38 C
Yangon

စစ်အာဏာသိမ်းမှုအောက်တွင် နေထိုင်နေရသည့် မြန်မာပြည်သူများကို မေ့မထားဟု အမေရိကန်သမ္မတပြောဆို၊ ဒီမိုကရေစီ ပြန်မသွားလျှင် စစ်တပ်နှင့်နောက်လိုက်များကို ဒဏ်ခတ်အရေးယူမည်

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁

အကြမ်းဖက် ဖက်ဆစ် မင်းအောင်လှိုင်နှင့် စစ်တပ်၏ စစ်အာဏာသိမ်းမှု လက် အောက်တွင် နေထိုင်နေရသည့် မြန်မာပြည်သူများကို မေ့လျော့ထားခြင်းမရှိကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က မြန်မာစစ်တပ်၏အာဏာသိမ်းမှု ၁ နှစ်ပြည့်အချိန်တွင် မိန့်ခွန်း တစ်ရပ် ထုတ်ပြန်ပြောဆိုလိုက်သည်။

အဆိုပါ မိန့်ခွန်းတွင် အမေရိကန်သမ္မတက စစ်တပ်၏အာဏာသိမ်းယူခြင်းနှင့် အရပ်သားပြည်သူများကို တိုက်ခိုက်ခြင်းတို့အတွက် တာဝန်ရှိသူအားလုံးကို တာဝန်ခံမှု တာဝန်ယူမှုရှိစေရေးအတွက် အာဆီယံဒေသတွင်းအပါအဝင် မိမိတို့ မိတ်ဖက်များ၊ မဟာမိတ်များအတူ အနီးကပ် ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ပြောဆိုသည်။

စစ်အာဏာရှင်အဖွဲ့အစည်းသည် လက်ရှိလျှောက်လှမ်းလျက်ရှိသောလမ်းကြောင်းကို နောက် ပြန်လှည့်ရမည်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့် အပါ အဝင် အခြား ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် ခေါင်းဆောင်များ၊ သတင်းထောက်များ၊ အရပ်ဘက်အဖွဲ့အစည်းခေါင်း ဆောင်များ၊ တက်ကြွလှုပ်ရှားသူများနှင့် နိုင်ငံခြားသားများ စသည့် တရားမဝင်ဖမ်းဆီးထိန်းသိမ်းထားသူအားလုံးကို ပြန်လွှတ်ပေးရမည်ဖြစ်ကြောင်း၊ စစ်တပ်နှင့် ၄င်းကိုထောက်ခံသူများအား ဒဏ်ခတ်အရေးယူမှုများကို မိမိတို့ ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ပြောဆိုသည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၏ မိန့်ခွန်းအပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၏ မြန်မာ့အရေး မိန့်ခွန်း
===============================

“လွန်ခဲ့သည့်တစ်နှစ်က မြန်မာစစ်တပ်သည် မြန်မာပြည်သူများ၏ ဆန္ဒကို ပိတ်ပင်ဟန့်တားပြီး ဒီမိုကရေစီနည်းကျတင်မြှောက်ထားသည့် အစိုးရကို ဖြုတ်ချကာ အာဏာသိမ်းယူခဲ့ပါသည်။

ထိုအချိန်မှစပြီး စစ်အာဏာရှင်အဖွဲ့အစည်းသည် ကလေးငယ်များအပါအဝင် အရပ်သားပြည်သူလူထုအပေါ်တွင် မရေမတွက်နိုင်သော ရက်စက်ကြမ်းကြုတ်သည့် လုပ်ရပ်များ၊ နှုတ်ဖြင့်ထုတ်ဖော်ပြောမပြနိုင်လောက်သည့် အကြမ်းဖက်မှုများကို ကျူးလွန်ခဲ့ပါသည်။

လူပေါင်း ၁,၅၀၀ကျော် သတ်ဖြတ်ခံခဲ့ရပြီး ထောင်ပေါင်းများစွာသည်လည်း မတရားဖမ်းဆီးထိန်းသိမ်းခြင်း သို့မဟုတ် ဟန်ပြတရားစီရင်မှုများဖြင့် ပြစ်ဒဏ်ချမှတ်ခြင်းတို့ကို ခံခဲ့ရပါသည်။ အဂတိလိုက်စားမှုများမှာလည်း အကြီးအကျယ် ဖြစ်ပွားလျက်ရှိပြီး ပြည်တွင်းပဋိပက္ခသည်လည်း ဆိုးသထက် ဆိုးလာလျက်ရှိသည်။ စစ်အာဏာရှင်အဖွဲ့အစည်း၏ ခေါင်းဆောင်ပိုင်းနှင့် ၄င်းတို့၏ နောက်လိုက်များသည် ၄င်းတို့ဖန်တီးခဲ့သော အလဲလဲအပြိုပြိုအခြေအနေမှ အမြတ်ထုတ်ယူရန် ကြိုးစားလျက်ရှိကြစဉ် စစ်အာဏာသိမ်းမှုသည် မြန်မာနိုင်ငံတစ်ဝန်း ကြီးမားသော ဆင်းရဲဒုက္ခများကို ဖြစ်ပေါ်စေပြီး ဒေသတွင်း တည်ငြိမ်အေးချမ်းသာယာမှုကိုလည်း ထိခိုက်စေပါသည်။

မြန်မာနိုင်ငံတစ်ဝန်းတွင် သန်းနှင့်ချီသောပြည်သူများသည် အသက်ကယ်ဆယ်ရေးအကူအညီများ အကြီးအကျယ်လိုအပ်လျက်ရှိသော်လည်း စစ်အာဏာရှင်အဖွဲ့သည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးအပ်ခြင်းကို ဟန့်တားပိတ်ပင်ပြီး အကူအညီပေးရေးဝန်ထမ်းများကိုလည်း တိုက်ခိုက်ပါသည်။

ဤသို့ လက်မခံနိုင်စရာလုပ်ရပ်များကို မိမိတို့ ရှုတ်ချပြီး အာဏာသိမ်းယူခြင်းနှင့် အရပ်သားပြည်သူများကို တိုက်ခိုက်ခြင်းတို့အတွက် တာဝန်ရှိသူအားလုံးကို တာဝန်ခံမှု တာဝန်ယူမှုရှိစေရေးအတွက် အာဆီယံဒေသတွင်းအပါအဝင် မိမိတို့ မိတ်ဖက်များ၊ မဟာမိတ်များအတူ အနီးကပ် ဆောင်ရွက်လျက်ရှိပါသည်။

စစ်အာဏာရှင်အဖွဲ့အစည်းသည် လက်ရှိလျှောက်လှမ်းလျက်ရှိသောလမ်းကြောင်းကို နောက်ပြန်လှည့်ရမည်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့် အပါအဝင် အခြား ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် ခေါင်းဆောင်များ၊ သတင်းထောက်များ၊ အရပ်ဘက်အဖွဲ့အစည်းခေါင်းဆောင်များ၊ တက်ကြွလှုပ်ရှားသူများနှင့် နိုင်ငံခြားသားများ စသည့် တရားမဝင်ဖမ်းဆီးထိန်းသိမ်းထားသူအားလုံးကို ပြန်လွှတ်ပေးရမည်။

လူသားချင်းစာနာထောက်ထားမှုအကူအညီပေးအပ်သည့် အဖွဲ့အစည်းများမှ ဝန်ထမ်းများကို အတားအဆီးမရှိ အကူအညီပေးအပ်ခွင့် ပြုရမည်။ စစ်အာဏာရှင်သည် မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည် ရောက်ရှိစေရေးအတွက် သက်ဆိုင်သူများအားလုံးနှင့် ထိထိရောက်ရောက်အပြန်အလှန်ဆွေးနွေးမှုကို အလျင်အမြန်လုပ်ဆောင်သင့်ပါသည်။

စစ်အာဏာရှင်သည် မြန်မာပြည်သူများ၏ ဒီမိုကရေစီနည်းကျထုတ်ဖော်ပြောဆိုသည့်အသံများကို ဆက်လက် ပိတ်ပင်တားဆီးနေမည်ဆိုပါက စစ်တပ်နှင့် ၄င်းကိုထောက်ခံသူများအား ဒဏ်ခတ်အရေးယူမှုများကို မိမိတို့ ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်သည်။

မြန်မာပြည်သူများ၏ ကြိုးပမ်းအားထုတ်မှုများကို မိမိတို့ မေ့လျော့ခြင်းမရှိကြောင်း အသိပေးပါသည်။ သင်တို့နိုင်ငံတွင် ဒီမိုကရေစီနှင့် တရားဥပဒေစိုးမိုးရေးကို ဆောင်ကြဉ်းနိုင်ရန် မဆုတ်မနစ် ကြိုးစားအားထုတ်လျက်ရှိသော သင်တို့အား မိမိတို့ ဆက်လက် အားပေးထောက်ခံသွားပါမည်။”

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article