25.2 C
Yangon

မြန်မာ့နိုင်ငံရေးအထူးပြုလေ့လာနေသည့် ISP Myanmar ဦးဆောင်သူ အမေရိကန်နိုင်ငံသား ဦးမင်းဇင် ကို တရုတ်အစိုးရက ကူမင်းမြို့တွင် ဖမ်းဆီး၊ တရုတ်နိုင်ငံတော်လုံခြုံရေး ထိခိုက်စေမှုဖြင့် စွပ်စွဲထားဟုဆို

Must read

ရန်ကုန်၊ ဇွန် ၁၂

မြန်မာ့နိုင်ငံရေးကို အထူးပြုလေ့လာနေသည့် အမေရိကန်နိုင်ငံသား သုတေသီလည်းဖြစ် ISP Myanmar ဦးဆောင်သူလည်းဖြစ်သူ ဦးမင်းဇင်ကို တရုတ်အာဏာပိုင်များက ဖမ်းဆီးလိုက်ပြီး နိုင်ငံတော်လုံခြုံရေးကို ထိခိုက်စေမှုဖြင့် စွပ်စွဲထားကြောင်း အဆိုပါဖမ်းဆီးမှုနှင့် နီးစပ်သည့် သတင်းရင်းမြစ်များ၏ ပြောကြားချက်များကို ကိုးကား၍ နယူးယောက်တိုင်းမ်သတင်းစာက သတင်းဖော်ပြသည်။

အမေရိကန်ပြည်ထောင်စု၊ U.C. Berkeley တက္ကသိုလ်၏ ပါရဂူဘွဲ့သင်တန်းသားတစ်ဦးဖြစ်၊ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒရေးရာလေ့လာရေးအဖွဲ့ (ISP-Myanmar) ကို တည်ထောင်သူ ဦးမင်းဇင်သည် မြန်မာနိုင်ငံနှင့် နယ်စပ်ချင်းထိစပ်နေသည့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်၏ မြို့တော် ကူမင်း (Kunming) သို့ ရောက်ရှိနေစဉ် ဇွန်လ ၃ ရက်နေ့ကတည်းက ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ပြီး၊ ယခုအခါ ၎င်းအား တရုတ်အစိုးရက ဖမ်းဆီးထားခြင်းဖြစ် ကြောင်း အတည်ပြုနိုင်ခြင်း ဖြစ်သည်။ သူ ဖမ်းဆီးခံရသည့် ဖြစ်စဉ်နှင့် ပတ် သက်၍ အမေရိကန်သံတမန်များလည်း သိရှိထားပြီး ဖြစ်သည်။

တရုတ်နိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံသားတစ်ဦးကို နိုင်ငံတော်လုံခြုံရေးဆိုင်ရာ ပြစ်မှုဖြင့် ဖမ်းဆီးခြင်းမှာ အလွန်ရှားပါးပြီး၊ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ နိုင်ငံအချင်းချင်း ပူးပေါင်းဆောင်ရွက်ရေး ကဏ္ဍသစ်တစ်ရပ် တည်ဆောက်ရန် ကြိုးပမ်းနေချိန်တွင် ယခုဖမ်းဆီးမှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ဦးမင်းဇင်သည် မြန်မာ့နိုင်ငံရေးသုတေသီတစ်ဦးဖြစ်ပြီး ရန်ကုန်မြို့တွင် အခြေ စိုက်ခဲ့သည့် ကာကွယ် ရေးနှင့် အရပ်ဘက်မူဝါဒဆိုင်ရာ သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်သော ISP-Myanmar ၏ အမှုဆောင်ဒါရိုက်တာ ဖြစ်သည်။

အဆိုပါအဖွဲ့မှာ ၂၀၂၁ ခုနှစ် မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှုပြီးကတည်းက နေရာအမျိုးမျိုး ရွှေ့ပြောင်းလုပ်ကိုင်ခဲ့ရသည်။ ဦးမင်းဇင်သည် အမေရိကန်နှင့် မြန်မာနိုင်ငံတို့တွင် နှစ်ရှည်လများ နေထိုင်ခဲ့ဖူးပြီး လက်ရှိတွင် ထိုင်းနိုင်ငံ၌ နေထိုင်နေသူ ဖြစ်သည်။

သူသည် The New York Times၊ Foreign Policy အပါအဝင် နိုင်ငံတကာ သတင်းဌာနကြီးများ၏ သဘောထားအမြင်ကဏ္ဍများတွင် မြန်မာ့နိုင်ငံရေးနှင့် ပတ်သက်၍ ဆောင်းပါးများစွာ ရေးသားခဲ့သူလည်း ဖြစ်သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြာသပတေးနေ့တွင် ထုတ်ပြန်ရာ၌ “တရုတ်နိုင်ငံမှာ အမေရိကန်နိုင်ငံသားတစ်ဦး ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ သတင်းတွေကို ကျွန်တော်တို့ သိရှိထားပါတယ်။ အမေရိကန်နိုင်ငံသားတစ်ဦး ဖမ်းဆီးခံရတဲ့အခါတိုင်း လိုအပ်တဲ့ ကောင်စစ်ဆိုင်ရာ ကူညီပံ့ပိုးမှုတွေပေးဖို့ ဆောင်ရွက်လေ့ရှိပါတယ်” ဟု ပြောကြားခဲ့သော်လည်း၊ ဖယ်ဒရယ်ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံမှုဥပဒေအရ အသေးစိတ်အချက်အလက်များကိုမူ ထုတ်ဖော်ပြောဆိုရန် ငြင်းဆန်ခဲ့သည်။

ယခုဖမ်းဆီးမှုသည် သမ္မတ ထရမ့် ဘေဂျင်းမြို့သို့ သွားရောက်ပြီး သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံကာ ပြိုင် ဆိုင်မှုထက် ပူးပေါင်းဆောင်ရွက်မှုကို အလေးပေးသည့် “G2” မဟာမိတ်ပုံစံ တည်ဆောက်မည်ဟု ပြောကြားခဲ့ပြီး ၃ ပတ်မပြည့်ခင်မှာပဲ ပေါ်ပေါက်လာခြင်း ဖြစ်သည်။

အမေရိကန်အရာရှိတစ်ဦးကမူ တရုတ်အာဏာပိုင်များအနေဖြင့် အစိုးရနှစ်ရပ်ကြား မဟာဗျူဟာမြောက် တည်ငြိမ်မှုရှိစေရန် ကြိုးပမ်းနေသည်ဟု ပြောဆိုနေသော်လည်း၊ ယခုကဲ့သို့ အမေရိကန်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးလိုက်ခြင်းက ထိုကြိုးပမ်းအားထုတ်မှုများကို အဟန့်အတား ဖြစ်စေကြောင်းသုံးသပ်ထားသည်။

တရုတ်နိုင်ငံတွင် လက်ရှိ၌ အမေရိကန်နိုင်ငံသား ၂၀၀ ဝန်းကျင်ခန့်သည် မူးယစ်ဆေးဝါးမှု သို့မဟုတ် စီးပွားရေးအငြင်းပွားမှုဆိုင်ရာ ထွက်ခွာခွင့်ပိတ်ပင်မှု (Exit bans) များဖြင့် ထိန်းသိမ်းခံထားရသော် လည်း နိုင်ငံတော်လုံခြုံရေးပုဒ်မဖြင့် ဖမ်းဆီးခံရသူမှာ ဦးမင်းဇင်တစ်ဦးတည်းသာ ရှိသေးကြောင်း အကျဉ်းသားလွတ်မြောက်ရေး လှုပ်ရှားနေသည့် Dui Hua ဖောင်ဒေးရှင်းက ဆိုသည်။

တရုတ်လုံခြုံရေးအဖွဲ့များက ဦးမင်းဇင်ကို အဘယ်ကြောင့် ဖမ်းဆီးခဲ့သည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။ တရုတ်အစိုးရက မြန်မာစစ်ကောင်စီနှင့် ရင်းနှီးသော ဆက်ဆံရေးရှိသလို၊ တစ်ဖက်တွင်လည်း နယ်စပ်ရှိ တိုင်းရင်းသားလက်နက်ကိုင်အချို့ကို အကူအညီပေးမှုများ ရှိနေတတ်သည်။ ထို့ပြင် ဦးမင်းဇင်သည် မြန်မာ့အရေးတွင် တရုတ်နိုင်ငံ၏ အခန်းကဏ္ဍနှင့် ပတ်သက်၍ အကျယ်တဝင့် ရေးသားလေ့ရှိသူ ဖြစ်သည်။

ဦးမင်းဇင်၏ အစောပိုင်း ဆောင်းပါးများတွင် မြန်မာစစ်တပ်နှင့် အတိုက်အခံများကြား ရုန်းမထွက်နိုင်သည့် တစ်ဆို့မှုဖြစ်နေပုံ၊ စစ်တပ်က ရက်စက်စွာနှိမ်နင်းပြီး ရွေးကောက်ပွဲလမ်းကြောင်းဆီ သွားရန် ကြိုးပမ်းနေပုံနှင့် ဆန့်ကျင်ကန့်ကွက်သူ လူငယ်များ (Gen Z) ကလည်း ငြိမ်းချမ်းစွာ ဆန္ဒပြမှုမှသည် လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ဘက်သို့ ကူးပြောင်းလာပုံတို့ကို ရေးသားဖော်ပြခဲ့သည်။

ဦးမင်းဇင်သည် ယခုလနှောင်းပိုင်းတွင် နီပေါနိုင်ငံ၌ ကျင်းပမည့် ဘူမိနိုင်ငံရေးဆိုင်ရာ ဖိုရမ်တစ်ခုတွင် ဟောပြောသူအဖြစ် တက်ရောက်ရန် အစီအစဉ်ရှိနေစဉ်အတွင်း ယခုကဲ့သို့ တရုတ်အစိုးရ၏ ဖမ်းဆီးခြင်း ခံလိုက်ရခြင်း ဖြစ်သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article