26 C
Yangon

မြန်မာနိုင်ငံတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုကို စစ်သင်တန်းပေးမှုဖြင့် ဖမ်းဆီးထားသော ယူကရိန်းနိုင်ငံသား ၆ ဦးနှင့် အမေရိကန်နိုင်ငံသား ၁ ဦးတို့ကို ဆက်လက်စုံစမ်းစစ်ဆေးရန်အတွက် အိန္ဒိယတရားရုံးက သက်တမ်းတိုး ဖမ်းဆီး ထိန်းသိမ်းခွင့်ပြု

Must read

ရန်ကုန်၊ ဇွန် ၅

မြန်မာနိုင်ငံတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုကို စစ်သင်တန်းပေးမှုဖြင့် ဖမ်းဆီးထားသော ယူကရိန်းနိုင်ငံသား ၆ ဦးနှင့် အမေရိကန်နိုင်ငံသား ၁ ဦးတို့ကို ဆက်လက်စုံစမ်းစစ်ဆေးရန်အတွက် အိန္ဒိယတရားရုံးက ရက်ပေါင်း ၉၀ ထပ်မံဖမ်းဆီး ထိန်းသိမ်းထားရန် ခွင့်ပြုလိုက်ကြောင်း အိန္ဒိယမှ လာသော သတင်းများအရ သိရှိရသည်။

ယူကရိန်းနိုင်ငံသား ၆ ဦးနှင့် အမေရိကန်နိုင်ငံသား ၁ ဦးတို့ကို မတရားအသင်းအဖွဲ့များ ကာကွယ်တားဆီးရေးဥပဒေ ဖြင့် တရားစွဲဆိုထားသည့်အမှုတွင် အိန္ဒိယ အမျိုးသားစုံစမ်းစစ်ဆေးရေးအေဂျင်စီ (NIA) ၏ စုံစမ်းစစ်ဆေးမှုကာလကို ရက်ပေါင်း ၉၀ ထပ်မံတိုးမြှင့်ပေးရန် အိန္ဒိယ အထူးတရားရုံးက ကြာသပတေးနေ့တွင် ခွင့်ပြုမိန့်ပေးလိုက်သည်။ ထို့ပြင် ဖမ်းဆီးခြင်းခံထားရသူများ၏ ချုပ်ရက်ကိုလည်း ဇူလိုင်လ ၃ ရက်နေ့အထိ ရက်ပေါင်း ၃၀ ထပ်မံတိုးမြှင့်လိုက်သည်။

တရားခံများအဖြစ် သတ်မှတ်ခံထားရသူများမှာ အမေရိကန်နိုင်ငံသား မက်သရူး အာရွန် ဗန် ဒိုက် (Matthew Aaron Van Dyke) နှင့် ယူကရိန်းနိုင်ငံသားများဖြစ်ကြသည့် ဟာဘာ ပီထရို (Hurba Petro)၊ စလဗီယက် တာရက်စ် (Slyviak Taras)၊ အိုင်ဗန် ဆွတ်ခ်မန်နော့ဗ်စကီး (Ivan Sukmanovskyi)၊ စတီဖန်ကစ်ဗ် မာရီယန် (Stefankiv Marian)၊ ဟွန်ချာရုခ် မက်ဆင် (Honcharuk Maksim) နှင့် ကာမင့်စကီး ဗစ်တာ (Kaminskyi Viktor) တို့ဖြစ်ပြီး၊ ၎င်းတို့ကို မတ်လ ၁၃ ရက်နေ့က ကော်လ်ကတ္တား၊ လခနောင်းနှင့် နယူးဒေလီမြို့ရှိ လေဆိပ်များတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

၎င်းတို့သည် အိန္ဒိယနိုင်ငံအတွင်းသို့ ကမ္ဘာလှည့်ခရီးသွားဗီဇာဖြင့် ဝင်ရောက်ခဲ့ပြီးနောက်၊ လိုအပ်သည့်စာရွက် စာ တမ်းများမရှိဘဲ မီဇိုရမ်ပြည်နယ်သို့ သွားရောက်ခဲ့ကာ မြန်မာနိုင်ငံအခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တစ်ခုအတွက် ကြိုတင်စီစဉ်ထားသည့် သင်တန်းတစ်ခု ပေးအပ်ရန် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဖြတ်ကျော်ဝင်ရောက်ခဲ့သည်ဟု စွပ်စွဲခံထားရသည်။

အဆိုပါ ရာဇဝတ်မှုပူးပေါင်းကြံစည်မှုသည် အိန္ဒိယတစ်နိုင်ငံလုံးအပြင် ပြည်ပနိုင်ငံများနှင့်ပါ ဆက်နွှယ်နေသဖြင့် ရှုပ်ထွေးမှုများရှိနေပြီး သေချာစွာစုံစမ်းစစ်ဆေးရန် အချိန်ပိုမိုလိုအပ်ကြောင်း NIA က သက်တမ်းတိုးပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။ ကနဦးသတ်မှတ်ထားသည့် ရက်ပေါင်း ၉၀ စုံစမ်းစစ်ဆေးရေးကာလမှာ ဇွန်လ ၁၀ ရက်နေ့တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သော်လည်း ၎င်းကို ရက်ပေါင်း ၁၈၀ အထိ တိုးမြှင့်ခွင့်ရှိသည်။

အထူးတရားရုံး တရားသူကြီး ပရာရှန့် ရှာမား (Prashant Sharma) က ရက်ပေါင်း ၉၀ သက်တမ်းတိုးခွင့်နှင့် ချုပ်ရက်တိုးမြှင့်မှုကို ခွင့်ပြုပေးခဲ့ပြီး၊ လက်ရှိအချိန်အထိ စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်နေဆဲဖြစ်ကြောင်း ပြောကြားသည်။

တရားခံများထံမှ သိမ်းဆည်းရမိထားသည့် ဒီဂျစ်တယ်ပစ္စည်းအမျိုးမျိုးမှ အချက်အလက်များကို ထုတ်ယူစစ် ဆေးသည့် အစီရင်ခံစာများမှာ နယူးဒေလီမြို့ရှိ CERT-In နှင့် CFSL တို့ထံမှ ရရှိရန် စောင့်ဆိုင်းနေရဆဲဖြစ်ပြီး၊ အဆိုပါအစီရင်ခံစာများကို ခွဲခြမ်းစိတ်ဖြာရန်နှင့် တရားခံများနှင့် ဆက်နွှယ်နေသည့် အိန္ဒိယနှင့် ပြည်ပအဖွဲ့အစည်းများကို ရှာဖွေဖော်ထုတ်ရန်အတွက် ချုပ်ရက်သက်တမ်းတိုးမြှင့်ပေးခြင်းမှာ တရားမျှတမှုရှိကြောင်း တရားသူကြီးက ရှင်းလင်းပြောကြားသည်။

တရားခံများဘက်မှ ရှေ့နေကမူ ချုပ်ရက်ကို ရက်ပေါင်း ၃၀ တိုးမြှင့်ရန် ခိုင်လုံသော အကြောင်းပြချက်မရှိကြောင်း ကန့်ကွက်ခဲ့ပြီး၊ အဆိုပါသက်တမ်းတိုးလျှောက်ထားမှုကို ဖမ်းဆီးပြီး ရက်ပေါင်း ၉၀ ပြည့်မြောက်မည့် ဇွန်လ ၁၀ ရက်နေ့တွင် အာမခံလျှောက်ထားမှုနှင့်အတူ ပူးတွဲစဉ်းစားသင့်ကြောင်း လျှောက်လဲခဲ့သည်။

ယခုအခါ စုံစမ်းစစ်ဆေးမှုသည် အရေးကြီးသောအဆင့်သို့ ရောက်ရှိနေပြီး တရားခံများ၏ ပါဝင်ပတ်သက်မှုအခန်းကဏ္ဍများကို စစ်ဆေးနေကြောင်း NIA က ပြောကြားသည်။ စုံစမ်းစစ်ဆေးရေး NIA အေဂျင်စီက အသေးစိတ်ခွဲခြမ်းစိတ်ဖြာရန် လိုအပ်သည့် စက်ပစ္စည်းအမြောက်အမြားကို သိမ်းဆည်းရမိထားပြီး၊ တရားခံများနှင့် ဆက်စပ်နေသည့် ဘဏ်အကောင့်များနှင့် ရန်ပုံငွေရင်းမြစ်အများအပြားကိုလည်း စုံစမ်းဖော်ထုတ်ထားသဖြင့် ကျယ်ပြန့်သော ဘဏ္ဍာရေးဆိုင်ရာ စစ်ဆေးမှုများကို လုပ်ဆောင်ရန် လိုအပ်နေသည်။

ကျယ်ပြန့်သော ပူးပေါင်းကြံစည်မှုများကို ဖော်ထုတ်ရန်နှင့် စုံစမ်းစစ်ဆေးမှုကို အောင်မြင်စွာ အဆုံးသတ်နိုင်ရန်အတွက် ယခုကဲ့သို့ စုံစမ်းစစ်ဆေးရေးကာလကို တိုးမြှင့်ရန် လိုအပ်ခြင်းဖြစ်ကြောင်း အေဂျင်စီက အလေးပေးပြောကြားခဲ့သည်။

ထို့ပြင် တရားခံများကို အာမခံပေးလိုက်ပါက ၎င်းတို့သည် တရားစီရင်ပိုင်ခွင့်နယ်မြေအတွင်းမှ ထွက်ပြေးတိမ်း ရှောင်ခြင်း သို့မဟုတ် သက်သေများကို လိုက်လံနှောင့်ယှက်ခြင်းများ ပြုလုပ်နိုင်ကြောင်းလည်း သတိပေးထားသည်။

လက်ရှိတွင် နယူးဒေလီမြို့ရှိ CERT-In နှင့် ဗဟိုမှုခင်းသိပ္ပံဓာတ်ခွဲခန်း (CFSL) တို့ထံမှ ဒီဂျစ်တယ်စက်ပစ္စည်းများအတွင်းရှိ အချက်အလက်ထုတ်ယူမှုဆိုင်ရာ အစီရင်ခံစာများကို စောင့်ဆိုင်းလျက်ရှိသည်။ ထို့ပြင် ဆက်စပ်အဖွဲ့အစည်းများကို စစ်ဆေးရန်အတွက် မီဇိုရမ်ပြည်နယ်အတွင်း ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ရန် စီစဉ်ထားရှိပြီး၊ သံသယဖြစ်ဖွယ် ဘဏ်အကောင့်များကိုလည်း အသေးစိတ် ဆက်လက်ခွဲခြမ်းစိတ်ဖြာလျက်ရှိကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article