26 C
Yangon

အိန္ဒိယက အကြမ်းဖက် မင်းအောင်လှိုင်ကို လက်ခံတွေ့ဆုံခဲ့မှုအပေါ် ဒေါ်အောင်ဆန်းစုကြည်၏သား ကိုထိန်လင်း(ခ) ကင်မ်အဲရစ်က စိတ်ပျက်မိပြီး နိုင်ငံတကာအနေဖြင့် စိုးရိမ်ကြောင်း ပြောဆိုရုံထက် လက်တွေ့ ကျသည့် အရေးယူဆောင်ရွက်မှု လုပ်ရန် တိုက်တွန်း

Must read

ရန်ကုန်၊ ဇွန် ၅

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် ဝတ်စုံလဲကာ သမ္မတအဖြစ် တာဝန်ယူထားသည့် မင်းအောင်လှိုင်ကို အိန္ဒိယနိုင်ငံက နွေးထွေးစွာ ဧည့်ခံကြိုဆိုခဲ့သည့်အပေါ် ဒေါ်အောင်ဆန်းစုကြည်၏သားဖြစ်သူ ကိုထိန်လင်း(ခ) ကင်မ်အဲရစ် (Kim Aris) က အလွန်စိတ်ပျက်မိကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။

ထို့ပြင် ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံဖြစ်သည့် အိန္ဒိယအနေဖြင့် လူ့အခွင့်အရေးနှင့် တရားမျှတမှုဘက်မှ ခိုင်ခိုင်မာမာ ရပ်တည်ပေးရန် သူက တောင်းဆိုလိုက်သည်။ အသက် ၄၉ နှစ်အရွယ်ရှိပြီဖြစ်သည့် ကင်အဲရစ်သည် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုအတွင်း ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် ၎င်း၏မိခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် လှုပ်ရှားဆောင်ရွက်နေသူဖြစ်သည်။

ကိုထိန်လင်းက The Independent သတင်းဌာနသို့ ပြောကြားရာတွင် မြန်မာပြည်သူများ သွေးထွက်သံယိုဖြစ်ပွားနေသည့် ပြည်တွင်းစစ်ဒဏ်ကို ခံစားနေရချိန်တွင် အိန္ဒိယအနေဖြင့် စစ်ကောင်စီအား မည်သည့်နည်းနှင့်မျှ တရားဝင်မှုမပေးသင့်ကြောင်း၊ ဒေသတွင်းတည်ငြိမ်မှုကို ပြည်သူများ၏ ဆင်းရဲဒုက္ခများပေါ်တွင် တည် ဆောက်၍မရနိုင်ကြောင်း ထောက်ပြသည်။

မြန်မာ့ငြိမ်းချမ်းရေးအတွက် ပထမဆုံးခြေလှမ်းမှာ မိခင်ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လည်လွှတ်ပေးရန်ဖြစ်ပြီး၊ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုရုံထက်ကျော်လွန်ကာ လက်တွေ့ကျသည့် အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရန် လိုအပ်နေပြီဖြစ်ကြောင်း သူက အလေးအနက် တိုက်တွန်းသည်။

မင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်နှင့် ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး အက်စ် ဂျေရှန်ကာ (S Jaishankar) ထံ ကန့်ကွက်လွှာ ပေးပို့ခဲ့သည်။ ပြည်သူများက လုံးဝလက်မခံသည့် စစ်ကောင်စီခေါင်းဆောင်ပိုင်းကို အသိအမှတ်ပြုသလိုဖြစ်စေမည့် ထိတွေ့ဆက်ဆံမှုမျိုးကို ရှောင်ကြဉ်ရန် NUG က တောင်းဆိုထားသည်။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနကမူ ဝန်ကြီးချုပ် နာရင်ဒရာမိုဒီနှင့် မင်းအောင်လှိုင်တို့ တွေ့ဆုံစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည် အဖမ်းခံထားရသည့် ကိစ္စကို ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သတင်းထုတ်ပြန်သည်။ ထိုသို့ဆွေးနွေးရာတွင် မြန်မာ့ပြည်တွင်းစစ်ကို အဆုံးသတ်နိုင်ရေး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၌ သက်ဆိုင်သူအားလုံး ပါဝင်ခွင့်ရရှိရေးကို ဦးတည်ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန် ဗစ်ကရမ် မစ်ဆရီ (Vikram Misri) က ရှင်းပြခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် လာမည့် ဇွန်လ ၁၉ ရက်နေ့တွင် အသက် ၈၁ နှစ် ပြည့်တော့မည်ဖြစ်ပြီး ကျန်း မာရေးပြဿနာအချို့နှင့် ရင်ဆိုင်နေရသည်။ ၎င်းကို အာဏာသိမ်းပြီးကတည်းက ပုဒ်မမျိုးစုံဖြင့် ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခဲ့သော်လည်း ယခုနှစ်အတွင်း အကျဉ်းထောင်မှ နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့ခဲ့ကာ ပြစ်ဒဏ်ကိုလည်း ၁၈ နှစ်သို့ လျှော့ပေါ့ပေးခဲ့သည်။

သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည်ကို လူမြင်ကွင်းတွင် မတွေ့ရသည်မှာ နှစ်ချီကြာမြင့်နေပြီဖြစ်ပြီး ရှေ့နေများ၊ မိသားစုဝင်များနှင့်လည်း တွေ့ဆုံခွင့်မရရှိပေ။

ကိုထိန်လင်း(ခ) ကင်မ်အဲရစ်သည်လည်း မိခင်ဖြစ်သူနှင့် တိုက်ရိုက်စာဆက်သွယ်ခွင့်မရသည်မှာ ၃ နှစ်ခန့် ရှိပြီဖြစ်သောကြောင့် ၎င်း၏မိခင် သက်ရှိထင်ရှားရှိကြောင်း အထောက်အထားပြရန် (Proof of Life) လှုပ်ရှားမှုတစ်ရပ်ကို စတင်လုပ်ဆောင်နေသည်။ ထို့ပြင် ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အထိမ်းအမှတ်အဖြစ် လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း သို့မဟုတ် အပြေးလှုပ်ရှားမှုများပြုလုပ်ကာ ဝန်းရံပေးကြရန် ပြည်သူများကို တောင်းဆိုထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article