25 C
Yangon

မန္တလေး ပုသိမ်ကြီးမြို့နယ် NLD ဥက္ကဠ ဦးစိုးဆင့်ကို စစ်တပ်က အင်အားသုံး ဖမ်းဆီး၊ ထားဝယ်တွင်လည်း စစ်တပ်က ပြည်သူ ၇ ဦးကို အကြောင်းမဲ့ ဖမ်းဆီး

Must read

ရန်ကုန်၊ ဧပြီ ၂၇

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် NLD ဥက္ကဠ ဦးစိုးဆင့်ကို အကြမ်းဖက် စစ်တပ် တပ်မ ၃၃ က ယနေ့ ဧပြီလ ၂၇ ရက်နေ့ နေ့လည် ၁၂ နာရီခန့်တွင် ပုသိမ်ကြီး မြို့နယ် ဆင်ရွာတော ကျေးရွာတွင် အင်အားသုံး ဝင်ရောက် ဖမ်းဆီး သွားကြောင်း ဦးစိုးဆင့်၏ ဆွေမျိုး မိတ်ဆွေများထံမှ သိရသည်။

အကြမ်းဖက် စစ်တပ်သည် ပုသိမ်ကြီးမြို့နယ် NLD ဥက္ကဠ ဦးစိုးဆင့်ကို PDF တပ်ဖွဲ့များ ထောက်ပံ့သည်ဆိုသော စွတ်စွဲချက်ဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဦးစိုးဆင့် နေအိမ်ရှိ NLD ပါတီ အလံများ၊ ဖုန်းများနှင့် စာရွက်စာတမ်းများကို စစ်တပ်က သိမ်းဆည်းသွားကြောင်း သိရသည်။

” အိမ်ထဲထိ ဝင်ဆွဲသွားတာ PDF တွေကို ထောက်ပံ့တယ် ဆိုပြီးဖမ်းတာ ဒီနေ့ ၁၂နာရီလောက်က ပုသိမ်ကြီးမြို့နယ် ဆင်ရွာတော ကျေးရွာ နေအိမ်မှာ ဖမ်းသွား တာလို့ သိရတယ်။ ပထမကြိမ် ဝင်စစ်တုန်းက လွတ်သေးတယ်။ ဒုတိယအကြိမ် ထပ်ဖမ်းတော့ ပါသွားတာ NLD အလံတွေရယ် စာရွက်စာတမ်း တွေရယ် ဖုန်း၂လုံးရယ် အကျႌတွေကော ယူသွားတယ်။ ဝင်ဖမ်းတာက စစ်တပ်ကဖမ်းတာ အင်အားများတယ်။ တပ်မ ၃၃က ဖမ်းတာလို့ကြားတယ်။ သူ့သားကိုလည်း ဖမ်းတယ်လို့ကြားတယ်။ သူ့သားက ထွက်ပြေးလို့ လွတ်သွားတယ်လို့ ပြောတယ်” ဟု ဦးစိုးဆင့်၏ မိတ်ဆွေ တစ်ဦးက ပြောဆိုသည်။

အလားတူ ထားဝယ်မြို့ ကရပ်ပြင်ရပ်ကွက်နှင့် မြို့တွင်းရပ်ကွက်တွင် အကြမ်းဖက် စစ်တပ်က ဧပြီလ ၂၆ရက်နှင့် ၂၃ ရက်နေ့တို့တွင် ကိုရဲ(ခ)တရုတ်၊ ကိုရှိုးလေး၊ ယောက်ဖဖြစ်သူ၊ ဦးမျိုးသန့်၊ ကိုစီပိ၊ ကိုလေးလုံးနှင့် အမျိုးသား ၁ဦးတို့ကို အကြောင်းမဲ့ ဝင်ရောက် ဖမ်းဆီးသွားကြောင်း ဒေသခံပြည်သူများ ထံမှ သိရသည်။

ဧပြီလ ၂၆ ရက် နံနက် ၂ နာရီခန့်တွင် ကရပ်ပြင်ရပ်ကွက်နှင့် မြို့တွင်းရပ်ကွက်ရှိ ကိုရဲ(ခ)တရုတ်၊ အမည်မသိ အမျိုးသား ၁ဦး၊ ကိုရှိုးလေးနှင့် ယောက်ဖ ဖြစ်သူတို့ကို အကြမ်းဖက် စစ်တပ်က ဖမ်းဆီးခဲ့ကြောင်း သိရသည်။

အဆိုပါ ကရပ်ပြင်ရပ်ကွက်၌ပင် ဧပြီလ ၂၃ ရက်နေ့ မွန်းလွဲ ၁ နာရီခန့် ကိုလေးလုံးနှင့် ည ၁၀ နာရီ ၃ဝမိနစ်ခန့်တွင် ဦးမျိုးသန့်၊ ကိုစီပိတို့ကို အကြမ်းဖက် စစ်တပ်က ဖမ်းဆီးသွားကြောင်း သိရသည်။

ယင်း ဖမ်းဆီးခံရသူများ၏ နေအိမ်ကို အကြမ်းဖက် စစ်တပ်က ဧည့်စာရင်း စစ်ဆေးမည်ဆိုကာ အကြောင်းမဲ့ ဝင်ရောက် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကို လက်ရှိချိန်ထိ မသိရသေးဘဲ မိသားစုဝင်များလည်း စိုးရိမ်လျက်ရှိကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article