39 C
Yangon

အာဏာရှင်တို့ ဗိုလ်ရူးသဘင်ကြား အလံနှင့်အသံကိုနားစွင့်ကြပါစို့

Must read

By လမ်းသစ်

အာဏာသိမ်းမူ တစ်နှစ်ကျော်လာသော်လည်း မည်သည့်အရာတွင်မှ မှန်းချက်နှင့်နှမ်းထွက် မကိုက်ခဲ့သည့် အကြမ်းဖက် စစ်ကောင်စီခေါင်းဆောင်က နောက်တစ်မျိုး ကြံစည်လိုက်ပြန်သည်။ စစ်အာဏာသိမ်းခေါင်းဆောင်က ၎င်း၏သမ္မတအိပ်မက် တစ်နည်းဆိုသော် သမ္မတရူး ရူးနေမူကို အတင်းအကျပ် အကောင်အထည် ဖော်လိုက်ခြင်းဟုလည်း ဆိုနိုင်သည်။ ပြည်သူ့အစိုးရထံမှအာဏာသိမ်းယူခဲ့မူ နောက်ဆက်တွဲဂယက်များကြောင့် တိုင်းပြည်က စီးပွားရေးအပါအဝင် အလုံးစုံ ချောက်ထဲထိုးကျနေချိန်တွင် ၎င်းကြံစည်လိုက်သည်က အခြားမဟုတ်။ ဖေဖော်ဝါရီလ ၁၂ ရက်တွင် ကျရောက်မည့် စိန်ရတုပြည်ထောင်စုနေ့တွင် ကျပ်သိန်းပေါင်း ကိုးသောင်းကျော် အကုန်အကျခံ၍ ဗိုလ်ရှုသဘင်အခမ်းအနား ပြုလုပ်ရန် ပြင်ဆင်နေခြင်းပင် ဖြစ်သည်။ဗိုလ်ရှုသဘင်ဆိုသည်မှာ တိုင်းပြည်၏အကြီးအကဲ သမ္မတကို စစ်တပ်ခေါင်းဆောင်အပါအဝင် စစ်ဘက်၊ အရပ်ဘက်အားလုံးက နာခံအလေးပြုရသည့် အခမ်းအနားဟု တိုတိုနှင့်လိုရင်း ပြောနိုင်သည်။ ရှေးမြန်မာဘုရင်များ လက်ထက်ကလည်း ကျင်းပသည့် အစဉ်အလာတစ်ခု ဖြစ်သည်။လွတ်လပ်ရေးရပြီးချိန်တွင်လည်း ၁၉၆၂ ခုနှစ်အထိ ကျင်းပခဲ့ပြီး တပ်ခေါင်းဆောင်များက သမ္မတကို အလေးပြုခဲ့သည်ဟု မှတ်တမ်းများတွင် တွေ့ရသည်။ ထိုအပြင် ဗိုလ်ရှုသဘင်ဆိုသည်မှာ လွတ်လပ်ရေးနေ့များတွင်သာ ကျင်းပလေ့ရှိသည့် အခမ်းနားတစ်ခုလည်း ဖြစ်သည်။စစ်သားတစ်ပိုင်း အရပ်သားအစိုးရ ဦးသိန်းစိန်လက်ထက် ၂၀၁၅ ကလည်း ဗိုလ်ရှုသဘင်ကို ပြန်လည်ပြုလုပ်ခဲ့ဖူးသည်။ ဒီမိုကရေစီရွေးကောက်ခံ NLDအစိုးရလက်ထက်တွင်တော့ ဗိုလ်ရှုသဘင်ကို ကျင်းပခဲ့ခြင်းမရှိ။စစ်အာဏာသိမ်းခေါင်းဆောင်က ယခုကဲ့သို့ ဗိုလ်ရှုသဘင်ကို ပြုလုပ်ရန် စီစဉ်နေခြင်းမှာလည်း အကြောင်းရှိသည်။ စစ်ကောင်စီ၏ အုပ်ချုပ်မူအောက်တွင် တိုင်းပြည်မှာ ပုံမှန်အနေအထားအတိုင်း တည်ငြိမ်နေသည်ဟု နိုင်ငံတကာကို ပြသလိုခြင်းဟု လေ့လာသူများက သုံးသပ်သည်။ ၎င်းတို့ကို ဆန့်ကျင်နေသည်မှာ လူနည်းစုသာဖြစ်ပြီး တိုင်းပြည်ကို ထိန်းချုပ်ထားနိုင်သည်ဟု ပြသလိုခြင်းပင်ဖြစ်သည်။ ဗိုလ်ရှုသဘင်ပြုလုပ်မည့် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားတက်ရောက်ရန် အာဏာသိမ်းခေါင်းဆောင်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကိုလည်း ဖိတ်ခေါ်ထားသည်။ ထိုအပြင် ထာဝရငြိမ်းချမ်းရေး အကြိုဆွေးနွေးပွဲဟုဆိုကာ ဆွေးနွေးပွဲတစ်ခု ပြုလုပ်ရန်လည်း စီစဉ်ထားပြီး တိုင်းရင်းသားလက်နက်ကိုင်များ တက်ရောက်ရန် ဖိတ်ခေါ်ထားသည်။ တစ်နိုင်ငံလုံး အပစ်ရပ်သဘောတူညီချက် (NCA) ရေးထိုးထားသည့်အဖွဲ့များအပြင် လက်မှတ်မရေးထိုး ရသေးသည့်အဖွဲ့များကိုပါ ဖိတ်ခေါ်ထားပြီး ဆွေးနွေးပွဲအတွက် ကြိုတင်ကန့်သတ်ချက် မကန့်သတ်ထားဟုလည်း လေပြည်ထိုးထားသည်။အရပ်သားအစိုးရလက်ထက် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် အစဉ်တစိုက် ကန့်လန့်တိုက် မောက်မာခဲ့သည့် စစ်တပ်အနေဖြင့် ယခုကာလကဲ့သို့ ဖိအားပေါင်းစုံ ကျရောက်နေချိန်တွင် အောက်ကျို့ခံနေခြင်း၊ အရပ်စကားဖြင့်ဆိုသော် ဖားနေခြင်းပင်ဖြစ်သည်။ထိုအပြင် ဗိုလ်ရှုသဘင် အခမ်းအနားတွင် စစ်ကြောင်းပုံစံ ချီတက်အလေးပြုရန်အတွက်လည်း ဌာနဆိုင်ရာရုံးတစ်ရုံးကို လူဦးရေ ၁၅၀ နှုန်းစီဖြင့် အမိန့်ထုတ် ခေါ်ယူထားသည်ဟုလည်း သိရသည်။ စစ်အာဏာသိမ်းခေါင်းဆောင်၏ ဉာဏ်အမြော်အမြင် နည်းပါးလှသည့် လုပ်ရပ်များမှာ ဆိုဖွယ်ရာစကားမရှိဟုပင် ပြောရပေမည်။ ပြည်တွင်းသာမက နိုင်ငံတကာတွင်ပါ ဗီလိန်အကျော်အမော်ဖြစ်နေသည့် အာဏာသိမ်းခေါင်းဆောင်နှင့် စစ်ကောင်စီမှာ နေမြင့်လေ အရူးရင့်လေဖြစ်ပြီး မိုက်တွင်းနက်သထက်နက်လာသည်ဟုပင် ဆိုရမည်။ဗိုလ်ရှုသဘင် ပြုလုပ်မည့် ပြည်ထောင်စုနေ့တွင် စောင့်ကြည့်ရမည့် အကြောင်းအရာတစ်ခုလည်း ရှိသေးသည်။ အထွေထွေသပိတ်ကော်မတီများက ယင်းနေ့ရက်တွင် လှုပ်ရှားမူတစ်ခုပြုလုပ်ရန် နှိုးဆော် တိုက်တွန်းထားခြင်းဖြစ်သည်။ ဖေဖော်ဝါရီ၁၂ရက်တွင် လူထုအနေဖြင့် နေအိမ်ထဲမှာ မနေဘဲ ရောက်ရာအရပ်တွင် အသင့်ရှိနေပေးရန် နှိုးဆော်ထားသည်။ မည်သည့်နည်းလမ်းဖြင့် ဆောင်ရွက်မည်ကို တော်လှန်ရေးအင်အားစုများ၏ အလံနှင့်အသံကို နားစွင့်၍ အသင့်ပြင်ပြီး စစ်အာဏာရှင်ကို ရောက်ရာအရပ်မှ တော်လှန်ကြရန် အသိပေးတိုက်တွန်းထားခြင်းဖြစ်သည်။အဆိုပါနှိုးဆော်မူများကိုလည်း စစ်အာဏာရှင်တို့က ခြောက်ခြား ပူပန်နေမည်မှာ လက်ခတ်မလွဲ။ အကြမ်းဖက်စစ်ကောင်စီ အရှုံးပေးခဲ့ရသော ပြည်သူတို့ ညီညွတ်မူဖြင့် ကမ္ဘာကျော်ခဲ့သည့် အသံတိတ်သပိတ်များက သာဓကတတစ်ခုလည်းဖြစ်သည်။စစ်အာဏာသိမ်းခေါင်းဆောင်၏ ဗိုလ်ရှုသဘင် ပြုလုပ်မည့်နေ့ရက်တွင်လည်း ပြည်သူများက စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ရရာနည်းလမ်းဖြင့် ပြသကြမည်မှာ မုချမလွဲပင်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article