ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄
နေပြည်တော် တပ်ကုန်းမြို့နယ်ရှိ ကြံ့ဖွတ်ရုံး ယနေ့ ည ၇ နာရီအချိန်တွင် ဗုံးဖောက်ခွဲခံရပြီး စစ်တပ်က တပ်ကုန်းမြို့နယ်အတွင်းတွင် ရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်နေကြောင်း မြို့နေပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
“အခု မြို့ထဲမှာ သေနတ်နဲ့ရမ်းပစ်နေပြီ။ တပ်ကုန်းမြို့ကြံ့ခိုင်ရေးရုံးမှာ ဒီနေ့ ညနေ ၆ နာရီ ၅၀ မိနစ်အချိန်မှာ တပ်ကုန်းနင်ဂျာ ပျောက်ကြားတပ်ဖွဲ့က ချိန်ကိုက်ဗုံးတစ်လုံး ဖောက်ခွဲခဲ့ပါတယ်” ဟု တပ်ကုန်းနင်ဂျာ သတင်းရင်းမြစ်က ပြောသည်။
ဗုံးပေါက်ကွဲမှုကြောင့် တပ်ကုန်းကြံ့ဖွတ်ရုံးတွင် ရုံးမှန်တံခါးများ ပျက်စီးသွားပြီး လူထိခိုက်မှုမရှိကြောင်း သိရှိရသည်။
အလားတူ ရှမ်းပြည်နယ်၊ ရွာငံမြိုရှိ ကြံ့ဖွတ်ရုံးအနီးတွင် ယနေ့ မွန်းလွဲ ၂ နာရီ ၂၈ မိနစ် အချိန်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ကလောသတင်းရင်းမြစ်က သတင်းဖော်ပြသည်။
ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်၊ ကြံ့ဖွတ်ရုံးအနီးတွင်လည်း ယနေ့ ညနေ ၆ နာရီ ၄၅ မိနစ်အချိန်တွင် ဗုံးပေါက်ကွဲကြောင်း ဗန်းမော်သတင်းရင်းမြစ် ၂၁ လူငယ်က သတင်းဖော်ပြသည်။
အလားတူ ယနေ့ ည ၇ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်၃၆လမ်း×၇၀လမ်းဒေါင့်တွင် ဗုံးပေါက်ကွဲမှုဖြစ်ကြောင်း၊ ပေါက်ကွဲမှု ဖြစ်ပွားသော နေရာသည် စစ်ကောင်စီ ယန္တရားမှ အရာရှိများ နေသော အိမ်ရာနှင့် နီးကပ်စွာတည်ရှိကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
ထို့ပြင် ယနေ့ည ၇နာရီဝန်းကျင်တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ဒူကထောင်ရပ်ကွက် အများပြည်သူသွားလမ်း စံပြလမ်းမပေါ် ၌ မိုင်းတစ်လုံးပေါက်ကွဲခဲ့ပြီး ပြည်သူ ၃ ဦး ထိခိုက်ခဲ့ကြောင်း ကချင် သတင်းရင်းမြစ်များက သတင်းဖော်ပြသည်။
ဓာတ်ပုံ-တပ်ကုန်းကြံ့ဖွတ်များ၏ လှုပ်ရှားမှု မြင်ကွင်းတချို့။ (ပုံအဟောင်းဖြစ်သည်)