25 C
Yangon

ရန်ကုန်၊ သင်္ဃန်းကျွန်း Asia Smile ဟိုတယ်ရှေ့တွင် လူငယ်နှစ်ဦးကို စစ်တပ်က ပစ်ခတ်၊ တစ်ဦးမှာ ကျည်ထိဒဏ်ရာရစဉ် ရိုက်နှက်ခံရ ၊ ရွှေပြည်သာတွင် ဆိုင်ကယ်စီး လူငယ်တစ်ဦးကို စစ်တပ်က ပစ်သတ်

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၁ 

ရန်ကုန်၊ သင်္ဃန်းကျွန်းမြို့နယ်၊ သံသုမာလမ်း၊ စုပေါင်းမှတ်တိုင်အနီး Asia Smile Hotel ရှေ့တွင် လူငယ် နှစ်ဦးကို စစ်တပ်က ပစ်ခတ်ရာ လူငယ် ၁ ဦး ကျည်ထိမှန်ဒဏ်ရာရရှိပြီး အဆိုပါ ဒဏ်ရာရ လူငယ်ကို စစ်တပ်က ၀ိုင်းဝန်းရိုက်နှက်ကြကြောင်း‌ ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ 

ဇန်နဝါရီလ ၂၁ ရက်နေ့ ယနေ့ နံနက် ၁၁ နာရီကျော်အချိန်  သင်္ဃန်းကျွန်းမြို့နယ်၊ သံသုမာလမ်း စုပေါင်းမှတ်တိုင် နားတွင် စစ်ကောင်စီတပ်များက လူငယ် ၂ ဦးကို သေနတ်ဖြင့် ၃ ချက်ပစ်ခတ်ကြောင်း၊ လူငယ်တစ်ဦး ကျည်ထိမှန်လဲကျသွားပြီး အခြားလူငယ် ၁ ဦးမှာလည်း အရှင်ဖမ်းခံရကြောင်း၊ ဒဏ်ရာရလူငယ်ကို စစ်တပ်က ၀ိုင်းဝန်း ရိုက်နှက်ကြောင်း ဒေသခံများက ပြောသည်။ 

“ကောင်လေးတစ်ယောက်ထိသွားတယ်။ စုစုပေါင်းလူငယ်နှစ်ယောက်ကို ဖမ်းတာ။ အရပ်ဝတ်တွေနဲ့ ပစ်ခတ်ပြီး ဖမ်းနေတာ။ အခုသွေးကွက်တွေ လမ်းပေါ်မှာ ဖုံးနေတယ်။ ကျည်ထိသွားတဲ့လူငယ်ကို ဆေးရုံလည်းမပို့သေးဘူး။ ကားပေါ်တင်ထားတယ်။ ယူနီဖောင်းဝတ်ခွေးများထပ်ရောက်တယ်။  အပစ် ခံရ တဲ့သူကို ဆေးရုံမပို့ဘဲ ရိုက်နေတယ်။။ လမ်းဘေးဆွဲချပြီး ရိုက်နှက်ပါတယ်။ ပစ်တဲ့ ကောင်တွေက အကုန်အရပ်ဝတ်တွေနဲ့ အိမ်စီးကားနဲ့လာတာ။  တော်တော်ယုတ်မာလွန်းလို့ပါ။ ဟိုတယ်ရှေ့မှ သွေးကွက်တွေကို သဲနဲ့ဖုံးနေကြတာ” ဟု မျက်မြင်တွေ့ရှိရသူ ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ 

အလားတူ ဇန်နဝါရီလ ၂၀ ရက်နေ့ ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် ၊ လှော်ကား Max ဓာတ်ဆီဆိုင်အနီး အမှတ် ၂၄ ရပ်ကွက် ရွှေပြည်သာကွေ့နား ခလရ (၇၇)စစ်တပ်ရှေ့တွင် လူငယ် ၂ ဦးလိုက်ပါသော ဆိုင်ကယ်ကို  ရပ်မပေးဟုဆိုကာ စစ်တပ်က သေနတ်ဖြင့် ပစ်ခတ်၍ ဆိုင်ကယ်ပေါ်ပါ လူငယ်တစ်ဦး ပွဲချင်းပြီး သေဆုံးသွားကြောင်းဒေသခံများက ပြောသည်။ 

“မနေ့ညနေ၃နာရီနဲ့၄နာရီကြားမှာ ရွှေပြည်သာလှော်ကား Maxဆီဆိုင် ထိပ်မှာ ဆိုင်ကယ်နေ့တိုင်းဖမ်းတဲ့ သူတောင်းစားတွေ လူတစ်ယောက်ကိုမောင်းပြေးလို့ ပစ်သတ်လိုက်တယ်။  ကျွန်တော်ပြန်လှည့်ပြေးတဲ့အချိန်မှာ သေနတ်သံကြားလို့လည့်ကြည့်လိုက်တော့ ဆိုင်ကယ်ရော လူရော မှောက်ပြီး မလှုပ်တော့ဘူး။ အဲဒီလူငယ်က ဘယ်ကလဲတော့မသိဘူး။ သူ့အိမ်ကလည်း သိမှာမဟုတ်ဘူး။ ဘလိုင်းကြီး လူမြင်ကွင်းမှာ ပစ်သတ်တာပါ” ဟု မျက်မြင်တစ်ဦးက ပြောသည်။ 

စစ်ကောင်စီ၏ ဝါဒဖြန့် The River News TNR ကမူ လုံခြုံရေးတပ်ဖွဲ့ဝင်များကို ဆိုင်ကယ်ဖြင့် တိုက်သဖြင့် အဆိုပါလူငယ်ကို ပစ်သတ်လိုက်ခြင်းဖြစ်သည်ဟု သတင်းထုတ်ပြန်ထားသည်။ 

ဓာတ်ပုံ- ယနေ့ စစ်တပ်က လူငယ်နှစ်ဦးကို ပစ်ခတ်မှု ဖြစ်ပွားသော Asia Smile Hotel ရှေ့မြင်ကွင်း။ (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article