38 C
Yangon

စစ်ကောင်စီ ထောက်ပို့ယာဉ်ကို KNDF က ပစ်ခတ်ရှင်းလင်းစဉ် ရဲအုပ်ဝင်းဇော်သိန်းအပါအဝင် ၄ ဦး သေဆုံး၊တောင်ခင်ရန်းရဲစခန်း တိုက်ခိုက်ခံရပြီး ၈ ဦးသေဆုံး၊ ကူတော်ရဲစခန်းလည်း လက်နက်ကြီးဖြင့် တိုက်ခိုက်ခံရပြီး ၆ဦးသေဆုံး 

Must read

ရန်ကုန်၊ ဇူလိုင် ၁

ကရင်နီပြည်နယ်၊ လွိုင်ကော်-လောပိတ လမ်းမကြီးပေါ်တွင် အကြမ်းဖက်စစ်ကောင်စီ၏ ရိက္ခာသယ်ပို့သည့် ကား၁ စီးကို ယမန်နေ့ ဇွန်လ ၃၀ ရက်နေ့ နံနက် ၈ နာရီ ၄၅ မိနစ်တွင် ကင်းလှည့်နေသည့် KNDF တပ်ရင်း ၁၀ တပ်ဖွဲ့ကတွေ့ရှိပြီး ပစ်ခတ်ရှင်းလင်းရာ စစ်ကောင်စီဘက်မှ ၄ ဦး သေဆုံးခဲ့ပြီး ထိုအထဲတွင် ရဲအုပ် ဝင်းဇော်သိန်းဆိုသူပါဝင်ကြောင်း သတင်းရရှိသည်။

ရဲအုပ်ဝင်းဇော်သိန်းသည် မိတ္ထီလာ၊ ရှမ်းမငယ်ရဲစခန်းမှ ပြောင်းလာသူဖြစ်ပြီး ကရင်နီပြည်နယ်တွင် ရောက်ရှိနေသည်မှာ ၆ လဝန်းကျင်သာ ရှိသေးကြောင်း ၎င်းနှင့် နီးစပ်သူများထံမှ သိရှိရသည်။

၂၀ မိနစ်ခန့် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ ယာဉ်ပေါ်မှ ၉ မမပစ္စတို ၁ လက်၊ ကျည် ၁၂ တောင့်နှင့် ဖုန်း ၂လုံးတို့ကို သိမ်းဆည်းရမိခဲ့ကာ တစ်စုံတစ်ရာ ထိခိုက်မှုမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း KNDF က ဆိုသည်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်ကောင်စီ၏ လောပိတအခြေစိုက် ခလရ ၇၂ တပ်ရင်းက တိုက်ပွဲဖြစ်ပွားရာအနီးရှိ ကျေးရွာများဖက်သို့ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခဲ့ပြီး လေးအိမ်စုရွာအတွင်းလက်နက်ကြီးကျရောက်၍ နေအိမ်တစ်လုံး ထိခိုက်ပျက်စီးခဲ့သည်ဟု KNDF က ထုတ်ပြန်ထားသည်။

အလားတူ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ တောင်ခင်ရန်း နယ်မြေရဲစခန်းကို ဇွန်လ ၂၉ ရက် နံနက်တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်ရာ စခန်း ၁ ခုလုံး နီးပါး ပျက်စီးသွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးသေဆုံးကြောင်း PDF ဂန့်ဂေါထံမှ သိရှိရသည်။

“မနက် ၄ နာရီမှာ PDF ဂန့်ဂေါခရိုင် တပ်ရင်း ၁ နဲ့ ပကဖ ပူးပေါင်းပြီး စခန်းသိန်းဖို့ ဝင်တိုက်တာ၊ တိုက်ပွဲ ၁ နာရီလောက် ဖြစ်တယ်။ စကစ ဘက်မှ ရမ်းပြီး ပြန်ပစ်လို့ တောင်ခင်ရန်းရွာထဲက နွား ၂ ကောင်သေတယ်။ ကျနော်တို့ပြန်ဆုတ်တဲ့အချိန်မှာ ရဲဘော် ၁ ဦး ပေါင်ကို ကျည်မှန်တယ်၊ မစိုးရိမ်ရဘူး၊ ပျူစောထီးတွေ သတင်းပေးပို့ချက်အရစစ်ကောင်စီဘက်က ၈ ယောက်သေတယ်။ ၃၀ ရက်နေ့မှာ မီးရှို့သဂြိုလ်တယ်လို့ သိရတယ်” ဟု PDF ဂန့်ဂေါတာဝန်ခံ လင်းညိုက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

ရဲစခန်းတိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက်စစ်တပ်သည် ကလေးမြို့နှင့် ဂန့်ဂေါအစပ်သို့ လက်နက်ကြီးများပစ်ခတ်ကာ စစ်ကြောင်းထိုးနေပြီး ယမန်နေ့ ညနေပိုင်းတွင် မြင်သားကျေးရွာအနီးတွင် အင်အား ၁၀၀ ခန့်ဖြင့်စစ်ကြောင်းထိုးနေကြောင်း သိရှိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် ကူတော်ရဲစခန်းကို ဒေသကာကွယ်ရေးအဖွဲ့များက ဇွန်လ ၂၈ ရက်နေ့တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး သေဆုံးပြီး ဒဏ်ရာရသူများလည်းရှိကြောင်း Black Dragon Special Task Force က သတင်းထုတ်ပြန်သည်။

ကူတော်ရဲစခန်းအတွင်းသို့ ၁၂၀ မမ ၆ လုံး၊ ၄၀ မမ ၄ လုံး ပစ်သွင်းကျွေးမွေးခဲ့ပါသည်၊ ၁၂၀ မမသည် ကူတော်ရဲစခန်းရှိ ယာယီစခန်းအားပစ်မှတ်ထား ပစ်သွင်းခဲ့ပြီး ၄၀မမသည် ခွေးကင်းဝပ်ရာနေရာများ၊ ကောင်တာပြန်နိုင်သည့်နေရာများသို့ ဦးစားပေးပစ်သွင်းခဲ့ရာ ၁၂၀ မမ ၆ လုံးအနက် ၃ လုံးသည် ကူတော်ရဲစခန်းအတွင်းရှိ စစ်ခွေးများ၏ ယာယီဆောက်ထားသော စခန်းနေရာပေါ်သို့ ထိထိမိမိကျရောက်ခဲ့ကြောင်း Black Dragon Special Task Force က ထုတ်ပြန်ထားသည်။

အဆိုပါတိုက်ခိုက်မှုအား ကနောင် People’s Defence Forceနှင့် Black Dragon Special Task Force အဖွဲ့တို့ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ကူတော်ရဲစခန်းကို ၄ ကြိမ်မြောက် တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article