ရန်ကုန်၊ ဇူလိုင် ၃
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ကြိမ်ချောင်းရှိ စစ်သုံ့ပန်းများ ထိန်းသိမ်းထားသည့် အကျဉ်းထောင်ကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်သုံ့ပန်း ဗိုလ်ကြီးအဆင့် အရာရှိတစ်ဦးအပါအဝင် ၄ ဦး သေဆုံးခဲ့ကြောင်း ရခိုင်ဒေသသတင်းရင်းမြစ် Arakan Princess Media က သတင်းဖော်ပြသည်။
ဇူလိုင် ၂ ရက်နေ့ ညနေ ၃ နာရီခန့်အချိန် စစ်ကောင်စီတပ်က ကြိမ်ချောင်းရှိ စစ်သုံ့ပန်းအကျဉ်းထောင်ကို လေကြောင်းမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ညနေ ၃ နာရီမှ ၃ နာရီ ၁၃ မိနစ်အထိ ဂျက်တိုက်လေယာဉ် ၂ စီးဖြင့် ၆ ကြိမ် တိုက်ခိုက်ကာ ပေါင် ၅၀၀ ဗုံး ၆ လုံး ကြဲချခဲ့ဖြစ်သည်။
ထို့နောက်ယမန်နေ့ ညနေ ၃ နာရီ ၁၇ မိနစ်မှ ၃ နာရီ ၃၂ မိနစ်အထိ Y-12 လေယာဉ်တစ်စီးဖြင့် ၅ ကြိမ် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဗုံး ၂၇ လုံး ပစ်ချခဲ့သဖြင့် တိုက်ခိုက်မှုတစ်လျှောက် စုစုပေါင်း ဗုံး ၃၃ လုံး အသုံးပြုတိုက်ခိုက်ခဲ့သည်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုအတွင်း စစ်သုံ့ပန်းများအား ဆေးကုသပေးရန် တာဝန်ပေးထားသည့် စစ်သုံ့ပန်း ဗိုလ်ကြီးတစ်ဦးနှင့် စစ်သုံ့ပန်း ၃ ဦး စုစုပေါင်း ၄ ဦး နေရာတွင်ပင် သေဆုံးခဲ့ကြောင်း သိရသည်။
ထို့ပြင် ဗုံးပေါက်ကွဲမှုများကြောင့် အကျဉ်းထောင်အတွင်းရှိ အဆောင်အချို့လည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
ထို့ပြင် စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ကျောက်မှော်ကျေးရွာကိုလည်း ဇူလိုင် ၂ ရက်နေ့ မွန်းလွဲ ၂ နာရီ ၂၃ မိနစ်ခန့်တွင် အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နမခ) မှ ပျံတက်လာသည့် Kamikaze Suicide Drone တစ်စီးဖြင့် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
“စစ်တပ်က တိုက်ပွဲဖြစ်ပွားတာ မရှိဘဲ လေကြောင်းကနေ တိုက်ခိုက်ခဲ့တာပါ။ ကျောက်မှော်ကျေးရွာက လက်ဖက်ရည်ဆိုင်ကို ဗုံးကြဲသွားတာဖြစ်ပြီး အဲဒီတိုက်ခိုက်မှုကြောင့် ဒေသခံအမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦး ဒဏ်ရာရခဲ့ပါတယ်။ အသက်အရွယ်နဲ့ အမည်ကိုတော့ မသိရသေးဘူး။ အဲဒီဘက်မှာ ဖုန်းလိုင်းတွေလည်း မရသေးလို့ ဆက်လက်စုံစမ်းနေပါတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုအတွင်း ကျောက်မှော်ကျေးရွာရှိ လက်ဖက်ရည်ဆိုင်အနီးသို့ ဗုံးကျရောက်ပေါက်ကွဲခဲ့ရာ ဒေသခံ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် ယင်းမာပင်မြို့နယ်တွင် ယခုကဲ့သို့ လေကြောင်းတိုက်ခိုက်မှုများ မကြာခဏဖြစ်ပွားနေပြီး ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၅ ရက်နေ့ကလည်း မုံရွာမြို့ရှိ အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နမခ) မှ ပျံတက်လာသည့် Gyrocopter ၃ စီးဖြင့် ယင်းမာပင်မြို့နယ်၊ ကုန်းရွာကျေးရွာ သုဿန်ကို လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ- APM ။






