36 C
Yangon

မြန်မာ့အရေးမှာ အပြောနဲ့အလုပ် တခြားစီဖြစ်နေတဲ့ နော်ဝေနိုင်ငံရဲ့ သူတော်ကောင်း အယောင်ဆောင် လုပ်ရပ်များ

Must read

ရန်ကုန်၊ ဩဂုတ် ၁၉

ရန်ကုန်မြို့မှာ ဖွင့်လှစ်ထားတဲ့ နော်ဝေသံရုံးဟာ မြန်မာစစ်တပ်နဲ့ ထဲထဲဝင်ဝင် ပတ်သက်ဆက်စပ်နေတဲ့ LOTTE ဟိုတယ်မှာ အမေရိကန်ဒေါ်လာ ၃၅၀,၀၀၀ နီးပါးကို ၂၀၂၁ ခုနှစ်အတွင်းက အသုံးပြုခဲ့ကြောင်း နော်ဝေသတင်းစာ Aftenposten က ဖော်ထုတ်ရေးသားလိုက်ပါတယ်။

နော်ဝေနိုင်ငံခြားရေးဝန်ကြီးဌာနက Aftenposten သတင်းစာထံ ဖွင့်ချခဲ့ရတဲ့ အဆိုပါ အသုံးစရိတ်တွေထဲမှာ တစ်လလျှင် အမေရိကန်ဒေါ်လာ ၄,၀၀၀ မှ ၆,၀၀၀ ကျော်ထိပါဝင်တဲ့ ဝန်ဆောင်မှုပါ တိုက်ခန်းငှားရမ်းခတွေက အဓိကအနေနဲ့ ပါဝင်ပါတယ်။

မြန်မာစစ်တပ် စစ်ထောက်ချုပ်ရုံးပိုင် မြေပေါ်မှာ တည်ဆောက်ထားတဲ့ LOTTE ဟိုတယ်ဟာ မြန်မာစစ်တပ်ကို နှစ်စဥ် အမေရိကန်ဒေါ်လာ သန်းနဲ့ချီပြီး ထောက်ပံ့နေတာဖြစ်ပြီး၊ ဒီငွေတွေဟာ အကြမ်းဖက်စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုပ်လှတဲ့ စစ်ရာဇဝတ်မှုတွေကို ထပ်ဆင့်ထောက်ပံ့နေခြင်း လည်းဖြစ်ပါတယ်။

ဒီလို စစ်ထောက်ချုပ်ရုံးကို ထောက်ပံ့မဲ့ငွေကြေးတွေကို Lotte ဟိုတယ်မှာ သုံးစွဲပေးချေနေတဲ့ နော်ဝေနိုင်ငံရဲ့ လုပ်ရပ်ဟာ မည်သည့်အကြောင်းပြချက် ပေးသည်ဖြစ်စေ လက်ခံဖွယ်ရာ လုပ်ရပ်မဟုတ်ဘူး ဆိုတာ သိသာထင်ရှားပါတယ်။ နော်ဝေသံရုံးရဲ့ Lotte ဟော်တယ်ကို ငွေပေးချေမှုတွေဟာ နော်ဝေဆက်သွယ်ရေးကုမ္ပဏီကြီးဖြစ်တဲ့ Telenor က မြန်မာစစ်တပ်နဲ့ ပတ်သတ်နေတဲ့ ရွှေဗျိုင်းဖြူနဲ့ M1 groupထံ ၄င်းရဲ့ ဆက်သွယ်ရေးလုပ်ငန်းတခုလုံးကို တာဝန်မဲ့စွာနဲ့ လက်လွတ်စပယ် ရောင်းချခဲ့အပြီး ထပ်မံပေါ်ထွက်လာခြင်းလည်း ဖြစ်ပါတယ်။

နော်ဝေနိုင်ငံဟာ ၂၀၂၁ စစ်တပ်ရဲ့ တရားမဝင် အာဏာသိမ်းယူမှုနှင့် ရက်စက်ကြမ်းကြုတ်မှုတွေအတွက် ကြိမ်ဖန်များစွာ ရှုတ်ချခဲ့ပေမဲ့၊ လက်တွေ့မှာတော့ နော်ဝေသံရုံးက Lotte ဟိုတယ်ကို ဒေါ်လာသိန်းချီ ပေးချေမှုနဲ့ စစ်တပ်နှင့်ဆက်စပ်ကုမ္ပဏီမျာထံ သုံးစွဲသူ မြန်မာပြည်သူ ၁၈ သန်းရဲ့ အချက်အလက်တွေကို ပေးအပ်ရောင်းချပြီး တာဝန်မဲ့စွာ ထွက်ခွာသွားတဲ့ နော်ဝေဆက်သွယ်ရေးကုမ္ပဏီ တယ်လီနောရဲ့ လုပ်ရပ် တွေအပေါ်မှာတော့ မသိကျိုးကျွံ မျက်ကွယ်ပြုထားတာကို တွေ့ရပါတယ်။

Aftenposten သတင်းစာရဲ့ ဖော်ပြချက်အရ မြန်မာနိုင်ငံရှိ နော်ဝေသံရုံးဟာ ၂၀၂၁ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၁ သိန်းဝန်းကျင်ခန့် ရှိတဲ့ အခန်း ၂ ခန်း ငှားယူမှုအပါအဝင် ဒေါ်လာ ၃ သိန်းခွဲနီးပါးကို Lotte ဟော်တယ်သို့ ပေးချေခဲ့ကြောင်း နော်ဝေနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အကြောင်းပြန်ချက်ကို ကိုးကားပြီး Aftenposten သတင်းစာက ဖော်ပြထားပါတယ်။

Aftenposten သတင်းစာပါ အချက်တွေအရ ကရင်နီပြည်နယ် ဖရူဆိုမြို့နယ် မိုဆိုကျေးရွာတွင် ခရစ်စမတ်အကြိုနေ့ဖြစ်တဲ့ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၄ ရက်မှာ ဖြစ်ပွားခဲ့တဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုအပြီး ၂ ပတ်အကြာမှာ အဆိုပါ ဒေါ်လာ ၁ သိန်းနီးပါးတန်ဖိုးရှိတဲ့ အခန်းငှားယူမှု သဘောတူစာချုပ် ၂ခု ကို ချုပ်ဆိုခဲ့ကြောင်း ဖော်ပြပါတယ်။ Save the Children ဝန်ထမ်း ၂ ဦးအပါအဝင် အရပ်သား ၃၅ ဦးကျော်ကို လက်ပြန်ကြိုးတုတ်ကာ မီးရှို့သတ်ဖြတ်ခဲ့သူများမှာ စစ်ကောင်စီ တပ်မ ၆၆ လက်အောက်ခံ ခမရ ၁၀၈ တပ်ရင်းက ကျုးလွန်ခဲ့တာဖြစ်ကြောင်း ဒေသခံများက ဆိုပါတယ်။

ဒီလိုလူမဆန်တဲ့ ရက်စက်မှုကြီးကို နော်ဝေနိုင်ငံခြားရေးဝန်ကြီး Anniken Huitfeldt က ပြစ်တင်ရှုတ်ချခဲ့ပေမဲ့၊ ထိုဖြစ်ရပ်ဖြစ်ပြီး ၂ ပတ်အကြာမှာတော့ စစ်ကောင်စီနဲ့ ဆက်စပ်နေတဲ့ Lotte ဟော်တယ်မှာ ‌ဒေါ်လာသိန်းချီတန်တဲ့ ဝန်ဆောင်မှုပါ အခန်းတွေကို နော်ဝေသံရုံးက ငှားရမ်းခဲ့တာဖြစ်လို့ နော်ဝေနိုင်ငံရဲ့ ပြောဆိုထုတ်ပြန်ချက်တွေနဲ့ လက်တွေ့လုပ်ဆောင်ချက်တွေဟာ သိသိသာသာ ကွဲပြားနေတာလည်း ဖြစ်ပါတယ်။

နော်ဝေနိုင်ငံနည်းတူ အာဏာသိမ်းပြီးနောက်ပိုင်း Lotte ဟော်တယ်မှာ အမေရိကန်ဒေါ်လာ ၅၂၅,၀၀၀ ကျော် သုံးစွဲခဲ့တဲ့ သြစတြေးလျသံရုံးဟာလည်း ဝေဖန်မှုများစွာ ကြုံတွေ့ခဲ့ရပါတယ်။ အဆိုပါကိစ္စကို ထုတ်ဖော်ခဲ့တဲ့ Justice For Myanmar အဖွဲ့က နော်ဝေနှင့် ဩစတေးလျနိုင်ငံတို့အနေနဲ့ LOTTE ဟိုတယ်အပါအဝင် မြန်မာစစ်တပ်ရဲ့ စီးပွားရေးလုပ်ငန်းများအားလုံးနဲ့ စီးပွားရေးလုပ်ကိုင်နေမှုများကို ချက်ခြင်းရပ်တန့်ပြီး မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို အသိအမှတ်ပြု ထောက်ခံအားပေးဖို့ တောင်းဆိုခဲ့ပါတယ်။

LOTTE ဟိုတယ်ကို မြန်မာစစ်တပ် ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ လက်အောက်ခံ စစ်ထောက်ချုပ်ရုံးပိုင် မြေပေါ်မှာ ငှားရမ်းဆောက်လုပ်ထားခြင်း ဖြစ်ပါတယ်။ စစ်ထောက်ချုပ်ရုံးဟာ မြန်မာစစ်တပ်မှာ အသုံးပြုနေတဲ့ လက်နက်ခဲယမ်းများ၊ ဗုံးအမျိုးမျိုးနဲ့ တိုက်လေယာဥ်ဆီများ ဝယ်ယူမှုအတွက် တာဝန်ရှိပြီး အမေရိကန်၊ ယူကေနှင့် ကနေဒါတို့က စီးပွားရေး ပိတ်ဆို့အရေးယူထားပါတယ်။

Distributed Denial of Secrets (DDoS) မှ ထုတ်ပြန်တဲ့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် မှတ်တမ်းများအရ LOTTE ဟိုတယ်ဟာ စစ်ထောက်ချုပ်ရုံးကို နှစ်စဉ်ငှားရမ်းခ အမေရိကန်ဒေါ်လာ ၁.၈၇၄ သန်း ပေးဆောင်ရပြီး တစ်ကြိမ် မြေအသုံးချမှု ပရီမီယံ အမေရိကန်ဒေါ်လာ ၁၃.၅၁ သန်းပေးဆောင်ရကြောင်း သိရပါတယ်။ ဒီအရင်းအမြစ်တွေဟာ မြန်မာစစ်တပ်ကို နှစ်ပေါင်းများစွာ အကျိုးပြုနေမှာလည်း ဖြစ်ပါတယ်။

Lotte ဟိုတယ်နဲ့ ဝန်ဆောင်မှုပါ တိုက်ခန်းစီမံကိန်းရဲ့ နောက်ကွယ်က အဓိက ရင်းနှီးမြှုပ်နှံသူကတော့ ကိုရီးယားသံမဏိကုမ္ပဏီကြီး POSCO ရဲ့ လုပ်ငန်းခွဲတစ်ခုလည်းဖြစ်ပြီး၊ အစုရှယ်ယာ ၆၉.၃ ရာခိုင်နှုန်း ပိုင်ဆိုင်ထားတဲ့ တောင်ကိုရီးယား ကော်ပိုရေးရှင်း POSCO International ပဲဖြစ်ပါတယ်။ ရွှေဂတ်စ်စီမံကိန်းမှတဆင့် စစ်ကောင်စီကို အဓိကဘဏ္ဍာငွေကြေး ရှာဖွေထောက်ပံ့ပေးနေတဲ့ POSCO International ကို Burma Campaign (UK) ကအမည်ပျက်စာရင်း (black list) ထဲထည့်သွင်းထားပါတယ်။

အခြားတောင်ကိုရီးယားကုမ္ပဏီကြီးဖြစ်တဲ့ LOTTE ကော်ပိုရေးရှင်းက စီမံကိန်းရဲ့ ၁၅.၇ ရာခိုင်နှုန်း ကို ပိုင်ဆိုင်ပြီး ကျန် ၁၅ ရာခိုင်နှုန်း ကို ဒေသခံမိတ်ဖက်ဖြစ်တဲ့ Spirit Paradise Services (ယခင် IGE-ဆင်ဖြူရှင်) က ပိုင်ဆိုင်တာပဲ ဖြစ်ပါတယ်။

Spirit Paradise Services ကို နံမည်ဆိုးနဲ့ ကျော်ကြားပြီး သဘောထား တင်းမာတဲ့ ယခင်စစ်ခေါင်းဆောင် တဦးလည်းဖြစ်တဲ့ အောင်သောင်းရဲ့ သားဖြစ်သူ နေအောင်ကပိုင်ဆိုင်ပြီး၊ သူဟာ မြန်မာ့ရေတပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မိုးအောင်ရဲ့ ညီတဦးလည်း ဖြစ်ပါတယ်။

စစ်အာဏာရှင် အောင်သောင်းရဲ့သား နေအောင်က အဓိကရှယ်ယာရှင်တဦးအဖြစ် ပါဝင်နေတဲ့ Lotte ဟော်တယ်ဟာ မြန်မာစစ်တပ်ကို ကြီးမားတဲ့ ၀င်ငွေတွေ ရှာဖွေပေးနေတာလည်း ဖြစ်ပါတယ်။ ဒီလို စစ်တပ်နဲ့ ထဲထဲဝင်ဝင် ပတ်သတ်နေတဲ့ Lotte ဟော်တယ်မှာ နော်ဝေသံရုံးက ဒေါ်လာသိန်းချီသုံးစွဲနေမှုက ရှုတ်ချဖွယ်ရာကိစ္စဖြစ်ပြီး၊ ၄င်းတို့ရဲ့ သံရုံးကတဆင့် အခုလို မြန်မာစစ်တပ်ကို အထောက်အပံ့ ဖြစ်စေတဲ့ ငွေကြေးသုံးစွဲမှုတွေက နော်ဝေအာဏာပိုင်တွေအတွက်လည်း ရှက်စရာကိစ္စဖြစ်ကြောင်း Burma Campaign ရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ Anna Roberts က Aftenposten သတင်းစာကို ပြောကြားခဲ့ပါတယ်။

နော်ဝေနိုင်ငံဟာ ပြီးခဲ့တဲ့ ဆယ်နှစ်အတွင်း ၎င်းရဲ့ကိုယ်ကျိုးစီးပွားနဲ့ စီးပွားရေးအကျိုးအမြတ်ကို မြှင့်တင်ရန်သာ အဓိကထားလာပြီး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေက ကိုယ်ကျိုးစီးပွားရဲ့နောက် ဒုတိယနေရာမှာသာ တည်ရှိနေခြင်းဟာ စိုးရိမ်စရာကိစ္စ ဖြစ်လာသလို၊ မြန်မာနိုင်ငံနဲ့ ပတ်သက်ရင်လည်း နော်ဝေးရဲ့ ဂုဏ်သိက္ခာဟာ ကျဆင်းနေပြီဟု ၄င်းအနေနဲ့ ယုံကြည်ကြောင်း အော်စလိုတက္ကသိုလ်မှ ပါမောက္ခ Kristian Stokke က ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် နော်ဝေဟာ အာဏာသိမ်းမှု ဖြစ်ပွားပြီး နောက်ပိုင်းလည်း သဘောထား အပြောင်းအလဲ မရှိပဲ ဒီမိုကရေစီလှုပ်ရှားမှုတွေအတွက် အပြောရော လက်တွေမှာပါ ပြတ်သားတဲ့ ထောက်ခံမှု မရှိခဲ့ကြောင်း Stokke က ဝေဖန်ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ နော်ဝေ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဆက်သွယ်ရေးအကြံပေး Guri Solberg ကတော့ နော်ဝေနိုင်ငံအနေနဲ့ မြန်မာ စစ်ကောင်စီအပေါ် ပြတ်သားသော သဘောထားနှင့် မူဝါဒရှိကြောင်း၊ အီးယူနည်းတူ ခရီးသွားလာခွင့် ကန့်သတ်ချက်များနှင့် မြန်မာနိုင်ငံရှိ စစ်ကောင်စီနဲ့ စစ်တပ်နှင့် ဆက်နွှယ်နေတဲ့ လူအများအပြားရဲ့ ပိုင်ဆိုင်မှုတွေကို နော်ဝေနိုင်ငံက ပိတ်ပင်တားမြစ်ထားကြောင်း ပြောပါတယ်။

ပါမေက္ခ Kristian Stokke ကတော့ စစ်တပ်အာဏာသိမ်းမှု မတိုင်မီထိ မြန်မာနိုင်ငံမှာ ကြီးကြီးမားမား ရင်းနှီးမြှုပ်နှံခဲ့ပြီး၊ စစ်တပ်က အာဏာသိမ်းပြီးချိန်မှာတော့ စစ်တပ်နဲ့ အဆက်အစပ်ရှိပြီး Burma Campaign က အမည်ပျက်စာရင်းသွင်းထားသည့် M1 group ကို ဆက်သွယ်ရေးလုပ်ငန်းတခုလုံး ရောင်းချခဲ့တဲ့ တယ်လီနောကိစ္စအား ဥပမာတစ်ခုအနေနဲ့ မီးမောင်းထိုးပြပါတယ်။

တယ်လီနောဟာ ရောင်းချမှုနဲ့အတူ စစ်တပ်လက်ဝယ်သို့ ရောက်ရှိသွားမဲ့ တယ်လီနောသုံးစွဲသူ ၁၈ သန်းရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေနဲ့ ဖြစ်လာနိုင်တဲ့ အန္တရယ်တွေကို မငဲ့ကွက်ပဲ၊ ကိုယ်ကျိုးစီးပွားတခုထဲအတွက် ၄င်းရဲ့ဆက်သွယ်ရေးလုပ်ငန်းကို M1 Group ထံ လက်လွတ်စပယ်ရောင်းချပြီး၊ မြန်မာပြည်မှ တာဝန်မဲ့စွာ ထွက်ခွာသွားခဲ့မှုကို ရည်ညွှန်းလျက် ပါမေက္ခ Kristian Stokke ထောက်ပြပြောဆိုခြင်းလည်း ဖြစ်ပါတယ်။ ထိုသို့ နော်ဝေအစိုးရက အဓိကပိုင်ရှင်အဖြစ် ပါဝင်နေတဲ့ တယ်လီနောကုမ္ပဏီရဲ့ မြန်မာပြည်ကနေ တာဝန်မဲ့စွာ ထွက်ခွာသွားမှုအပေါ် နော်ဝေအစိုးရအနေနဲ့ တာဝန်ယူမှု တစုံတရာ မရှိခဲ့ပါဘူး။

ထို့အတူ Aftenposten သတင်းစာရဲ့ ဖော်ထုတ်ချက်အရ အခုထွက်ပေါ်လာတဲ့ မြန်မာနိုင်ငံရှိ နော်ဝေသံရုံးရဲ့ လုပ်ဆောင်ခဲ့တာတွေဟာလည်း မြန်မာနဲ့ နိုင်ငံတကာ ဒီမိုကရေစီအရေး လှုပ်ရှားမှုတွေက တောင်းဆိုတာတွေနဲ့ ဆန့်ကျင်ဘက်ဖြစ်နေပြီး၊ နော်ဝေအနေနဲ့ မြန်မာစစ်ကောင်စီကို တရားဝင်ဖြစ်စေအောင် ပံ့ပိုးပေးနေသဖွယ် ဖြစ်နေတယ်လို့လည်း ပါမောက္ခ Kristian Stokke က ဆက်လက် ထောက်ပြပြောဆိုခဲ့ပါတယ်။

စင်စစ်အားဖြင့်လည်း နော်ဝေနိုင်ငံဟာ လက်ရှိမြန်မာ့အရေး ဒီမိုကရေစီအရေးတွေမှာ မားမားမတ်မတ် ရပ်တည်သင့်ခဲ့ပေမဲ့၊ စီးပွားရေးအကျိုးအမြတ်တွေကိုသာ ဦးစားပေးတဲ့ တာဝန်ယူ တာဝန်ခံမှု ကင်းမဲ့တဲ့ လုပ်ရပ်တွေကြောင့် ဒီမိုကရေစီပြယုဒ်နိုင်ငံအဖြစ် တည်ရှိခဲ့တဲ့ နော်ဝေနိုင်ငံရဲ့ ဂုဏ်ကျက်သရေဟာ ယုတ်လျော့ကျဆင်းနေပြီဟုသာ ဆိုရတော့မှာပဲ ဖြစ်ပါတယ်။
(မူလသတင်းရင်းမြစ်- Aftenposten)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article