ရန်ကုန်၊ မေ ၂၇
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က အသေခံဒရုန်းဖြင့် တိုက်ခိုက်ခြင်းကြောင့် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ မေလ ၂၇ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ တက်လာသော အသေခံဒရုန်းများသည် ချောင်းဦးမြို့နယ် အနောက်ခြမ်းရှိ ကျေးရွာများကို ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှု အတွင်း ကျေးရွာနေ ပြည်သူ ကလေးငယ် ၁ ဦးနှင့် အမျိုးသမီး ၁ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၃ ဦးလည်းရှိကြောင်း သိရှိရသည်။
“နမခ ကနေ တက်လာတဲ့ စစ်ခွေးတွေရဲ့ အသေခံဒရုန်းတွေက ချောင်းဦးမြို့နယ် အနောက်ခြမ်းကို လေကြောင်း တိုက်ခိုက်သွားတာ ကလေးငယ် ၁ ဦးနဲ့ အမျိုးသမီး ၁ ဦး သေဆုံးပြီး ပြည်သူ ၃ ဦးလည်းထိခိုက်ဒဏ်ရာရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အလားတူ မေလ ၂၅ ရက်နေ့ကလည်း ချောင်းဦးမြို့ပေါ်၌ အခြေစိုက်ထားသော စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျေးရွာများသို့ ၁၂၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းကြောင့် ကျီကုန်းကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်တစ်လုံးမှ လူကြီး ၂ ဦးနှင့် ကလေးငယ် ၂ ဦး၊ စုစုပေါင်း အမျိုးသမီး ၄ ဦး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကာ ၎င်းတို့အနက် လူကြီးတစ်ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။
ထို့ပြင် ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ချောင်းဂွရွာကိုလည်း အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ်တချို့ ပျက်စီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ မေလ ၂၇ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် အုတ်ဖိုမြို့နယ်၊ ချောင်းဂွကျေးရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ၄ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုဗုံးကျဲ တိုက်ခိုက်မှု အတွင်း ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရကာ နေအိမ်တချို့ပျက်စီးခဲ့ကြောင်း သိရသည်။
“ဒီနေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်မှာ လေယဉ်နဲ့ ဗုံး ၄ လုံး ကျဲချ တိုက်ခိုက်သွားတာ ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ်တချို့ ပျက်စီးသွားတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ထို့အတူ မေလ ၂၃ ရက်နေ့ မွန်းလွဲပိုင်းတွင် အကြမ်းဖက် စစ်တပ်က သရက်နှစ်ဖျားလိန်ရွာ စာသင်ကျောင်းကို လေယာဉ်ဖြင့် ၆ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထို လေကြောင်းတိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုမရှိသော်လည်း ကျောင်းဆောင်တစ်ခုလုံး ပျက်စီးခဲ့ကြောင်း သိရသည်။




