25.3 C
Yangon

မကွေးဖက်ဒရယ်ယူနစ်အတွင်း စစ်တပ် စစ်ကြောင်းများကို တိုက်ဖျက်ရန် ယာယီကာကွယ်ရေးစစ်ကြောင်းသစ် ၃ ကြောင်း ထပ်မံတိုးမြှင့်ဖွဲ့စည်း

Must read

ရန်ကုန်၊ ဇူလိုင် ၁၄

မကွေးဖက်ဒရယ်ယူနစ်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက နယ်မြေအတွင်း လက်တလော ဖြစ်ပေါ်နေသော စစ်တပ်၏ ကျူးကျော်တိုက်ခိုက်မှုများကို ပိုမိုထိရောက်စွာ ခုခံတွန်းလှန်နိုင်ရန်၊ စစ်ဆင်ရေးစွမ်းရည်ကို မြှင့်တင်ရန်နှင့် ဒေသတွင်း တည်ငြိမ်ရေးကို အလေးထားဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ယာယီကာကွယ်ရေးစစ်ကြောင်းသစ်များကို ထပ်မံ တိုးမြှင့် ဖွဲ့စည်းလိုက်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ပခုက္ကူခရိုင်အတွင်း အခြေစိုက်မည့် ယာယီကာကွယ်ရေးစစ်ကြောင်း ၃ ခုဖြစ်သော စစ်ကြောင်း (၉) – ပခုက္ကူမြို့နယ် အခြေစိုက် ၊ စစ်ကြောင်း (၁၁) – ပေါက်မြို့နယ် အခြေစိုက် နှင့် စစ်ကြောင်း (၁၃) – ပခုက္ကူမြို့နယ် အခြေစိုက် တို့ကို ထပ်မံ ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ထပ်မံဖွဲ့စည်းလိုက်သော စစ်ကြောင်းသစ် (၃) ကြောင်းသည် ယခင်က ဖွဲ့စည်းပြီးဖြစ်သည့် ယာယီကာကွယ်ရေးစစ်ကြောင်း (၆) ကြောင်းနှင့် လက်တွဲပူးပေါင်းကာ စစ်တပ်၏ ရန်စွယ်ကို စုစည်းညီညွတ်စွာဖြင့် ခုခံတွန်းလှန်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

“အဓိကအားဖြင့် ကျွန်တော်တို့ ဘာကြောင့် ဒီလို စစ်ကြောင်းသစ်တွေ တိုးမြှင့်ဖွဲ့စည်းရသလဲဆိုတဲ့အချက်ကို အပိုင်း ၃ ပိုင်းနဲ့ ရှင်းပြပေးချင်ပါတယ်။ ​ပထမအချက်အနေနဲ့ မကွေးဖက်ဒရယ်ယူနစ်အတွင်း မှီတင်းနေထိုင်ကြတဲ့ ပြည်သူလူထုရဲ့ လုံခြုံရေးကို အဓိကထားပြီး ကာကွယ်ရေးစွမ်းရည်ကို တိုးမြှင့်လိုက်တာပါ။ ပခုက္ကူနဲ့ ပေါက်မြို့နယ်တွေမှာ အခုလို စစ်ကြောင်းသစ်တွေ ထပ်တိုးလိုက်တဲ့အတွက် ရန်သူ့လှုပ်ရှားမှုတွေကို ပိုပြီးတော့ အချိန်နဲ့တစ်ပြေးညီ တုံ့ပြန်နိုင်လာမယ်။ ကျွန်တော်တို့မကွေးဖက်ဒရယ် ယူနစ်အတွင်းမှာ ရှိတဲ့ ပြည်သူတွေ နေထိုင်ရာနယ်မြေတွေကို ပိုပြီးတော့ စနစ်တကျနဲ့ လုံခြုံအောင် ထိန်းချုပ်ထားနိုင်မှာ ဖြစ်ပါတယ်။ ဒုတိယအချက်ကတော့ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုတွေကို ပိုပြီးတော့ ကျစ်လျစ်အောင် လုပ်လိုက်တာပါ။ အသစ်ဖွဲ့လိုက်တဲ့ စစ်ကြောင်းတွေရော၊ အရင်ကတည်းက ရှိပြီးသား စစ်ကြောင်းတွေပါ အားလုံး လက်တွဲပြီးတော့ ကျွန်တော်တို့ပြည်သူတွေကို ဒုက္ခပေးနေတဲ့ ရန်သူ့ရဲ့ ထိုးစစ်တွေကို စုစုစည်းစည်းနဲ့ ခုခံတွန်းလှန်နိုင်ဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။ အင်အားချင်း ပေါင်းစပ်လိုက်တဲ့အတွက် စစ်ဆင်ရေးအရ ပိုပြီးတော့ ထက်မြက်လာမှာပါ” ဟု ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူက ပြောဆိုသည်။

ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် မကွေးဖက်ဒရယ်ယူနစ်အတွင်း မှီတင်းနေထိုင်ကြသော ပြည်သူလူထုတစ်ရပ်လုံး၏ အသက်၊ အိုးအိမ်၊ စည်းစိမ်ကို အသက်နှင့်လဲ၍ ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ကြောင်း အလေးအနက် ကတိပြုထားပြီး လိုအပ်ချက်များအရ စစ်ရေးနှင့် နိုင်ငံရေးဆိုင်ရာ ဆက်လက်စုဖွဲ့မှုများကိုလည်း အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးပြောဆိုထားသည်။

“နောက်ဆုံးအချက်အနေနဲ့ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ဖို့ ကျွန်တော်တို့ရဲ့ ခိုင်မာတဲ့ ကတိကဝတ်ကို ထပ်လောင်း အတည်ပြုပေးတာပါ။ ပြည်သူတွေရဲ့ အန္တရာယ်ကင်းရှင်းရေးဟာ ကျွန်တော်တို့ရဲ့ အဓိကတာဝန်ဖြစ်ပါတယ်။ အခုလို စစ်ကြောင်းတွေ တိုးမြှင့်တာဟာ ပြည်သူတွေ စိတ်အေးချမ်းသာ ရှိစေဖို့နဲ့ လိုအပ်ချက်အရ အရှိန်အဟုန်မြှင့်ပြီး ဆက်လက် လုပ်ဆောင်သွားဦးမယ်ဆိုတဲ့ သတင်းစကားကို ပါးချင်တာ ဖြစ်ပါတယ်။ ​အဓိကတော့ ကျွန်တော်တို့အားလုံးဟာ မကွေးဖက်ဒရယ်ယူနစ်အတွင်းက ပြည်သူတွေအတွက် အန္တရာယ်မှန်သမျှကို အတူတူ ရင်ဆိုင်သွားဖို့ အဆင်သင့်ပဲဆိုတာကို အလေးအနက် ပြောပြချင်ပါတယ်” ဟု ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူက ဆက်လက် ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article