ရန်ကုန်၊ စက်တင်ဘာ ၁၄
မန္တလေး ကန်တော်ကြီး ကန်ပတ်လမ်း အေးမြဘုရားအနီးရှိ အမှတ် ၁၀ ရဲစခန်းမှ နယ်ထိန်း ရခိုင်ကြီးကို MDY PDF ဗိုဘ်နက္ခတ် ဦးဆောင်သော အဖွဲ့မှ စက်တင်ဘာလ ၈ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။
သေဆုံးသွားသော နယ်ထိန်း ရခိုင်ကြီးထံမှ ခြောက်လုံးပြူး သေနတ် ၁ လက်၊ ၃၈၀ ပွိုင့်ကျည် ၁၂ တောင့်၊ အမျိုးသမီးယာဥ်မောင်းလိုင်စင်၊ စကားပြောစက် ၁ လုံး၊ ဘေးလွယ်အိတ် ၁ လုံး၊ ရုံးစာသုံးရွက်၊ နားကြပ် ၁ ခု၊ ရှုဆေးတစ်ဘူး၊ ဆိုင်ကယ် ၁ စီး၊ လက်ထိပ် ၂ ခု၊ ဖုန်းစာအုပ်နှင့်အချက်အလက်များ ရရှိခဲ့ကြောင်း MDY-PDF က ထုတ်ပြန်ထားသည်။
အလားတူ တနင်္သာရီတိုင်း ရေဖြူမြို့နယ်၊ကျခတ္တပင်အင်းရွာလမ်းတွင် စက်တင်ဘာ ၁၂ ရက်နေ့၊ နံနက် ၁၁ နာရီအချိန် ကြံ့ဖွတ်ပါတီဝင် ပျူစောထီး သိန်းဇော်(ခ) ညူးညူးကို လူတစ်စုက သေနတ်ဖြင့် ပစ်ခတ်ရာ သေဆုံးသွားခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
သိန်းဇော်(ခ)ညူးညူးသည် သဗြေဇွန်းရွာမှ ဖြစ်ပြီး ကြံဖွတ်ပါတီဝင်ဖြစ်ကြောင်း၊ စစ်အာဏာသိမ်းအချိန်မှစတင်၍ စစ်တပ် ၏ လက်ပါးစေပျူစောထီးဖွဲ့ဝင်တစ်ဦးဖြစ်လာကာ PDFဖွဲ့တို့ကို စိန်ခေါ်လေ့ရှိကြောင်း ဒေသခံများက ပြောဆိုကြသည်။
ဓာတ်ပုံ- ပစ်ခတ်ခံရပြီး သေဆုံးသွားသော မန္တလေးနယ်ထိန်းရဲ၏ ခြောက်လုံးပြူးသေနတ်နှင့် ဆက်စပ်ပစည်းများ၊
ဓာတ်ပုံ- ကြံဖွတ်ပါတီဝင်နှင့် ပျူစောထီး သိန်းဇော်(ခ) ညူးညူး