ သင်္ဘောကပ္ပတိန် ဟာ အထဲမှာ အနည်ထိုင် ပိတ်လှောင်နေတဲ့ ဂတ်စ်အဆိပ်ငွေ့တွေကို ရှူမိပြီး အပေါက်ထဲကို ချက်ချင်း လဲကျသွားခဲ့တာ ဖြစ်ပါတယ်”ဟု အင်ဒိုနီးရှားရဲတပ်ဖွဲ့၊ ကာလီမန်တန်တောင်ပိုင်းရဲတပ်ဖွဲ့၏ ပြန်ကြားရေးအရာရှိချုပ် Adam Erwindi က အတည်ပြု ပြောကြားသည်။
ထိုသို့ သင်္ဘောကပ္ပတိန် ကိုဇော်မင်းထက် အပေါက်ထဲသို့ ပြုတ်ကျသွားသည်ကို မြင်တွေ့လိုက်ရသည့် ကျန်သင်္ဘောသား ၃ ဦးဖြစ်ကြသော မြန်မာနိုင်ငံသား ကိုသူရဇော် (အသက် ၃၈ နှစ်)၊ ကိုဟန်ထူးအောင် ( အသက် ၂၈ နှစ်) နှင့် အိန္ဒိယနိုင်ငံသား (အသက် ၂၇ နှစ်) တို့က သင်္ဘော ကပ္ပတိန်ကိုဇော်မင်းထက်ကို ကယ်ဆယ်ရန်အတွက် ချက်ချင်းဆိုသလို တုံ့ပြန်ဆောင်ရွက်ခဲ့ကြသည်။
သို့သော်လည်း ကယ်ဆယ်ရေးလုပ်ဆောင်မည့် သင်္ဘောသာများက အပေါက်ဝမျက်နှာပြင်တွင် အဆိပ်ငွေ့များ လေထုထဲသို့ အငွေ့ပျံထွက်ပေါ်နေဆဲဖြစ်သည်ကို သတိမပြုမိဘဲ ဝင်ရောက်ဆွဲခေါ်ရန် ကြိုးပမ်းခဲ့ကြသဖြင့် အဆိပ်ငွေ့ကို ထပ်မံရှူမိကာ ကယ်ဆယ်ရေးလုပ်မည့် သင်္ဘောသား ၃ ဦးစလုံးပါ ချက်ချင်း ပျော့ခွေပြီး အပေါက်ထဲသို့ တစ်ယောက်ပြီးတစ်ယောက် ထပ်မံလဲကျသွားခဲ့ရကြောင်း သိရှိရသည်။
“အဖြစ်ဆိုးတာက တခြားအဖွဲ့ဝင်တွေရဲ့ ကယ်ဆယ်ရေးလုပ်ရပ်ဟာ Reflex (ချက်ချင်း တုံ့ပြန်ပြီး ဝိုင်းကူကြရာကနေ) အသက်အန္တရာယ် ဖြစ်သွားခဲ့ရတာပါ။ ဘေးကနေ မြင်လိုက်တဲ့ သင်္ဘောသားတွေက လှမ်းကူဖို့ ကြိုးစားပေမယ့် အဆိပ်ငွေ့ကို ရှူမိပြီး သူတို့ပါ အပေါက်ထဲ ထပ်ပြုတ်ကျသွားခဲ့ရပါတယ်”ဟု အင်ဒိုနီးရှားရဲတပ်ဖွဲ့ တာဝန်ရှိသူက ဆက်လက်ရှင်းပြသည်။
ယင်းဖြစ်စဉ် ဖြစ်ပွားပြီးနောက် ရှာဖွေကယ်ဆယ်ရေးအဖွဲ့ နှင့် ရေကြောင်းရဲတပ်ဖွဲ့ (Polairud) တို့ ပူးပေါင်းကာ သေဆုံးသူများ၏ ရုပ်အလောင်းများကို ဆယ်ယူနိုင်ရန် ကြိုးပမ်းခဲ့ကြကြောင်း၊ အဆိုပါ အလုံပိတ်အခန်း Manhole အတွင်း အဆိပ်ငွေ့သိပ်သည်းဆ လွန်စွာမြင့်မားနေသေးသဖြင့် ကယ်ဆယ်ရေးသမားများအတွက် အန္တရာယ်အလွန်ကြီးမားသောကြောင့် အထူးသတိထားပြီး ၆ နာရီနီးပါးကြာ ခက်ခဲစွာ စွန့်စားဆောင်ရွက်ခဲ့ရကာ မေလ ၇ ရက်နေ့ နံနက် ၁ နာရီဝန်းကျင်မှ သင်္ဘောသား ၄ ဦးစလုံး၏ ရုပ်အလောင်းများကို သေဆုံးလျက်ဖြင့်သာ ပြန်လည်ဆယ်ယူနိုင်ခဲ့ကြောင်း သိရှိရသည်။
ပဏာမ စုံစမ်းစစ်ဆေးချက်များအရ ကုန်တင်တွဲ သင်္ဘော ဝမ်းဗိုက်အတွင်းပိုင်း ကို ပြုပြင်ရန် ပြင်ဆင်နေစဉ် အလုံပိတ်နေရာ (Confined Space) အတွင်း အောက်ဆီဂျင် လုံးဝပြတ်တောက်နေခြင်းနှင့် စုပုံနေသည့် ဂတ်စ်အဆိပ်ငွေ့များကို ရှူမိခြင်းတို့ကြောင့် ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် သေဆုံးသူ ၄ ဦးစလုံး၏ ရုပ်အလောင်းများကို ရင်ခွဲစစ်ဆေးကာ သက်ဆိုင်ရာ နိုင်ငံများထံသို့ ပို့ဆောင်လိုက်ကြောင်း၊ မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ မေလ ၂၄ ရက်နေ့ မြန်မာသင်္ဘောသား ၃ ဦးစလုံး၏ ရုပ်အလောင်းများ ရောက်ရှိသွားပြီဖြစ်ကြောင်း သိရှိရသည်။




