36 C
Yangon

ကော့ကရိတ်တွင် သေဆုံးသွားသော ရဲ ၆ ဦးနှင့်စစ်သား၁ ဦးတို့ကို ၂ ရက် အပိုင်း ခွဲ၍ မသာချ အခမ်းအနားဖြင့် သဂြိုလ်၊ ကော့ကရိတ်မြို့ကို စစ်တပ်က ပိတ်ဆို့ထား

Must read

ရန်ကုန်၊ ဩဂုတ် ၁၉

ကရင်ပြည်နယ်၊ ကော့ကရိတ်တွင် ဩဂုတ် ၁၅ ရက်နေ့ KNLA နှင့် မဟာမိတ် ပြည်သူ့ကာကွယ်ရေးတပ်များ၏ ပူးပေါင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားသော ရဲ ၆ ဦးနှင့် စစ်သား ၁ ဦးတို့၏ အသုဘကို ၂ ရက် အပိုင်းခွဲ၍ မသာချ အခမ်း အနားဖြင့် သဂြိုလ်ကြောင်း‌ ဒေသခံများထံမှ သိရှိရသည်။

ကော့ကရိတ် ပစ်ခတ်မှုတွင် ရဲမှူးမင်းသန်း၊ ရဲတပ်ကြပ်ကြီး ပြည်စုံဝင်း၊ ရဲတပ်ကြပ်ကြီး အောင်ကျော်ညွှန့်၊ ရဲတပ်ကြပ်ကြီးစိုးဝင်း၊ ရဲတပ်ကြပ်ကြီး အောင်ထွန်း၊ ရဲဒုတပ်ကြပ် စိုင်းမင်း၊ တပ်ကြပ် နိုင်လင်း (ခလရ-၉၇ ) တို့ အစု လိုက်အပြုံ လိုက် သေဆုံးကြပြီး ရဲမှူး မင်းသန်း၏ အသုဘကို ဩဂုတ်လ ၁၇ ရက်နေ့တွင် မသာချ အခမ်းအနား ဖြင့် လည်းကောင်း၊ ကျန် ရဲ ၅ ဦးနှင့် စစ်သား ၁ ဦး၏ အသုဘကို ဩဂုတ်လ ၁၈ ရက်နေ့တွင် မသာချ အခမ်းအနား ဖြင့်လည်းကောင်း လုံခြုံရေး အပြည့်ဖြင့် သဂြိုလ်ကြောင်း ဒေသခံများထံမှ သိရှိရသည်။

“ရဲမှူး အသုဘကတော့ အရာရှိတွေ လာတယ်။ သံချပ်ကာကားတွေနဲ့ အခမ်း အနားနဲ့ သဂြိုလ်တယ်။ ကျန်တဲ့ ရဲဘော်တွေကတော့ အမိန့်ပြန် အခမ်းအနားရှိပေမယ့် ဖြစ်သလိုပဲ သဂြိုလ်တယ်။ လုံခြုံရေးကတော့ တစ်မြို့လုံးကိုချထားတာ။ ကျနော်တို့မြို့ခံတွေတောင် အပြင်ထွက် သွားလာဖို့ မလွယ်ဘူး” ဟု မြို့ခံတစ်ဦးက ပြောသည်။

လက်ရှိတွင် ကော့ကရိတ် တစ်မြို့လုံးကို စစ်တပ်နှင့်ရဲများက ပိတ်ဆို့ထားပြီး မြို့ ထဲဝင်တဲ့လမ်းမှန်သမျှအကုန်ပိတ်ဆို့ထားကြောင်း၊ ကြာပန်းအဝိုင်းလမ်းတစ် လမ်းတည်းသာဝင်ခွင့်ရှိကြောင်း ဒေသခံများက ပြောသည်.

“ဗလမ်းကို ကွန်ကရစ်တုံးတွေချပြီး ပိတ်ထားတယ်။ သီလရှင်လမ်းကိုလည်းပိတ်ထားတယ်။ ကမိုင်ကုန်းအပေါက်ကို လည်းပိတ်ထားတယ်။ ချောင်းတောင်ကျောင်းတစ်ဝိုက်မှာလည်း စစ်သားများတယ်။ မြို့ထဲ ဘဏ်ဝင်းဘက်မှာလည်း အင်အားများတယ်။ မြို့ခံတွေကတော့ ကြည့်နေကြည့်စားပဲ။ အပြင်ထွက်ရမှာလည်း ကြောက်နေရတယ်။ အိမ်ထဲမှာ နေလည်း ဘယ်အချိန် ဘာဖြစ်မလဲဆိုပြီး စိုးရိမ်နေရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဓာတ်ပုံ- ဩဂုတ်လ ၁၈ ရက်နေ့ မသာချ အခမ်းအနားဖြင့် သဂြိုလ်သော ရဲ ၅ ဦးနှင့် စစ်သား ၁ ဦး၏ အသုဘချ မြင်ကွင်း။

Photo- CJ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article