30 C
Yangon

ကော့ကရိတ်သို့ စစ်အင်အား ၁၀၀ ကျော်ပါသည့် စစ်ကား ၅ စီး မောင်းနှင်သွား၊ တိုက်ပွဲ အရှိန်မြင့်တက်မည်ဖြစ်၍ ကော့ကရိတ်-မြ၀တီ အာရှလမ်းမကြီးကို ခွင့်ပြုချက်မရှိဘဲ မသွားရန် သတိပေး

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၆

ကရင်ပြည်နယ်၊ ကော့ရိတ်မြို့နယ်ဘက်သို့ ယနေ့ နံနက်ပိုင်း စစ်အင်အား ၁၀၀ ကျော်ပါသည့် စစ်ကား ၅ စီး ဘားအံဘက်မှ ထွက်ခွာသွားပြီး ကော့ကရိတ်တွင် စစ်ရေး အခြေအနေတင်းမာနေကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

အောက်တိုဘာလ ၂၆ ရက်နေ့ နံနက် ၉ နာရီ ၇ မိနစ်အချိန် ဘားအံမှ အိန္ဒုဘက်သို့ စစ်ကား တစ်စီးလျှင် စစ်သား ၂၀ ကျော်ပါဝင်သော ကား ၅ စီး စုစုပေါင်း အင်အား ၁၀၀ကျော်ပါသော စစ်ယာဉ်တန်း ထွက်ခွာသွားကြောင်း ဒေသခံများက ဆိုကြသည်။

“ဘားအံကနေ အိန္ဒုဘက်ကိုသွားတာပါ။ စစ်ကားတွေက သွားတာဆိုတော့ ဦးတည်ချက်က ကော့ကရိတ်ပဲရှိတယ်။
လူအင်အားက ၁၀၀ ကျော်တယ်။ ကော့ကရိတ်သွားတဲ့ စစ်ကြောင်းလို့ပဲ ပြောရမယ်။ အင်အား ၁၀၀ ကျော်တယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

လက်ရှိ ကရင်ပြည်နယ်၊ ကော့ကရိတ်တွင် စစ်ရေး အလွန်တင်းမာနေပြီး တိုက်ပွဲ အရှိန်အဟုန်မြင့်တက်လာ မည်ဖြစ်ကြောင်း၊ ထို့ကြောင်း ကော့ကရိတ်-မြ၀တီလမ်းကို ကော်သူလေး တပ်မတော်(KTLA) ၏ ခွင့်ပြု ချက်မရှိဘဲ သွားလာခြင်းမပြုကြရန် မေတ္တာရပ်ခံကြောင်း ကော်သူးလေတပ်မတော် စစ်ဦးစီးချုပ် စောနယ်ဒါးမြက ယနေ့ နေ့စွဲဖြင့် သတိပေးချက် ထုတ်ပြန်သည်။

ထို့ပြင် အောက်တိုဘာလ ၂၅ ရက်နေ့ ကော့ကရိတ်တွင် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေပြီး ပြည်သူ ၂ ဦး ကျည်ထိမှန်ခဲ့ပြီး အာရှလမ်းမကြီးတွင် ကား ၂ စီးကို စစ်တပ်က မီးရှို့သွားကြောင်း ဒေသခံများက ပြောဆိုကြသည်။

” မနေ့ ညနေ ၄ နာရီအချိန်တုန်းက ကော့ကရိတ် ၉၇ တပ်ရင်းက လက်နက် ကြီးတွေနဲ့ ရမ်းပစ်တာ ပြည်သူ ၂ ဦး ထိမှန်ပါတယ်” ဟု ကော့ကရိတ် ဒေသခံတစ်ဦးက ဆိုသည်။

အလားတူ မြ၀တီမြို့တွင်လည်း စစ်တပ်က စစ်အင်အားဖြည့်တင်းခြင်း၊ BGF နှင့်စစ်ကောင်စီတပ်များ ပူးပေါင်း ကင်းလှည့်မှုများ တိုးမြှင့်လုပ်ဆောင်နေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article