ရန်ကုန်၊ ဇူလိုင် ၁၅
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသော အကြမ်းဖက်စစ်တပ်ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဇူလိုင်လဆန်းပိုင်းမှစတင်၍ ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခြင်း၊ မိုင်းဆွဲတိုက်ခိုက်ခြင်းများ အကြိမ်ကြိမ်ပြုလုပ်ခဲ့ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများရှိကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇူလိုင်လ ၃ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် လောင်းလုံးမြို့နယ်ရှိ လက်သည်းရှည်တောင်ဘက်သို့ စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်တပ်ကို တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်းအသုံးပြု၍ ဗုံးသီး ၁၀ လုံး ကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
ယင်းနောက် ဇူလိုင်လ ၄ ရက်နေ့ ည ၉ နာရီခန့်တွင် လောင်းလုံးမြို့နယ် ရဲစခန်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးနှင့် လူဝင်မှုကြီးကြပ်ရေးရုံးတို့ကို ဒရုန်းဖြင့် ဗုံးသီး ၆ လုံး ကျဲချတိုက်ခိုက်ခဲ့ပြီး ဇူလိုင်လ ၆ ရက်နေ့တွင်လည်း လောင်းလုံးရွာလယ်ကျောင်း၌ တပ်စွဲထားသော စစ်တပ်ကို ဒရုန်းဖြင့် ဗုံးသီး ၄ လုံး ထပ်မံကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ဇူလိုင်လ ၁၀ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် ကြယ်တောင်ဘက်မှ လေးသွန်းခံရွာဘက်သို့ ဆင်းလာသော စစ်တပ်စစ်ကြောင်းနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များအကြား ထိတွေ့တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး တိုက်ပွဲမှာ ၁ နာရီဝန်းကျင်ကြာမြင့်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ တိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက စစ်တပ်စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးသီး ၉ လုံး ကျဲချတိုက်ခိုက်ခဲ့သည့်အပြင် မိုင်းဖြင့်လည်း ၂ ကြိမ်တိုင်တိုင် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
တိုက်ခိုက်မှုများကြောင့် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများရှိသော်လည်း သေဆုံးနှင့် ဒဏ်ရာရရှိသည့် အရေအတွက် အတိအကျကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောဆိုသည်။
“စစ်ခွေးတွေ ထိခိုက်သေဆုံးမှုရှိပါတယ်။ အရေအတွက်အတိအကျကိုတော့ ကျနော်တို့ အတည်မပြုနိုင်သေးဘူး။ အဲဒီစစ်ခွေးစစ်ကြောင်းက ပျောက်နေတာကြာပြီ။ ကြယ်တောင်ဘက်မှာ စစ်ကြောင်းပြန်ပေါ်လာလို့ တိုက်ပွဲဖြစ်တာပါ” ဟု လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူက ရှင်းပြသည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ်စစ်ကြောင်းက အရပ်သားပြည်သူများပိုင်ဆိုင်သည့် နေအိမ် ၃ လုံးခန့်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုများကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ ထားဝယ်ခရိုင် အမှတ် ၁ တပ်ရင်းမှ T1/သံမဏိလိပ်ပြာတပ်ခွဲ၊ ကျောင်းသားတော်လှန်ရေးတပ် (SRF) နှင့် အထူးပြောက်ကျားတပ်ဖွဲ့ (SGF) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။






