33 C
Yangon

“စစ်တပ်နဲ့ပျူတွေက မကုန်မချင်း ရှို့ဦးမယ်ထင်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက် ယူချင်တဲ့ ပစ္စည်းယူလေ။ သူတို့ စိတ် ဖောက် ပြန်တဲ့ အခါကျရင် မီးရှို့သွားတယ်”

Must read

By ရန်ကုန်ခေတ်သစ်

စစ်ကိုင်းတိုင်း၊ချောင်းဦးမြို့နယ်၊ ယာကြီးတောရွာကို အကြမ်းဖက် စစ်တပ်က ၅ ကြိမ် မြောက်အဖြစ် ယမန်နေ့က မီးဝင်ရှို့ခဲ့ပြီး အကြိမ်ကြိမ် ဝင်ရောက် စီးနင်း မီးရှို့ခဲ့ သည့် ဖြစ်စဥ်နှင့် ပတ်သက်ပြီး ဒေသခံ ပြည်သူ တစ်ဦးကို ရန်ကုန် ခေတ် သစ် မီဒီယာက ဆက်သွယ်မေးမြန်းထားသည်။

မေး။ ။ ယာကြီးတောရွာကို စစ်တပ် မီးရှို့ဖျက်ဆီးခဲ့တဲ့ ဖြစ်စဥ် အသေးစိတ် အခြေ အနေ ဘယ်လိုရှိလဲ။

ဖြေ။ ။ လက်ရှိတော့ မီးရှို့ဖျက်ဆီးခံရတာ ၆၅ အိမ်ပေါ့။ ဖြစ်စဥ်က မနေ့ တစ် ကြိမ် အပါအဝင်ဆို ၅ ကြိမ်ရှိပြီ မနေ့က မီးရှို့ ဖျက်ဆီးခံရတဲ့ ဖြစ်စဥ်မှာ နေအိမ် ၂၀ ကျော် မီးလောင်ပြာကျတယ်။ ပထမ ဦးဆုံး မီးဝင်ရှို့တဲ့ ၁ လပိုင်းတုန်းက ၆ အိမ်နဲ့ ၃ လပိုင်းတုန်းက တော်တော်များတယ်။

ပထမ ဦးဆုံး သူတို့ ၆ အိမ် ဝင်ရှို့တဲ့ အချိန်တည်းက ပြည်သူတွေ အားလုံးက မနေကျတော့ဘူး အထဲမှာ မရှိကျတော့ဘူး။ ဝယာကျေးရွာ အုပ်စုခေါ်တာပေါ့ သူတို့က တစ်အုပ်စုတည်း ယာကြီး၊ ဝယာရယ် ကံကြီးရယ် ၃ရွာ တစ်အုပ်စုပေါ့။ အဲမှာရွာတွေကလည်း ကပ်နေတာပေါ့။ ချင်းတွင်းမြစ်ကြီး အရှေ့ဖက်ဘေးပေါ့။

သူတို့က ပထမ ဦးဆုံး ၁ လပိုင်း ၆ အိမ်ရှို့ပြီးတည်းက ရွာသူရွာသားတွေက အဲ့အချိန်မှာ တစ်ယောက်မှ မနေရဲတော့ဘူး အဲအချိန်တည်းက ထွက်ပြေးတိမ်းရှောင်နေရတာပေါ့။ သူတို့ဘေးကပ်နေတဲ့ ရွာတွေကိုလည်း ဝင်ချင်တိုင်းဝင် သူတို့ယူချင်တဲ့ ပစ္စည်းယူတယ်။ သူတို့ စိတ်ဖောက်ပြန်လို့ မထင်တဲ့အခါ မီးရှို့သွားတယ် အဲလိုကျတော့ အကြိမ်ရေ အားဖြင့်တော့ ကျန်တော်တို့က သိရပေမယ့် ဘယ် အကြိမ်တုန်းက ဘယ်နှအိမ်ဆိုတာတော့ ကျန်တော်တို့က ပြီးမှ ပြန်ပြန် လိုက်ရတဲ့အတွက် အတိအကျတော့ မရဘူး။ ဒါပေမယ့် အိမ်အရေအတွက်ကတော့ ၆၅ အိမ်ရှိသွားပြီ မီးရှို့တာတော့ ၅ ကြိမ်မြောက်သွားပြီပေါ့။ ယာကြီးတော တစ်ရွာတည်းကိုပြောတာဗျ။

ဒီဘက် မှာလည်း ဝယာဘက်မှာလည်း မီးရှို့ပါတယ်။ ဝယာအုပ်စုပေါ့။ သူတို့ရဲ့ ဟိုဘက်က ရွှေလျင်တို့ ရွှေကြင်တို့ အဲဖက်တွေမှာလည်း သူတို့ရှို့ပါတယ်။ သူတို့တွေက တောင်ဘက် မြောက်ဘက်ပေါ့။ ချင်းတွင်းမြစ်ရဲ့ အရှေ့အနောက်ဆိုတော့ တောင်ဘက်မြောက်ဘက်က ရွာတွေကို သူတို့ စစ်တပ်နဲ့ပေါင်းပြီးတော့ သူတို့က ဗျူဟာလေ အကြီးစား ဗျူဟာဆိုတော့ သေနတ်ကိုင်ပြီး ရမ်းကားတယ် မီးရှို့တယ်ပေါ့။

မေး။ ။ စစ်တပ်က မီး ၅ ကြိမ် ဝင်ရှို့ခဲ့တာ ဘယ်နေ့ ဘယ်လတွေလဲ။

ဖြေ။ ။ ၁ လပိုင်း၊ ၃ လပိုင်း၊ အခုလက်ရှိ ဒီလပေါ့။ အဲဒီ ၃လတည်းမှာ ၅ ကြိမ် ဝင်ရှို့သွားတယ်ပေါ့။

မေး။ ။ စစ်တပ် ဝင်ရောက်စီးနင်း မီးရှို့တဲ့ ၅ ကြိမ် အတွင်းမှာ ပြည်သူတွေ ထိခိုက် ဒဏ်ရာ ရတာတွေ ရှိလား။

ဖြေ။ ။ ပြည်သူထိခိုက် ဒဏ်ရာရတာကတော့ မီးရှို့နေတဲ့ အဲချိန်မှာကတော့ ပြည်သူ ထိခိုက် ဒဏ်ရာရတာ မရှိဘူး။ အဲဒီ ၁ လပိုင်းတည်းမှာကတော့ ပြည်သူ ၁ ဦးကို စစ်တပ်က ရွာထဲဝင်ပြီးတော့ ပစ်သွားတယ်ပေါ့။ ရမ်းသမ်း ပစ်ခတ်ပြီး ပြန်ဆုတ်သွားတယ်။ အဲဒီတုန်းက ပြည်သူ ၁ ဦးသေခဲ့ဖူးတယ်။ အဲဒါ ယာကြီးတောမှာပဲ သေဆုံးသူ အမည်က ဦးတင်ကြိုင်ပါ။ အဲတာဖြစ်ပြီး ရက်ပိုင်းပဲ ကွာပါတယ်။ တစ်ပတ်လောက်ပဲ ဖြစ်မယ်ထင်တယ်။ မီးဝင်ရှို့တယ်ပေါ့။

အဲတုန်းက ဦးတင်ကြိုင် ပစ်သတ်ခံရတာတော့ အထိုက်အလျှောက်တော့ ရွာထဲမှာ တချို့တစ်ဝက်နေကျသေးတယ်။ တချို့တစ်ဝက်တော့ ကြောက်လို့မို့လို့ ရှောင်တိမ်းတယ်ပေါ့။ ရှောင်တိမ်းဆိုတာ ကျန်တဲ့ နေနေတဲ့ သူတွေ မကြောက်လို့တော့ မဟုတ်ဘူး။

တစ်ခုရှိတာက အနယ်နယ် အရပ်ရပ် အကုန်လုံးကလည်း ကိုယ်နဲ့သိတယ်ဆိုပေမယ့် သွားဖို့လာဖို့ မိသားစုလိုက် ရွှေ့ဖို့ ပြောင်းဖို့ကျ အရမ်း ခက်ခဲတယ်လေ အားလုံးက စစ်ကြောင်းတွေလည်းဝင် ဘာတွေလည်းဝင် အဲလိုဆိုတဲ့ အခါကျတော့ အခက်အခဲမျိုးစုံရှိတဲ့ အခါကျတော့ တချို့က ကြောက်ပေမယ့်လည်း အကြောင်းအမျိုးမျိုးကြောင့် အခက်အခဲအမျိုးမျိုးကြောင့် မထွက်ဖြစ်သေးတာတွေ ရှိနေတာပေါ့။

ဒါပေမယ့် ၆ အိမ်ကို ဝင်မီးရှို့ပြီးတဲ့ နောက်ပိုင်းမှာတော့ သူတို့ အဆင်ပြေရာ ဘုန်းကြီးကျောင်းတွေ နီးစပ်ရာတွေ အဆင်ပြေရာ တစ်ကွဲ တစ်ပြားပေါ့။ အဲလိုနေကျရတာပေါ့။

မေး။ ။ ရွာမှာက အိမ်ခြေ ဘယ်လောက်လောက်ရှိလဲ။

ဖြေ။ ။ အိမ်ထောင်စု ၁၉၀ ဝန်းကျင်လောက်တော့ ရှိမယ်။ လူဦးရေ ခန့်မှန်းခြေ အတိအကျတော့ မသိရဘူး။ အိမ်ထောင်စုကတော့ အဲဝန်းကျင်ပဲရှိပါတယ်။

မေး။ ။ အခုက ရွာလုံးကျွတ် တိမ်းရှောင်နေရတာဆိုတော့ စစ်ရှောင် ပြည်သူတွေရဲ့ အခက်အခဲတွေ ဘာတွေရှိမလဲ။

ဖြေ။ ။ အခက်အခဲကတော့ မျိုးစုံပါပဲ အဓိကကတော့ စားဝတ်နေရေးပါပဲ။ လက်ရှိမှာတော့လေ စီးပွားရေး ဆိုတာကတော့ ဘယ်လိုမှ မလုပ်နိုင်ဘူး။ ကျွန်တော်တို့ဘက်မှာ အကုန်လုံး ပစ်ထားရပြီ အထိုက်အလျှောက် အတွင်း ပစ္စည်းဆိုတာကလည်း သိပ်ပြီးတော့ မယူလိုက်ရဘူး။

အကုန်လုံး မီးထဲပါတာပဲ သူတို့ရှို့ပြီဆိုရင်လည်း မလောင်လောင်အောင် ရှို့တာ တိုက်ဆိုရင် အထဲမှာ အထိုက်အလျှောက်အတွင်းထဲမှာ ဘာမှ အထူးမရှိဘူး ဆိုရင်တောင်မှ သိပ်မလောင်နိုင်ဘူးပေါ့။ ကန်ထရိုက်တိုက်ဆိုရင် လောင်ဖို့ မလွယ်တဲ့ဟာတွေကို မလောင်လောင်အောင်ရှို့တယ်။ နောက်ပြီး ကျွန်တော်တို့က တောရွာလေး ဖြစ်တဲ့အခါကျတော့ တချို့နေရာလေးတွေမှာက အိမ်ဝင်းကျယ်တဲ့သူတွေက တစ်နိုင်တစ်ပိုင် ကွမ်းခြံလေးတွေရှိတယ်။

အဲဒီကွမ်းခြံလေးတွေလည်း ရှိတာဆိုတော့ လောင်စာ ပိုကောင်းတာပေါ့။ သူတို့အဲတာတွေရှို့တယ်။ သူတို့ရှို့တာ မနေ့ကဆို ရွာအလည်ခေါင် တည့်တည့်ကနေပြီတော့ သူတို့ တောင်မြောက် တိုက်ရှို့သွားတယ်ပေါ့။ ရှို့တာကတော့ ကျွန်တော် ထင်တယ် အပြောင်ရှို့တာထင်တယ်။ ဒါပေမယ့် အရင် တစ်ခေါက်ရှို့ထားတာတွေက ကွက်ကြိုကွက်ကြားတွေဖြစ်နေတဲ့ အတွက်ကြောင့်မို့လို့ ကျန်တဲ့နေရာတွေ သိပ်မကူးဘဲနဲ့ ၂၀ ကျော်လောက်နဲ့တင် ရပ်တန့်သွားတယ်။ ဒါဟာလည်း စစ်တပ်နဲ့ပျူတွေက မကုန်မချင်း ရှို့ဦးမယ်ထင်ပါတယ်။ ဘာလို့ဆိုတော့ သူတို့ ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက် ယူချင်တဲ့ ပစ္စည်းယူလေ သူတို့ စိတ်ဖောက်ပြန်တဲ့ အခါရင် မီးရှို့သွားပေါ့။

မေး။ ။ NUG အစိုးရကကော ဘာလို ထောက်ပံ့မှုတွေ လုပ်ဆောင်တာရှိလဲ။

ဖြေ။ ။ အဲလို သီးခြားတော့ မသိရဘူး အထိုက်အလျှောက်ကတော့ ဆိုင်ရာဆိုင်ရာ တစ်နိုင်တစ်ပိုင်းဆိုသလို ဆိုင်ရာ အလှူရှင်တွေ ဘာတွေကတော့ အထိုက်အလျှောက်တော့ ထောက်ပံ့တာလေးတွေ ကြားတော့ ကြားရပါတယ်။ ဒါကလည်း အထိုက်အလျှောက်လို့ပဲ သိရပါတယ်။ လုံလောက်မှုကတော့ မရှိဘူးပေါ့။ လုံလောက်မှုကတော့ တစ်ပြည်လုံး အတိုင်းအတာဆိုတော့ ဒါကတော့ နားလည်ရမှာပေါ့။

ဒါပေမယ့်လို့ တခြားနေရာတွေမှာလည်း ဖြစ်နေကျတာပါပဲ ထိုနည်းတူစွာပါပဲ ဒါပေမယ့် ဒီနေရာလေးက ဒီရွာ ဒီအုပ်စု ဒီပုဂ္ဂိုလ်တွေ ရှိနေသေးကတော့ ဖြစ်ဦးမှာပဲ ဘာလို့လဲဆိုတော့ ဒီရွာကို မရှိစေချင်တော့ဘူး။ တောင်သူတွေ ပြည်သူ ဘာမှ လုပ်လို့မရဘူး။

ဒီဘက်မှာ လွတ်လွတ်ကင်းကင်းကနေပြီးတော့ အလုပ်သမားတွေ အလုပ်သွားလာတယ်။ သူတို့ သေနတ်နဲ့ လှမ်းပစ်တာ လက်နက်ကြီးနဲ့ လှမ်းထုတာ အဲလိုမျိုးကျတော့ ကျွန်တော်တို့ ဟိုဖက်မှာဆို ချင်းတွင်းမြစ်ပြင်ကြီး အရှေ့ဘက်မှဆို လယ်ကွင်းပြင်ကြီးပေါ့ အဲလယ်ကွင်းပြင်ကြီးမှာ တောင်ရွာ ဘာညာ လုပ်ကျတာပေါ့။ စိုက်ပျိုးရေး အဲလိုတွေ လှမ်းလှမ်း လုပ်တဲ့ အခါကျတော့ ပြည်သူတွေ မလုပ်ရဲတော့ သွားလည်း မသွားရဲတော့ဘူး။ အဲလိုကျတော့ ဒီနားဝန်းကျင် ပြည်သူတွေကတော့ အဆင်မပြေမှုပေါင်း သောင်း ခြောက်ထောင်နဲ့ပဲ နေရအုန်းမှာပေါ့။

မေး။ ။ ဘာများ ဖြည့်စွက် ပြောချင်တာရှိလဲ။

ဖြေ။ ။ အဓိကက သူတို့က အဲဖက်ရွာဝင်ပြီး ဘေးမှာ ရှိတဲ့ရွာတွေကို သူတို့ စိုးမိုးလို့ရတဲ့ နယ်မြေတွေ ဝင်ပြီးတော့ ဘေးရွာတွေကို လက်နက်ကြီးတွေနဲ့ ထုတယ်။ လက်နက်ကြီးနဲ့ ထုတဲ့အခါကျတော့ ဘေးရွာက တချို့ တချို့သော နီးစပ်တဲ့ ရွာတစ်ဝက်လောက်က အဲနားမှာ မနေရဲတော့ဘဲ ပြောင်းရွေ့နေထိုင်ရတယ်။

အခက်အခဲကတော့ လကလည်း ကြာနေပြီဆိုတော့ တော်တော်လေး နေရေး ထိုင်ရေး ကော စားဝတ်နေရေးကော ပြည်သူတွေတော့ တော်တော်လေးတော့ ဒုက္ခရောက်နေပြီ ရေရှည် ဆိုရင်တော့ မလွယ်လှဘူးပေါ့။ စီးပွားရေး လုပ်ရတာ တစ်ကြောင်း မိသားစုက တစ်ယောက် ၂ ယောက်တင် ထွက်ရတာဆိုရင် အကြောင်းမရှိဘူး။ အကုန်လုံး တစ်မိသားစုလုံး ထွက်ရတာဆိုတော့ အဆင်မပြေမှုတွေက မျိုးစုံဖြစ်လာပြီပေါ့။

ဓာတ်ပုံ- ယမန်နေ့ စစ်တပ်နှင့်ပျူစောထီးက မီးရှို့လိုက်သော ချောင်းဦးမြို့နယ်၊ ယာကြီးတောကျေးရွာ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article