24.9 C
Yangon

အကြမ်းဖက်စစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲကို ပယ်ချပြီး အသိအမှတ်မပြုရန်၊ NUG နှင့် တော်လှန်ရေးအင်အားစုများကို ပိုမိုပံ့ပိုးရန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်နှင့် အထွေထွေညီလာခံသို့ မြန်မာနှင့် နိုင်ငံတကာ အရပ်ဘက်အဖွဲ့ ၁၉၁ ဖွဲ့က တောင်းဆို တိုက်တွန်း

Must read

ရန်ကုန်၊ ဇူလိုင် ၃

မြန်မာစစ်တပ်က ကျင်းပခဲ့သည့် အတုအယောင်ရွေးကောက်ပွဲကို ပယ်ချပြီး စစ်တပ်၏ အရပ်သားအစိုးရပုံစံ အုပ်ချုပ်ရေးယန္တရားကို အသိအမှတ်မပြုရန်၊ အမျိုးသားညီညွတ်ရေးအစိုးရ- NUG၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များနှင့် အရပ်ဘက်အဖွဲ့အစည်းများကို ပိုမိုပံ့ပိုးကူညီရန်အတွက် ကုလသမဂ္ဂအထွေထွေညီလာခံ (UNGA) က ဆုံးဖြတ်ချက်အသစ်တစ်ရပ် ချမှတ်ပေးရန် မြန်မာ၊ ဒေသတွင်းနှင့် နိုင်ငံတကာ အရပ်ဘက်အဖွဲ့အစည်း ၁၉၁ ဖွဲ့က ဇူလိုင် ၃ ရက်နေ့တွင် အိတ်ဖွင့်ပေးစာထုတ်ပြန် တိုက်တွန်းလိုက်သည်။

အဆိုပါ အိတ်ဖွင့်ပေးစာကို ကုလသမဂ္ဂအထွေထွေညီလာခံ အဖွဲ့ဝင်နိုင်ငံများနှင့် ကုလသမဂ္ဂ အတွင်း ရေးမှူးချုပ်ထံသို့ ပေးပို့လိုက်ခြင်းဖြစ်သည်။

စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲကို ပြတ်ပြတ်သားသား ပယ်ချရန်၊ ယင်းရွေးကောက်ပွဲမှ ထွက်ပေါ်လာသည့် မည်သည့် အရပ်သားအမည်ခံ အုပ်ချုပ်ရေးဖွဲ့စည်းပုံကိုမျှ အသိအမှတ်မပြုရန်၊ စစ်ကောင်စီနှင့် နိုင်ငံရေးဆက်ဆံမှုကို အနည်းဆုံးအဆင့်သာထားရှိရန်၊ လူသားချင်းစာနာထောက် ထားမှုနှင့် လူ့အခွင့်အရေးအကျပ်အတည်းကို ထိရောက်စွာ တုံ့ပြန်ရန်၊ စစ်ကောင်စီထံ လေယာဉ်ဆီ၊ လက်နက်နှင့် စစ်ရေးအသုံးချနိုင်သော နည်းပညာများ ရောက်ရှိမှုကို တားဆီးရန်၊ စစ်ကောင်စီကို ငွေကြေးထောက်ပံ့နေသည့် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုလုပ်ငန်းများကို တိုက်ဖျက်ရန်နှင့် နိုင်ငံတကာတရားမျှတမှုဖော်ဆောင်ရေးကို မြှင့်တင်ရန် တောင်းဆိုထားသည်။

အရပ်ဘက်အဖွဲ့အစည်းများက ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီသည် အကြမ်းဖက်ဖိနှိပ်မှုများကို ဆက်တိုက်ကျူးလွန်ခဲ့ပြီး ဒီမိုကရေစီလှုပ်ရှားသူ ၃၁,၀၀၀ ကျော် ဖမ်းဆီးခံထားရကာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု အနည်းဆုံး ၅၀၁ ကြိမ် ဖြစ်ပွားခဲ့ကြောင်း၊ စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု ၉,၇၉၄ ကြိမ်ကြောင့် အရပ်သား ၄,၈၅၃ ဦး သေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။

ထို့ပြင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲကာလအတွင်း အတိုက်အခံများကို နှိမ်နင်းရန် စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ၄၀၈ ကြိမ် ပြုလုပ်ခဲ့ပြီး အရပ်သား အနည်းဆုံး ၁၇၀ ဦး သေဆုံးခဲ့ကြောင်း၊ ရွေးကောက်ပွဲကာကွယ်ရေးဥပဒေများဖြင့် လူပေါင်း ၄၀၄ ဦးထက်မနည်းကိုလည်း မတရားဖမ်းဆီးခဲ့ကြောင်း ထောက်ပြထားသည်။

အဆိုပါ ရွေးကောက်ပွဲသည် နိုင်ငံရေးဖြစ်စဉ်တစ်ခုမဟုတ်ဘဲ စစ်ပွဲဆင်နွှဲသည့် လက်နက်တစ်ခုအဖြစ် အသုံးပြုခဲ့ခြင်းဖြစ်ကြောင်းနှင့် စစ်ကောင်စီသည် ရွေးကောက်ပွဲအပြီးတွင် အရပ်သားအစိုးရအမည်ခံ ဖွဲ့စည်းပုံဖြင့် အာဏာဆက်လက်ထိန်းသိမ်းရန် ကြိုးပမ်းခဲ့ပြီး မင်းအောင်လှိုင်ကို သမ္မတအဖြစ် ခန့်အပ်ခဲ့ကြောင်းလည်း ဖော်ပြထားသည်။

အဖွဲ့အစည်းများက ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီကလည်း ယင်းရွေးကောက်ပွဲသည် လွတ် လပ်၍ တရားမျှတမှုမရှိကြောင်း အတည်ပြုထားပြီးဖြစ်သဖြင့် ကုလသမဂ္ဂအထွေထွေညီလာခံအနေ ဖြင့် စစ်ကောင်စီ၏ ရွေးကောက်ပွဲကို အသိအမှတ်မပြုရန်နှင့် ကုလသမဂ္ဂရှိ မြန်မာနိုင်ငံကိုယ်စားပြုမှု သည် မြန်မာပြည်သူများ၏ ဒီမိုကရေစီဆန္ဒကိုသာ ဆက်လက်ကိုယ်စားပြုရမည်ဖြစ်ကြောင်း အလေး ပေးတိုက်တွန်းထားသည်။

ထို့အပြင် စစ်ကောင်စီထံ လက်နက်များ စီးဆင်းမှုကို ရပ်တန့်နိုင်ရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီက ကမ္ဘာလုံးဆိုင်ရာ လက်နက်ရောင်းချမှုပိတ်ဆို့ရေး ဆုံးဖြတ်ချက်ချမှတ်ရန်နှင့် အဖွဲ့ဝင်နိုင်ငံများကလည်း တစ်နိုင်ငံချင်း လက်နက်ပိတ်ဆို့မှုများ ချမှတ်ရန် ဆက်လက်တိုက်တွန်းထားသည်။

စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကို လျှော့ချနိုင်ရန် လေယာဉ်ဆီတင်ပို့မှု ပိတ်ပင်ရေးကိုလည်း ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဆောင်ရွက်ပေးရန် တောင်းဆိုထားသည်။

အရပ်ဘက်အဖွဲ့အစည်းများက စစ်တပ်၏ ပြစ်ဒဏ်ကင်းလွတ်ခွင့်များသည် နိုင်ငံတကာဥပဒေချိုးဖောက်မှုများကို ဆက်လက်ကျူးလွန်စေသည့် အဓိကအကြောင်းရင်းဖြစ်ကြောင်း၊ ထို့ကြောင့် မြန်မာ နိုင်ငံအခြေအနေတစ်ရပ်လုံးကို အပြည်ပြည်ဆိုင်ရာရာဇဝတ်ခုံရုံး (ICC) သို့ လွှဲပြောင်းပေးရန်၊ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၏ ကြားဖြတ်အမိန့်များကို စစ်ကောင်စီက ချိုးဖောက်နေမှုအပေါ် ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဆွေးနွေးရန်နှင့် နိုင်ငံတကာတရားစီရင်ပိုင်ခွင့် (Universal Jurisdiction) ကို အသုံးပြု၍ စစ်ကောင်စီခေါင်းဆောင်များကို အရေးယူနိုင်ရေး အားပေးရန်လည်း တိုက်တွန်းထားသည်။

ထို့ပြင် ကုလသမဂ္ဂအဖွဲ့အစည်းအချို့သည် စစ်ကောင်စီထိန်းချုပ်သည့် အဖွဲ့အစည်းများနှင့် ဆက်လက်ပူးပေါင်းလုပ်ဆောင်နေခြင်း၊ စစ်တပ်နှင့် ဆက်နွှယ်သည့် ကုမ္ပဏီများနှင့် ဆက်ဆံနေခြင်း၊ စစ်ကောင်စီထိန်းချုပ်ရာဒေသများကိုသာ ဦးစားပေးဆောင်ရွက်နေပြီး NUG နှင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ ထိန်းချုပ်ရာဒေသများသို့ အကူအညီပေးမှု အားနည်းနေခြင်းတို့အပေါ် စိုးရိမ်ကြောင်း ဖော်ပြထားသည်။

ယင်းကြောင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများကို စစ်ကောင်စီလမ်းကြောင်းမှတစ်ဆင့် မပေးဘဲ ဒေသခံအရပ်ဘက်အဖွဲ့အစည်းများ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများမှတစ်ဆင့် တိုက်ရိုက်ပေးပို့ရန်၊ နေပြည်တော်တွင် စစ်ကောင်စီကို တရားဝင်မှုရရှိစေမည့် ပူးပေါင်းဆောင်ရွက်မှုများ ရပ်ဆိုင်းရန်နှင့် ကုလသမဂ္ဂအဖွဲ့အစည်းအားလုံးသည် လူ့အခွင့်အရေးဦးစားပေးမူဝါဒကို တိတိကျကျ လိုက်နာဆောင်ရွက်ရန်လည်း တောင်းဆိုထားသည်။

အဆိုပါ အိတ်ဖွင့်ပေးစာကို Progressive Voice၊ Justice For Myanmar (JFM)၊ Burma Campaign UK၊ Chin Human Rights Organization (CHRO)၊ Burmese Rohingya Organization UK (BROUK)၊ ALTSEAN-Burma၊ FORUM-ASIA၊ Karen Human Rights Group (KHRG)၊ Blood Money Campaign (BMC) အပါအဝင် မြန်မာ၊ ဒေသတွင်းနှင့် နိုင်ငံ တကာ အရပ်ဘက်အဖွဲ့အစည်း စုစုပေါင်း ၁၉၁ ဖွဲ့က ပူးတွဲလက်မှတ်ရေးထိုး ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article