26 C
Yangon

မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးသံတမန် ဂျူလီဘစ်ရှော့ပ်၏ မြန်မာ့အရေး နှုတ်ဆိတ်နေမှု ကမ္ဘာက မြန်မာနိုင်ငံကိုမေ့လျော့သွားစေရန် လုပ်ဆောင်နေမှုအဖြစ် ဝေဖန်

Must read

ရန်ကုန်၊ မေ ၂၇

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီဂူတာရက်၏ မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးသံတမန် ဂျူလီဘစ်ရှော့ပ်၏ မြန်မာ့အရေး နှုတ်ဆိတ်နေမှု ကမ္ဘာက မြန်မာနိုင်ငံကိုမေ့လျော့သွားစေရန် လုပ်ဆောင်နေမှုအဖြစ် မြန်မာ့အရေးလှုပ်ရှားဆောင်ရွက်နေသူများက ဝေဖန်လိုက်သည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန်အဖြစ် တာဝန်ယူထားသည့် ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဂျူလီ ဘစ်ရှော့ပ် (Julie Bishop) သည် ၂၀၂၅ ခုနှစ် ဇွန်လနှင့်စက်တင်ဘာလအတွင်း မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ အထွေထွေပြဿနာများကို ကုလသမဂ္ဂတွင် လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက်ပိုင်း ဘာမှ ထပ်မပြောတော့ဘဲ နှုတ်ဆိတ်နေခဲ့သည်။

လွန်ခဲ့သည့် တစ်နှစ်နီးပါးခန့် ကုလသမဂ္ဂ အထူးသံတမန် ဂျူလီ ဘစ်ရှော့ပ်သည် ၎င်းကြီးကြပ်နေရသည့် အရှေ့ တောင်အာရှနိုင်ငံဖြစ်သော မြန်မာနိုင်ငံ၏ ဆိုးရွားလှသည့် အခြေအနေများကို အကဲဖြတ်တင်ပြရာတွင် ပဋိပက္ခဖြစ်ပွားနေသည့် အစုအဖွဲ့များအကြား တိုက်ပွဲများနှင့် လူသားချင်းစာနာမှုဆိုင်ရာ ပြဿနာများ ပိုမိုဆိုးရွားလာနေကြောင်း ထောက်ပြခဲ့သည်။

ဂျူလီဘစ်ရှော့ပ်အနေဖြင့် ၂၀၂၅ ခုနှစ် ဇွန်လက ကုလသမဂ္ဂ အထွေထွေညီလာခံသို့ အစီရင်ခံစာ တင်ပြခဲ့ပြီးနောက်ပိုင်း မြန်မာနိုင်ငံ၏ လူသားချင်းစာနာမှုနှင့် နိုင်ငံရေးအခြေအနေများမှာ တိုးတက်ပြောင်းလဲလာခြင်း မရှိသေးပေ။

အလားတူပင် ၂၀၂၅ ခုနှစ် စက်တင်ဘာလတုန်းက “မြန်မာနိုင်ငံ၏ ဘက်ပေါင်းစုံ အကျပ်အတည်းများသည် ချက်ချင်းအာရုံစိုက်မှုနှင့် အရေးတကြီး အရေးယူဆောင်ရွက်မှုများ လိုအပ်နေသည်” ဟု ရိုဟင်ဂျာမွတ်စလင်များနှင့် အခြားလူနည်းစုများအရေးကို ရည်ညွှန်း၍ အထွေထွေညီလာခံတွင် ၎င်းက အလေးအနက် ပြောကြားခဲ့သော်လည်း အခြေအနေများမှာ သက်သာလာခြင်း မရှိသေးပါ။

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် အပြင်းအထန် ငတ်မွတ်ခေါင်းပါးမှုဒဏ်ကို လက်ရှိရင်ဆိုင်နေရသည့် ကုလသမဂ္ဂက သတ်မှတ်ထားသော နိုင်ငံ ၁၀ နိုင်ငံစာရင်းတွင် ပါဝင်နေသည်။

အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းနေထိုင်သူများအဖွဲ့ (IOM) ၏ ယခုနှစ် ဧပြီလထုတ်ပြန်ချက်အရ အန်ဒမန်ပင်လယ် (ကပ္ပလီပင်လယ်) အတွင်း ရိုဟင်ဂျာဒုက္ခသည်အများစု လိုက်ပါလာသည့် လှေတစ်စင်း တိမ်းမှောက်မှုကြောင့် လူပေါင်း ၂၅၀ ခန့် သေဆုံးခဲ့ရသည်။

ထို့ပြင် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ အချက်အလက်များအရ ၂၀၂၅ ခုနှစ်အတွင်း၌လည်း ရိုဟင်ဂျာ ၄၂၇ ဦး ပင်လယ်ပြင်တွင် သေဆုံးခဲ့ရသည်။ မြန်မာစစ်တပ်၏ လူမျိုးစုအလိုက် ရှင်းလင်းဖယ်ရှားမှု (Ethnic Cleansing) ဟု သတ်မှတ်ခြင်းခံထားရသည့် နိုင်ငံရေးအရ ဖိနှိပ်ညှဉ်းပန်းမှုများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရသည့် ရိုဟင်ဂျာဦးရေမှာ ၇၃၀,၀၀၀ ကျော် ရှိနေပြီ ဖြစ်သည်။

မြန်မာစစ်တပ်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီတို့ ဦးဆောင်သည့် ရွေးကောက်ခံအစိုးရကို ဖြုတ်ချကာ မင်းအောင်လှိုင် ဦးဆောင်၍ အာဏာသိမ်းယူခဲ့သည်။

နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် ဖမ်းဆီးခြင်းခံခဲ့ရပြီးနောက် နိုင်ငံရေးအရ ရည်ရွယ်ချက်ရှိရှိ စွဲဆိုထားသည်ဟု ကမ္ဘာတစ်ဝန်းက ရှုတ်ချထားသည့် အမှုများဖြင့် ထောင်ဒဏ် ဆယ်စုနှစ်ပေါင်းများစွာ ချမှတ်ခြင်းခံခဲ့ရသည်။ လက်ရှိတွင် ၎င်းအား မြန်မာအာဏာပိုင်များက “သတ်မှတ်ထားသော နေရာ” ဟု ခေါ်ဆိုသည့် နေရာတစ်ခုတွင် ထိန်းသိမ်းထားသည်။

လက်ရှိ မြန်မာနိုင်ငံအတွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသည့် ပြည်တွင်းဒုက္ခသည် (IDP) ဦးရေမှာ ၃ ဒသမ ၆ သန်းနီးပါး ရှိနေပြီး၊ လူဦးရေ သန်း ၂၀ ခန့်မှာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ လိုအပ်လျက်ရှိသည်။ ၂၀၂၅ ခုနှစ်အတွင်း စစ်ကောင် စီ၏ လေကြောင်းလိုင်း တိုက်ခိုက်မှုများကြောင့် အရပ်သား အနည်းဆုံး ၉၈၂ ဦး သေဆုံးခဲ့ရပြီး၊ ယင်းမှာ ယခင်နှစ်ထက် ၅၃ ရာခိုင်နှုန်းအထိ သိသိသာသာ မြင့်တက်လာခြင်း ဖြစ်သည်။

ယင်းအပြင် အနည်းဆုံး ကလေးငယ် ၂၈၇ ဦး သေဆုံးခဲ့ရသဖြင့် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကလေးငယ်များအတွက် သေဆုံးမှုအများဆုံး စိုးရိမ်စရာ နှစ်တစ်နှစ် ဖြစ်ခဲ့သည်။

မြန်မာ့အရေးကို အနီးကပ်စောင့်ကြည့်နေသည့် ကုလသမဂ္ဂ ပြန်ကြားရေးအရာရှိဟောင်းနှင့် NGO အဖွဲ့အစည်းတစ်ခုဖြစ်သော “မြန်မာနိုင်ငံ တာဝန်ခံမှုရှိရေး စီမံချက်” (Myanmar Accountability Project) ၏ အကြီးအကဲ ခရစ် ဂန်းနက်စ် (Chris Gunness) က ဂျူလီ ဘစ်ရှော့ပ်၏ ကာလရှည်ကြာ နှုတ်ဆိတ်နေမှုများသည် မြန်မာ့အရေးကို ကမ္ဘာ့အာရုံစိုက်မှုအပြင်ဘက်သို့ ရောက်ရှိမှေးမှိန်သွားစေရန် လမ်းဖွင့်ပေးလိုက်သလို ဖြစ်နေကြောင်း ဝေဖန်ခဲ့သည်။

ပုံမှန်အားဖြင့် ကုလသမဂ္ဂ အထူးသံတမန်များအနေဖြင့် မိမိတို့ တာဝန်ယူထားရသည့် ကိစ္စရပ်များကို ကမ္ဘာက အမြဲတစေ သတိပြုမိနေစေရန် ရှေ့တန်းတွင် ထားရှိရမည်ဖြစ်ပြီး ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများကိုလည်း အဆိုပါနိုင်ငံ၏ နိုင်ငံရေးနှင့် အခြားပြဿနာရပ်များနှင့် ပတ်သက်၍ အမြဲတမ်း အခြေအနေ နောက်ဆုံးရသတင်းများ ပေးပို့နေရမည် ဖြစ်သည်။

“သူမ (ဂျူလီ ဘစ်ရှော့ပ်) အနေနဲ့ ဒီလောက်အထိ အချိန်အကြာကြီး ဘာမှမပြောဘဲ နေနေတာကတင် အများကြီး အဓိပ္ပာယ်သက်ရောက်နေပါတယ်။ သူမရဲ့ အခန်းကဏ္ဍဟာ လုံးဝဥဿုံ ကျရှုံးနေတယ်ဆိုတဲ့ အချက်ကလွဲလို့ တခြား ဘာမှ ကောက်ချက်ချစရာ မရှိပါဘူး” ဟု ခရစ် ဂန်းနက်စ်က ပြောကြားသည်။

ဂျူလီ ဘစ်ရှော့ပ်ကို ခန့်အပ်ခဲ့သည့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်၏ ပြောခွင့်ရပုဂ္ဂိုလ် စတီဖန် ဒူဂျာရစ် (Stéphane Dujarric) ကမူ မေလ ၂၂ ရက်နေ့တွင် PassBlue သတင်းဌာနသို့ အီးမေးလ်မှတစ်ဆင့် တုံ့ပြန်ရာ၌ အထူးသံတမန်အနေဖြင့် မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုများအပေါ် ဩဇာသက် ရောက်မှုရှိသည့် အစုအဖွဲ့များအပါအဝင် သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးနှင့် ဆက်သွယ်ညှိနှိုင်းမှုများ ပြုလုပ်နေကြောင်း၊ လာမည့် ၂၀၂၆ ခုနှစ် ဇွန်လအတွင်း ကုလသမဂ္ဂ အထွေထွေညီလာခံတွင် လူသိရှင်ကြား လာရောက် အစီရင်ခံ ရှင်းလင်းမည်ဖြစ်ကြောင်း ပြောဆိုထားသည်။

ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဂျူလီ ဘစ်ရှော့ပ်ကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ၂၀၂၄ ခုနှစ် ဧပြီလတွင် ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။

ယခုနှစ်အစောပိုင်းက လုံခြုံရေးကောင်စီနှင့် သီးသန့်တံခါးပိတ်အစည်းအဝေး ပြုလုပ်ခဲ့သည်မှလွဲ၍ သူမအနေ ဖြင့် မြန်မာ့အရေးနှင့် ပတ်သက်ပြီး လုံခြုံရေးကောင်စီတွင် လူသိရှင်ကြား တစ်စုံတစ်ရာ ပြောဆိုခဲ့ခြင်း မရှိပေ။ ထိုအတောအတွင်း လုံခြုံရေးကောင်စီသည် မြန်မာ့အရေးနှင့် ပတ်သက်၍ အနည်းဆုံး ၃ ကြိမ်ထက်မနည်း ဆက်လက် အစည်းအဝေး ကျင်းပခဲ့ပြီး ဖြစ်သည်။

ဂျူလီ ဘစ်ရှော့ပ်သည် မကြာသေးမီကပင် အုပ်ချုပ်ရေးဆိုင်ရာ အငြင်းပွားမှုတစ်ခုကြောင့် ဩစတြေးလျ အမျိုး သားတက္ကသိုလ် (ANU) ၏ အဓိပတိ (Chancellor) ရာထူးမှ နှုတ်ထွက်ခဲ့သည်။ ထို့အပြင် အရပ်ဘက်အဖွဲ့အစည်းများကလည်း သူမအား ကိုယ်ကျိုးစီးပွား ပဋိပက္ခဖြစ်ထွန်းမှု (Conflict of Interest) ဆိုင်ရာ ကိစ္စရပ်များဖြင့် စွပ်စွဲထားကြသဖြင့် ကုလသမဂ္ဂတွင် ၎င်း၏ အခန်းကဏ္ဍမှာ ပိုမိုရှုပ်ထွေးလာနေပြီး ဂုဏ်သိက္ခာ ကျဆင်းစေခဲ့သည်။

အဆိုပါကိစ္စရပ်များနှင့် ပတ်သက်၍ PassBlue ၏ ကုလသမဂ္ဂ အီးမေးလ်အကောင့်မှတစ်ဆင့် ဆက်သွယ်မေးမြန်းမှုအပေါ် ဂျူလီ ဘစ်ရှော့ပ်ဘက်က တစ်စုံတစ်ရာ ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

လွန်ခဲ့သည့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် သူမသည် ၎င်း၏ ကိုယ်ပိုင်ကုမ္ပဏီဖြစ်သော Julie Bishop and Partners မှတစ်ဆင့် အက်တမ် (ETM) ဟု ခေါ်သည့် ဩစတြေးလျ သတ္တုတူးဖော်ရေးကုမ္ပဏီတစ်ခုတွင် လခစား အကြံပေးအရာရှိအဖြစ် တာဝန်ယူခဲ့သည်။

ETM ကုမ္ပဏီ၏ အဓိက အစုရှယ်ယာရှင် ပါတနာမှာ ရှန်းဟီ ရစ်ဆိုးစ် (Shenghe Resources) ဟုခေါ်သည့် တရုတ်အစိုးရတစ်ပိုင်းပိုင် ကုမ္ပဏီတစ်ခုဖြစ်ပြီး ၎င်းသည် ETM ၏ အဓိက သတ္တုတူးဖော်ရေး စီမံကိန်း၏ ရှယ်ယာ ၆၀ ရာခိုင်နှုန်းအထိ ဝယ်ယူပိုင်ဆိုင်ခွင့် ရှိထားသည်။

တရုတ်နိုင်ငံသည် မြန်မာစစ်တပ်၏ အဓိက လက်နက်ထောက်ပံ့ရာ နိုင်ငံဖြစ်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင်လည်း စစ်ကောင်စီအတွက် သံတမန်ရေးအရ အကာအကွယ်ပေးနေသည့် နိုင်ငံဖြစ်ကြောင်း ကျွမ်းကျင်သူများက ထောက်ပြကြသည်။

ထို့ပြင် ရှန်းဟီကုမ္ပဏီသည် မြန်မာနိုင်ငံအတွင်းရှိ ရှားပါးမြေဒြပ်စင် (Rare-earth) သတ္တုတူးဖော်ရေး လုပ်ငန်းများနှင့်လည်း ဆက်စပ်နေပြီး ယင်းလုပ်ငန်းများသည် စစ်တပ်အတွက် ဝင်ငွေများ ရှာဖွေပေးနေသည်ဟု ဝေဖန်သူများက ဆိုကြသည်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ပြောခွင့်ရပုဂ္ဂိုလ် စတီဖန် ဒူဂျာရစ်ကမူ “အထူးသံတမန်အနေနဲ့ ကုလသမဂ္ဂရဲ့ ကျင့်ဝတ်ဆိုင်ရာနဲ့ စည်းမျဉ်းစည်း ကမ်းဆိုင်ရာ သတ်မှတ်ချက်အားလုံးကို လိုက်နာစောင့်ထိန်းထားပါတယ်။ ဘာပြသွနာမျှ ရှိမနေပါဘူး” ဟု ကာကွယ်ပြောဆိုထားသည်။

သို့သော်လည်း ၂၀၂၅ ခုနှစ် မတ်လအတွင်းက အရပ်ဘက်အဖွဲ့အစည်း ၄ ဖွဲ့က ကုလသမဂ္ဂ၏ ပြည်တွင်းစောင့်ကြည့် စစ်ဆေးရေး အဖွဲ့အစည်းထံသို့ တရားဝင် တိုင်ကြားစာတစ်စောင် ပေးပို့ခဲ့ပြီး၊ အတွင်းရေးမှူးချုပ် ဂူတာရက်စ်ထံသို့လည်း မိတ္တူပေးပို့ကာ စုံစမ်းစစ်ဆေးပေးရန် တောင်းဆိုခဲ့ကြသည်။

“အတွင်းရေးမှူးချုပ်အနေနဲ့ တောင်းဆိုချက်တွေကို ဆက်ပြီး လျစ်လျူရှုမထားသင့်ပါဘူး။ ပိုမိုဆိုးရွားလာနေတဲ့ မြန်မာ့အကြပ်အတည်းရဲ့ တာဝန်ဝတ္တရားတွေကို သတ္တုတူးဖော်ရေး လော်ဘီသမားတစ်ယောက်ရဲ့ လက်ထဲကို ပုံချမထားသင့်ပါဘူး။ ဒါဟာ မြန်မာပြည်သူတွေရဲ့ ဆင်းရဲဒုက္ခတွေကို ပိုပြီး အချိန်ဆွဲနေသလို ဖြစ်စေပါတယ်” ဟု Progressive Voice အမည်ရှိ အကျိုးဆောင်အဖွဲ့၏ ခေါင်းဆောင် မခင်ဥမ္မာက ပြောကြားသည်။

ဂျူလီ ဘစ်ရှော့ပ်သည် စစ်ကောင်စီက အရပ်သားအစိုးရဟု အမည်တပ်ထားသည့် အစိုးရအဖွဲ့ ဖွဲ့စည်းပြီးနောက်ပိုင်း မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ်အဖြစ် သွားရောက်လည်ပတ်ရန် စီစဉ်ထားသည်။ စစ်ကောင်စီဘက်က နိုင်ငံတကာ၏ အသိအမှတ်ပြုမှုရရှိရန် ကြိုးပမ်းနေသည့် အချိန်နှင့် တိုက်ဆိုင်နေသော်လည်း ခရီးစဉ်သွားမည့် ရက်စွဲအတိအကျကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

အကယ်၍ ခရီးစဉ် ဖြစ်မြောက်ခဲ့ပါက သူမအနေဖြင့် ကုလသမဂ္ဂ အထူးသံတမန်အဖြစ် ခန့်အပ်ခံရပြီးနောက် မြန်မာနိုင်ငံသို့ စတုတ္ထအကြိမ်မြောက် သွားရောက်ခြင်း ဖြစ်လာမည်ဖြစ်သည်။ ဝေဖန်သူများကမူ ၎င်း၏ စစ်ကောင်စီထံ သွားရောက်သည့် ခရီးစဉ်များသည် စစ်ကောင်စီ၏ တရားဝင်မှုကို အသိအမှတ်ပြုရာ ရောက်စေလိမ့်မည်ဟု ထောက်ပြကြသည်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရှိသူ ဒူဂျာရစ်ကမူ အထူးကိုယ်စားလှယ်၏ ခရီးစဉ်သည် မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးနှင့် ဆက်လက်ဆွေးနွေးရန် အတွင်းရေးမှူးချုပ်၏ တောင်းဆိုချက်နှင့် ကိုက်ညီမှုရှိကြောင်း ပြောဆိုသည်။

ခရစ် ဂန်းနက်စ်ကမူ ဂျူလီ ဘစ်ရှော့ပ်၏ စစ်တပ်အုပ်ချုပ်ရာ နိုင်ငံသို့ သွားရောက်သည့် ခရီးစဉ်များသည် အချိန်အခါ မပြတ်သားဘဲ ဆိုးကျိုးကိုသာ ဖြစ်ထွန်းစေကြောင်း သုံးသပ်ထားသည်။

“သူမဟာ စစ်တပ်ရဲ့ အသုံးချခြင်းကို ခံလိုက်ရသလို ဖြစ်နေပါတယ်။ လူအများစုက ဒါဟာ လုံးဝ မသင့်တော်ဘူးလို့ ခံစားရပြီး ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်တွေကိုပါ နောက်ဆုတ်သွားစေခဲ့ပါတယ်” ဟု ၎င်းက မှတ်ချက်ပြုသည်။

( PassBlue တွင် မေလ ၂၅ ရက်နေ့ ဖော်ပြထားသော Where Is the UN’s Envoy to Myanmar? ကို ဆီလျှော်အောင် ပြန်လည် ဘာသာပြန်ဆို သတင်းဖော်ပြထားခြင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article