23 C
Yangon

နိုင်ငံ၏ အရည်အသွေးနိမ့်ကျနေသော အစိုးရ ပညာရေး တိုးမြှင့်မည်ဟု ကြွေးကြော်နေသော မင်းအောင်လှိုင်က မြေး ၄ ဦးကို အစိုးရကျောင်းများတွင် မထားဘဲ နိုင်ငံတကာ အဆင့်မီ ပုဂ္ဂလိက EMPS ကျောင်းတွင် လုံခြုံရေးအပြည့်ဖြင့် ကျောင်းထား

Must read

ရန်ကုန်၊ ဩဂုတ် ၂၂

မြန်မာနိုင်ငံတွင် စာမတတ်သူများပြီး ပညာရေး အဆင့်အတန်း နိမ့်ကျနေသဖြင့် ပညာရေး တိုးမြှင့်ရေး လုပ်ဆောင်မည်ဟု အမြဲတမ်းကြွေးကြော်လျက်ရှိသော အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၎င်း၏ မြေးဖြစ်သူများကို ၎င်း၏ စီမံချက်များဖြင့် ဆောင်ရွက်နေသော အစိုးရကျောင်းများတွင် ထားရှိခြင်းမရှိဘဲ နိုင်ငံတကာအဆင့်မီ ပုဂ္ဂလိက EMPS ( Excellent Myanmar Private School) တွင်သာ လုံခြုံရေးအပြည့်ဖြင့် ထားရှိကြောင်း သိရှိရသည်။

မင်းအောင်လှိုင်တွင် ခင်သီရိသက်မွန်၊ အောင်ပြည့်စုံတို့ ရှိကြပြီး သားသမီး ၂ ဦးမှ ပေါက်ဖွားလာသော မြေးမ ၅ ဦးရှိကြောင်း၊ မြေးမ ၅ ဦးမှာ အောင်ပြည့်စုံ၏ သမီး ၃ ဦးဖြစ်ကြသည့် ခင်ငြိမ်းချမ်းပြည့်စုံလှိုင်၊ မခင်ဘုန်းမြတ်ပြည့်စုံလှိုင်၊ မခင်မေတ္တာပြည့်စုံလှိုင်၊ ခင်သီရိသက်မွန်၏ သမီး ၂ ဦးဖြစ်ကြသည့် ဧကရီသက်မွန်လှိုင်၊ မေဘရဏီသက်မွန်လှိုင်တို့ ဖြစ်ကြောင်း၊ မင်းအောင်လှိုင်သည် မြေးမ ၄ ဦးကို အစိုးရ ကျောင်းတွင် မထားဘဲ ရန်ကုန်၊ အင်းယားမြိုင်လမ်း၊ တွင် လက်ရှိ နာမည်ကြီးနေသည့် နိုင်ငံတကာအဆင့်မီ EMPS ( Excellent Myanmar Private School) ထားရှိခြင်းဖြစ်ကြောင်း သိရှိရသည်။

အကြမ်းဖက်မင်းအောင်လှိုင်က မြန်မာနိုင်ငံတွင် စာမတတ်မြောက်မှု ရာခိုင်နှုန်းများပြားပြီး အခြေခံပညာ မပြီးဆုံးကြ သူများပြားကြောင်း၊ ထို့ကြောင့် ပညာရေးအဆင့်အဆန်း နိမ့်ကျနေသဖြင့် အစိုးရကျောင်းများနှင့်ပညာရေးစနစ်ကို အဆင့်အတန်း မြင့်မား လာစေရန် လုပ်ဆောင်ရမည်ဖြစ်ကြောင်း မကြာခဏဆိုသလို ထုတ်ဖော်ပြောဆိုလေ့ရှိသည်။

“မင်းအောင်လှိုင် မြေး ၄ ဦးက အခု အင်းယားမြိုင်လမ်း၊ ကာတာသံရုံးရှေ့က EMPS ကျောင်းမှာ ကျောင်းထားတာ။ အဲဒီကျောင်းက လက်ရှိတော့ မြန်မာပြည်ရဲ့ နာမည်ကြီး သူဌေးတွေ ထားကြတဲ့ကျောင်း။ ၂၀၁၃ ခုနှစ်လောက်ကမှ စဖွင့်ပြီး အခုနောက်ပိုင်း အတော်ကို နာမည်ရလာတာ။ အရင်က ရုရှားသံရုံးနားမှာ EMPS ပဒုမ္မာကျောင်းဆိုပြီး ဖွင့်တယ်။ အခုတော့ နာမည်ကြီးလာတော့ ကျောင်းနယ်မြေတွေတိုးချဲ့လာတာ။ နိုင်ငံတကာအဆင့်မီ ပုံစံ ဖွင့်တဲ့ကျောင်းမျိုး။ အခုတော့ သူဌေးကြီးတွေရဲ့ မြေးတွေ အတော်တက်ကြတယ်။ ကျောင်းလခတွေလည်း စျေးကြီးတယ်” ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြောသည်။

မင်းအောင်လှိုင်၏ မြေးမ ၄ ဦးလုံး တက်ရောက်နေသည့် EMPS သည် ၂၀၁၃ ခုနှစ် တွင်စတင်တည်ထောင်ခဲ့ပြီး ပဒုမ္မာကျောင်းသည် မူလ ပင်မကျောင်းဖြစ်ကြောင်း၊ ယင်းနောက် ၂၀၁၅ ခုနစ်တွင် ရတနာကျောင်းခွဲ ၊၂၀၁၇ ခုနှစ်မေလ တွင် အင်းယားမြိုင် ကျောင်းခွဲများကို ဖွင့်လှစ်ထားသော ကျောင်းဖြစ်ကြောင်း သိရှိရသည်။

မင်းအောင်လှိုင်အနေဖြင့် အစိုးရပညာရေးစနစ်နှင့် အစိုးရကျောင်းများကို အဆင့်မြှင့်တင်နေသည်ဟုဆိုသော်လည်း ၎င်း၏ မျိုးဆက်‌ မြေးများကိုမူ အစိုးရကျောင်းတွင် မထားရှိခြင်းမှာ ၎င်းလုပ်ဆောင်နေသော အစိုးရကျောင်းနှင့် ပညာရေးစနစ်အပေါ် ၎င်းကိုယ်တိုင် အယုံအကြည်မရှိသည့် သဘောဟု ပြည်သူတချို့က သုံးသပ်သည်။

“သူလုပ်နေတဲ့ ပညာရေးစနစ် အဆင့်မြှင့်တင်ရေး ဆိုတာကို သူမယုံလို့ ဒီလို သူ့မြေးတွေကို နိုင်ငံတကာအဆင့်မီ ပုဂ္ဂလိက ကျောင်းမှာ ထားတာပေါ့။ သူ့အဘိုးလုပ်နေတဲ့ အစိုးရပညာရေးစနစ်မှာ သူ့မြေးတွေကို ကျောင်းမထားဘဲ ပုဂ္ဂလိက နိုင်ငံတကာ အဆင့်မီ ကျောင်းမှာ ငွေတွေ အကုန်ခံပြီး သွားထားတယ်ဆိုတော့ စဉ်းစားကြည့်ပေါ့။ ကျနော်တို့ တိုင်းပြည်မှာ ငွေမရှိဘဲ အစိုးရကျောင်းမှာ နေရတဲ့ ကလေးတွေရဲ့ ပညာရေးကရော ဘယ်လောက် တိုးတက်မလဲဆိုတာ မင်းအောင်လှိုင်ရဲ့ လုပ်ရပ်ကို ကြည့်ရင် သိသာပါတယ်” ဟု မိဘပြည်သူတစ်ဦးကဆိုသည်။

မင်းအောင်လှိုင်က အင်းယားမြိုင်လမ်းရှိ EMPS ကျောင်းတွင် ကျောင်းတက်နေသည့် မြေး ၄ ဦးအတွက် လုံခြုံရေး အင်အား ၅၀ ကျော် အသုံးပြုကြောင်း သိရှိရသည်။

“မနက်ပိုင်း ကျောင်းတက်ပြီဆိုရင် အရပ်ဝတ်တွေနဲ့ စခ ၁၀ ဦးလောက်က ကျောင်းထဲမှာ ရှိတယ်။ သူတို့တွေမှာ ၉ မမပစ္စတို ခါးကြားမှာအမြဲရှိတယ်။ ဘောင်းဘီ အိတ်ထဲမှာ ကျည်ကပ်အပိုရှိတယ်။ အမျိုးသမီး စစ်အရာရှိ ၃ ဦးကလည်း ကျောင်းထဲမှာ ရှိတယ်။ သူတို့က လုံခြုံရေး တံဆိပ်ကပ် စပို့ရှပ် အပြာရောင် ဝတ်တယ်။ ကလေးတွေ လုံခြုံရေးကို ဦးစီးရတာက ဗိုလ်မှူးတစ်ယောက်၊ ဗိုလ်ကြီး တစ်ယေက်၊ တပ်ကြပ်ကြီး ၃ယောက်။ ကျောင်းရှေ့မှာ
အိမ်စီးကားနဲ့ အရပ်ဝတ်နဲ့ စစ်ခွေး ၄ကောင်က ကျောင်းစဖွင့်ချိန်ကတည်းက ကျောင်းဆင်းတဲ့အချိန်အထိ တစ်နေကုန်‌ စောင့်နေရတယ်။ တက္ကသိုလ်ရိပ်သာလမ်းဘက်မှာလည်း ကင်း၂ခုချတယ်။ အင်းယားမြိုင်လမ်းထဲက EMPS ကျောင်းနားက စုပေါင်းရုံးလမ်းကြားမှာ DC တစ်စီးနဲ့ စစ်ခွေး ၆ ကောင်လည်းအမြဲတမ်း ရှိတယ်‌။ စစ်ခွေးတွေက ညနေ ၃ ခွဲဆို အင်းယားမြိုင်လမ်းပေါ် ကျောင်းဆင်းချိန် ယာဥ်ကြောရှင်းပေးရတယ်။ ကျောင်းလာကြိုရင် တစ်ခါ တစ်ရံ ခင်သီရိသက်မွန် တခါတလေပါတယ် ။ သူ့နောက်မှာ လုံခြုံရေးကားတစ်စီးပါတယ်။ အဲ့ကားတွေပေါ်မှာ စခ ၄ကောင်စီပါတယ်။ တက္ကသိုလ်ရိပ်သာလမ်းဘက်ကဝင်တာ။ ကျောင်းကြို/ပို့က ကား၂စီး။ မအလ မြေး ၄ ဦးအတွက်။ ကလေးတွေ ကျောင်းတက်ဖို့ဆိုရင် စစ်အင်အား ၅၀ ကျော်လောက်ရှိတယ်။ အမြဲတမ်းအဆင်သင့်ထားထားတာ။ ကျောင်းဘက်ကလည်း အနီဝတ်တွေက ever safe security ကုမ္ပဏီ လုံခြုံရေး ဝန်ထမ်း ၁၀ ဦးထားတယ်။ စစ် တပ်ဘက်ကတော့ အရပ်ဝတ် စပို့ရှပ် လက်တို အပြာရောင်နဲ့ ရင်ဘတ်မှာ Security တံဆိပ် သေးသေးကပ်ထားတာက စစ်တပ်က ၊ အရာရှိတွေချည်းပဲ။ အိမ်စီးကားထဲမှာ ကျောပိုးအိတ် အကြီးစားနဲ့ လက်နက်အပို ထည့်လာတာလည်း ရှိတယ်” ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ရှင်းပြသည်။

မင်းအောင်လှိုင်၏‌ မြေးများ ကျောင်းတက်နေသည့် EMPS ကျောင်းသည် ပညာရေးဝန်ကြီးဌာန၊ သင်ရိုးညွှန်းတမ်းနှင့် နိုင်ငံတကာ သင်ရိုးညွှန်းတမ်းကို ပေါင်းစပ်သင်ကြားခြင်းဖြစ်ကြောင်း၊ပန်းချီအနုပညာ၊ ဂီတ၊ ကာယ၊ အက၊ စာကြည့်တိုက်၊ အားကစားများ ပေါင်းစပ်သင်ကြားခြင်းဖြစ်သည်ဟု သိရှိရသည်။

ဓာတ်ပုံ- အကြမ်းဖက် ဖက်ဆစ် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် မြေး‌များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article