34 C
Yangon

တိုက်ပွဲများပြင်းထန်နေသော ကရင်နီပြည်နယ်တွင် စစ်ကောင်စီသူလျှိုများ အရပ်သားဟန်ဆောင် သွားလာနေသဖြင့် ၂/ မှတ်ပုံတင် ကိုင်ဆောင်သူများသာ သွားလာခွင့်ပြုမည်ဟု KNDF တပ်ရင်း ၂ စာထုတ်

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၅

နေရာအနှံ့ တိုက်ပွဲများ ပြင်းထန်နေသော ကရင်နီပြည်နယ်တွင် အကြမ်းဖက်စစ်ကောင်စီသည် ၎င်းတို့၏ သူလျှို၊ ကင်းထောက်များကို အရပ်ဝတ်ဖြင့် စေလွှတ်ကာ ထောက်လှမ်းမှုများ ရှိနေသဖြင့် ကရင်နီပြည်နယ်တွင် မှတ်ပုံတင်အမှတ် ၂/ ကိုင်ဆောင်သူများကိုသာ မြို့နယ်များကို ဖြတ်သန်းသွားလာခွင့်ပြုမည်ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်း ၂ က စက်တင်ဘာလ ၁၅ ရက် ယနေ့ သတင်းထုတ်ပြန်သည်။

အခြားပြည်နယ်ကိုယ်စားပြု မှတ်ပုံတင်အမှတ် ကိုင်ဆောင်ထားသော်လည်း ကရင်နီပြည်နယ်တွင် အမှန်တကယ်နေထိုင်သူဖြစ်ကြောင်း သက်သေအထောက်အထား ခိုင်လုံစွာပြနိုင်လျှင် ဖြတ်သန်းသွားလာခွင့် ရရှိမည်ဖြစ်သည်ဟု KNDF တပ်ရင်း ၂ က ဆိုသည်။

“ကျနော်တို့မှာ အခြား ကြိုတင်ပြင်ဆင်ထားချက်တွေလည်း ရှိပါတယ်” ဟု KNDF တပ်ရင်း ၂ က ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

ရှမ်း-ကရင်နီအစပ် မိုးဗြဲနှင့် ကရင်နီပြည်နယ်တွင်းရှိ လွိုင်ကော်၊ ဒီးမော့ဆို၊ နန်းမယ်ခုံ၊ ဖရူဆို၊ ဘောလခဲနှင့် ရှားတောမြို့နယ်များတွင် အကြမ်းဖက်စစ်တပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့ကြား တိုက်ပွဲများ ပြင်းထန်လျှက်ရှိနေပြီး လွိုင်ကော်-မော်ချီး ကားလမ်းအတွင်းရှိ KNDF ဂိတ်စခန်းများအနေဖြင့် နိုင်ငံခြားသားများ၊ ကန့်သတ်ကုန်ပစ္စည်းများ သယ်ဆောင်သွားလာခွင့် မပြုရန်အပါအဝင် စည်းကမ်းချက် ၇ ခုကို ကရင်နီပြည်အစိုးရ ဒီးမော့ဆိုမြို့နယ် အုပ်ချုပ်ရေးမှူးက စက်တင်ဘာလ ၈ ရက်တွင် ထုတ်ပြန်ထားခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီက အရပ်ဝတ်များဖြင့် သွားလာပြီးထောက်လှမ်းလျှက်ရှိကြောင်း KNDF ဗဟို ပြန်ကြားရေးက ရန်ကုန်ခေတ်သစ်သို့ ပြောသည်။

“စစ်ကောင်စီတပ်တွေက အဲဒီလမ်းကြောင်းကို အသုံးပြုပြီး အရပ်ဝတ်နဲ့သွားလာ တပ်ချိန်းပြောင်းလုပ်တာတွေ၊ ရိက္ခာတွေအရပ်သားကားနဲ့သယ်တာတွေ လုပ်ပါတယ်။ အဲဒီလမ်းကြောင်းသလျောက်မှာ စကစ က သူလျိုတွေ သွားလာပြီး သတင်းတွေပေးနေတာတွေရှိလို့ KNDF က ကန့်သတ်ရတာဖြစ်ပါတယ်” ဟု KNDF ဗဟို ပြန်ကြားရေးက ရန်ကုန်ခေတ်သစ်သို့ ပြောသည်။

ရှမ်း-ကရင်နီအစပ် မိုးဗြဲနှင့် ကရင်နီပြည်အနှံ့အပြားတွင် စစ်တပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့ကြား တိုက်ပွဲများ ပြင်းထန်လျှက်ရှိပြီး စက်တင်ဘာလ ဒုတိယတစ်ပတ်အတွင်း တိုက်ပွဲများတွင် အကြမ်းဖက်စစ်သားပေါင်း ၈၀ ကျော် သေဆုံးခဲ့သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article