25 C
Yangon

စစ်ကိုင်း ကလေးမြို့နယ်တွင် စစ်တပ် ယာဉ်တန်းနှင့် စစ်ကြောင်းများ ၂ရက်ဆက်တိုက် မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်ခံရကာ စစ်သား ၃၅ ဦးသေဆုံး၊ တမူးတွင်လည်း စစ်ကောင်စီ စခန်းတစ်ခု စီးနင်း တိုက်ခိုက်ခံရ

Must read

ရန်ကုန်၊ ဧပြီ ၁၁

စစ်ကိုင်းတိုင်း ကလေးမြို့နယ်တွင် ဧပြီလ ၁ဝရက်နေ့နှင့် ၁၁ရက်နေ့တို့တွင် အကြမ်းဖက် စစ်ကောင်စီ ယာဉ်တန်းနှင့် စစ်ကြောင်းများ အကြိမ်ကြိမ် မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်ခံရကာ စစ်သား ၃၅ဦးထက်မနည်း သေဆုံးခဲ့ကြောင်း People Defence Force (Kalay) တပ်ဖွဲ့ထံမှ သိရသည်။

ကလေးမြို့နယ် ချောင်းခံရွာဘက်သို့ ထွက်ခွာလာသည့် စစ်ကား အစီး ၂၀ပါ ယာဉ်တန်းကို ဧပြီလ ၁၀ ရက်နေ့ မွန်းလွဲ ၄နာရီခန့်တွင် ပန်းမွန်ချောင်း တံတားအနီး၌ ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး ညနေ ၆နာရီ ၃ဝမိနစ်ခန့်တွင် ချောင်းခွရွာနှင့် နတ်ချောင်းရွာကြားတွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များနှင့် ကာကွယ်ရေး တပ်ဖွဲ့များ တိုက်ပွဲ ဖြစ်ပွားခဲ့ကာ စစ်သား ၂ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ဧပြီလ ၁၁ ရက်နေ့ နံနက် ၆နာရီမှ မွန်းလွဲ ၃နာရီအထိ နတ်ချောင်းရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များနှင့် ကာကွယ်ရေး တပ်ဖွဲ့များ တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ပြီး စစ်သား ၆ဦးသေဆုံးခဲ့ကြောင်း သိရသည်။

မွန်းလွဲ ၃နာရီ ၃ဝမိနစ်ခန့်တွင် နတ်မြောင်းရွာမှ သာစည်ရွာသို့ ခြေလျင် စစ်သားများ နောက်ချန် ယာဉ်တန်း များဖြင့် တက်လာစဉ် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့က မိုင်း ၂၄ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၁ဝ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်ကောင်စီ ယာဉ်တန်းကို သာစည်ရွာနှင့် ကြာအင်းရွာ အကြားတွင် ဒေသခံကာကွယ်ရေး တပ်ဖွဲ့က မိုင်း ၂၉လုံးဖြင့် ထပ်မံ ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၉ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ယင်း ယာဉ်တန်းကို ချင်းဆိုင်ရွာနှင့် ဇင်းကလင်းရွာကြားတွင် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့က မိုင်း ၁၂ လုံးဖြင့် ထပ်မံ တိုက်ခိုက်ခဲ့ပြီး စစ်သား ၅ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ထို့ပြင် ကလေးမြို့တွင်လည်း ကလေးနည်းပညာ တက္ကသိုလ်ဘက်သို့ စစ်ကြောင်းထိုးလာသော စစ်သား ၃ဝဦးကိုလည်း ဧပြီလ ၁၁ ရက်နေ့ နံနက် ၁ဝနာရီခန့်တွင် ဇင်းကလင်းရွာနှင့် ကလေးနည်းပညာ တက္ကသိုလ် တက္ကသိုလ် ကြားတွင် ဒေသခံကာကွယ်ရေး တပ်ဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၃ဦးသေဆုံးခဲ့ကာ ယင်းယာဉ်တန်းသည် ကလေးမြို့တွင်းသို့ ဝင်ရောက်သွားကြောင်းသိရသည်။

အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းနှင့်ယာဉ်တန်းများကို PDF (Kalay)၊ CNDF၊ CDF (KKG)နှင့် ပ.က.ဖ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်သား ၃၅ ဦးထက်မနည်းသေဆုံးကာ ကာကွယ်ရေး တပ်ဖွဲ့ ၃ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ မြို့သစ်မြို့နယ်ခွဲ၊ ထုံကတင် – တုံးမန လမ်းပိုင်းရှိ ရဲနှင့် ပျူစောထီး အဖွဲ့များ တပ်စွဲထားသော စခန်းတစ်ခုကို ပြည်သူ့ ကာကွယ်ရေး တပ်မတော်၊ စစ်မြေပြင်အင်ဂျင်နီယာတပ်ဖွဲ့ (PDF – CEU) နှင့် ABSDFတို့က ပူးပေါင်း စီးနင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ စခန်းရှိ ရဲ ၁ဦးနှင့် ပျူစောထီး အဖွဲ့ဝင် ၁ဦးတို့ ထွက်ပြေး လွတ်မြောက် ခဲ့ပြီး စခန်းကို စီးနင်းနိုင်ခဲ့ကာ AK တစ်လက်နှင့် AIR GUN တစ်လက် သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

ယင်း စခန်းတွင် ရဲ၊ ပျူစောထီးများနှင့် ပူးပေါင်းနေသော ပြည်သူများပါ ဖမ်းဆီး ရမိခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များနှင့် ပူးပေါင်းခြင်းများ ထပ်မံ မပြုလုပ်ရန် ပြောဆိုပြီး ပြန်လွှတ်ပေးခဲ့ကြောင်း PDF – CEU က ထုတ်ပြန် ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article