25 C
Yangon

မြန်မာစစ်ကောင်စီ၏ ဝင်ငွေရလမ်း ဓာတ်ငွေ့အခွန်ငွေကို ပိတ်ဆို့ရန် အမေရိကန်နှင့် ပြင်သစ်သမ္မတထံ နိုင်ငံတကာ ရိုဟင်ဂျာအဖွဲ့ ၂၁ ခုက စာပို့

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၀

မြန်မာစစ်ကောင်စီ၏ ဝင်ငွေရလမ်းဖြစ်သော သဘာ၀ဓာတ်ငွေ့လုပ်ငန်းအခွန် ပေးဆောင်မှုများကို စီးပွားရေးအရ ပိတ်ဆို့မှုများ ဆောင်ရွက် အမေရိကန်သမ္မတ Joseph R. Bidenနှင့် ပြင်သစ် သမ္မတ Emmanuel Macronထံသို့ နိုင်ငံတကာ ရိုဟင်ဂျာအဖွဲ့အစည်း ၂၁ ခုက  ယနေ့ စာရေးသားပေးပို့ တောင်းဆိုလိုက်သည်။

ကမ္ဘာတစ်ဝန်းရှိ ရိုဟင်ဂျာလူမျိုးစုများဆိုင်ရာ အဖွဲ့အစည်း ၂၁ ခုက မြန်မာစစ် တပ်၏ သဘာဝ ဓာတ်ငွေ့ အခွန် ပိတ်ဆို့အရေးယူရန် တောင်းဆိုကြောင်း၊စစ်တပ်အတွက် သဘာဝဓာတ်ငွေ့ ၀င်ငွေကို ပိတ်ဆို့အရေးယူရန် နိုင်ငံတကာ ရိုဟင်ဂျာလူမျိုးစုများကိုယ်စားတောင်းဆိုကြောင်း၊စစ်တပ်က အာဏာသိမ်းရန် ကြိုးပမ်းပြီး တစ်နှစ်နီးပါးကြာသည်အထိ အမေရိကန်နှင့် ပြင်သစ် ကုမ္ပဏီများက မြန်မာစစ်တပ်ထံသို့ သဘာဝဓာတ်ငွေ့ ပေးဆောင်နေခြင်းအတွက် အလွန်စိတ်ပျက်မိကြောင်း၊ အဆိုပါ အခွန်ငွေဒေါ်လာသန်းရာချီကို စစ်တပ်က လက် နက် နှင့်ကျည်ဆန်များ ဝယ်ယူခြင်းတွင် အသုံးပြုပြီး စစ်ရာဇ၀တ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများကို ရန်ပုံငွေထောက်ပံ့နေခြင်းဖြစ်ကြောင်း စာတွင် ရေးသားဖော်ပြထားသည်။

အမေရိကန်သမ္မတနှင့် ပြင်သစ် သမ္မတအနေဖြင့် စစ်ကောင်စီ၏ ဓာတ်ငွေ့ မှ ရရှိငွေများကို စီးပွားရေးပိတ်ဆို့မှု မရှိသေးကြောင်း၊ အမေရိကန်နှင့်ပြင်သစ်ကုမ္ပဏီများ၏ အကျိုးစီးပွားကို ကာကွယ်နေကြောင်း၊ ထို့ကြောင့် ဓာတ်ငွေ့ရလမ်းမှ ဝင်ငွေကို ပိတ်ဆို့ ခြင်းဖြင့် အပြောင်းအလဲ အမြန်လုပ်ရန် လိုအပ်ကြောင်း ရိုဟင်ဂျာအဖွဲ့အစည်းများက ထောက်ပြထားသည်။ 

ရိုဟင်ဂျာများအနေဖြင့် လူမျိုးတုန်းသတ်ဖြတ်မှုများကို ရင်ဆိုင်နေရပြီး ယင်းသတ် ဖြတ်မှုများကို နိုင်ငံတကာ အရေးယူမရှိကြောင်း၊ ထိုသို့ အရေးမယူမှုကြောင့် အာဏာ သိမ်းမှုအထိ ဖြစ်လာစေကြောင်း၊ ယခုအခါ စစ်တပ်သည် ပြည်သူများကို တိုက်ခိုက်သတ်ဖြတ်လျက်ရှိပြီး ကျေးရွာများကို ရွာလုံးကျွတ် မီးရှို့ခြင်း၊ ညှဉ်းပန်းသတ်ဖြတ် ခြင်းများ လုပ်ဆောင်နေကြောင်း ၊ ရိုဟင်ဂျာများအနေဖြင့် မြန်မာပြည်သူများအားလုံး နှင့်အတူ ရပ်တည်ကြောင်း ရေးသားထားသည်။ 

အာဏာသိမ်းပြီးနောက် မြန်မာစစ်တပ်၏ တိုက်ခိုက်မှုနှင့်ခြိမ်းခြောက်မှုများကြောင့် လူ ၃၀၀,၀၀၀ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရကြောင်း၊ ထိုလူအများစုမှာ ကရင်ပြည်နယ်တွင် ၈၅,၀၀၀ ခန့်ရှိ နေကြောင်း၊ အမေရိကန်နှင့် ဥရောပသမဂ္ဂ (EU) က ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှုများကို ကြိုဆိုကြောင်း၊ စစ်ဘက် ၀င်ငွေကို စနစ်တကျ ဖြတ်တောက်ရန် ဒဏ်ခတ်ပိတ်ဆို့မှုအသစ်များ ပုံမှန်ဆက်လက်ပြုလုပ်ရန် အရေးကြီးကြောင်း၊ သို့သော်၊ တပ်မတော်အတွက် အကြီးမားဆုံး ၀င်ငွေရရှိသည့် တစ်ခုတည်းသော အရင်းအမြစ်ဖြစ်သည့် ဓာတ်ငွေ့အခွန်ကို အရေးယူဆောင်ရွက်ရန် ပျက်ကွက်ခြင်းသည် ထိရောက်မှု သို့မဟုတ် ယုံကြည်ရလောက်သည့် မူဝါဒရွေးချယ်မှုတစ်ခု မဟုတ်ကြောင်း ထောက်ပြထားသည်။

အမေရိကန်နှင့် ပြင်သစ်ကုမ္ပဏီများသည် စစ်တပ်ကို အခွန်ငွေကြေးပေးဆောင်နေခြင်းသည် စစ် တပ်က ကျူးလွန်သော လူ့အခွင့်အရေးချိုးဖောက်မှုတွင် ပါဝင်ပတ်သက်နေခြင်းဖြစ်ကြောင်း၊ အခွန်ငွေများ ပံ့ပိုးပေးခြင်းဖြင့် စစ် လက်နက်ပစ္စည်းများ ဝယ်ယူရာတွင် ကူညီပေးနေခြင်းဖြစ်ကြောင်း၊ လက်နက်ပိတ်ဆို့မှုများကို ချမှတ်ထားသော်လည်း တစ်ချိန်တည်းတွင် မြန်မာစစ်တပ်အား ရုရှား၊ တရုတ်၊ အိန္ဒိယနှင့် အခြားနိုင်ငံများက လက်နက်များ ဝယ်ယူနိုင်သည့် ငွေကြေးများ ပေးအပ်နေခြင်းမှာ အဓိပ္ပာယ်မရှိကြောင်း ထောက်ပြသည်။

စိန်ခေါ်မှုများ မည်သို့ပင်ရှိစေကာမူ စစ်ဘက်သို့ ဓာတ်ငွေ့အခွန်များရောက်ရှိနေခြင်းကို ရပ်တန့်ရန် ပိတ်ဆို့အရေးယူမှုများ ချမှတ်ရန် နည်းလမ်းရှာရပါမည်ဖြစ်ကြောင်း၊ နိုင်ငံကြီးများ၏ ပျက်ကွက်မှုသည် မြန်မာပြည်သူများ၏ဘဝနှင့် ဆင်းရဲဒုက္ခများ ဖြစ်ပေါ်စေကြောင်း ပြောဆိုထားသည်။

အမေရိကန်နှင့်ပြင်သစ် ကုမ္ပဏီများက ထောက်ပံ့ ပေးအပ်ထားသည့် ရန်ပုံငွေများဖြင့် လေကြောင်းတိုက်ခိုက်မှုများ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများနှင့် အခြားလူ့အခွင့်အရေးချိုးဖောက်မှုများကို ရှုံချနေရုံဖြင့် မပြီးကြောင်း၊ စစ်ရာဇ၀တ်မှုများနှင့် ကရင်လူမျိုးများအပေါ် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများ အပါအဝင် နိုင်ငံတကာဥပဒေ ချိုးဖောက်မှုများကို တား ဆီးရန် ပျက်ကွက်ခဲ့နေကြောင်း၊ လူ့အခွင့်အရေးချိုးဖောက်မှုများကို ဆက်လက်ကျူးလွန်ရန်၊ တိုက်ခိုက်မှုများနှင့် စစ်တပ်အာဏာသိမ်းမှုကို အားပေးသည့်အခြေအနေဖြစ်ကြောင်းထောက်ပြထားသည်။

အမေရိကန်နှင့်ပြင်သစ်အနေဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ငွေကြေးထောက်ပံ့ခြင်းများကို ရပ်တန့်ရန်၊ စစ်တပ်ကို ဓာတ်ငွေ့အခွန်ပေးဆောင်မှု ပိတ်ဆို့ဟန့်တားရန် ရိုဟင်ဂျာလူမှုအဖွဲ့အစည်းများက တောင်းဆိုကြသည်။ 

ဇန်နဝါရီလ ၁၃ ရက်နေ့ကလည်း ကရင်လူမှုအဖွဲ့အစည်း ၆၇ ခုက အမေရိကန်သမ္မတနှင့် ပြင်သစ်သမ္မတထံ စစ်ကောင်စီ၏ ဝင်ငွေရလမ်း ဓာတ်ငွေ့ ရငွေများကို ပိတ်ဆို့အရေးယူရန် စာပေးပို့ တောင်းဆိုခဲ့သည်။

ဓာတ်ပုံ- အမေရိကန်နှင့်ပြင်သစ် သမ္မတ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article