29 C
Yangon

မြိုင်တွင် စစ်ကြောင်းကို မိုင်းဆွဲပြီး ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်၊ PDF စခန်း ၁ ခု စီးနင်းခံရပြီး စစ်သားများက ငွေကျပ် သိန်း ၁၀၀ ကျော်ယူဆောင်သွား

Must read

မြိုင်တွင် စစ်ကြောင်းကို မိုင်းဆွဲပြီး ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်၊ PDF စခန်း ၁ ခု စီးနင်းခံရပြီး စစ်သားများက ငွေကျပ် သိန်း ၁၀၀ ကျော်ယူဆောင်သွား

ရန်ကုန်၊ ဧပြီ ၇

စစ်ကိုင်းတိုင်း၊ မြိုင်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲပြီး ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း မြိုင် ပကဖ တပ်ရင်း ၁ မှ ဗိုလ်လကျ်ာက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၆ ရက်နေ့ နံနက် ၁၁ နာရီ ၃၅ မိနစ်တွင် မြိုင်မြို့နယ် သရက်ကန် ပျူစောထီးရွာမှ စစ်သား၊ ရဲနှင့် ပျူစောထီး အင်အား ၆၀ ကျော်ခန့်ကို မြိုင် ပကဖ တပ်ရင်း-၁ နှင့် တပ်ခွဲ-၂ တို့က နှမ်းစီကန်ရွာ နှင့် တွင်းမရွာ အကြားတွင် မိုင်း ၅ လုံးဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် Drone ဖြင့် ဗုံး ၃ လုံး ထပ်မံ ကျဲချ တိုက်ခိုက်ခဲ့ပြီး စစ်သား ၈ ဦးခန့် ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

မြိုင်မြို့နယ် ညောင်ရွာ ကျေးရွာ အနီးရှိ ကာကွယ်ရေး စခန်း တစ်ခုကို မွန်းလွဲ ၃ နာရီ ၃၀ မိနစ် ခန့်တွင် အကြမ်းဖက် စစ်တပ်က Mi 35 ရဟတ်ယာဥ် ၁ စီး ဖြင့် ပစ်ခတ်ပြီး Mi 17 ရဟတ်ယာဥ် ၂ စီးဖြင့် လူချကာ ဝင်ရောက် စီးနင်းပြီး ကား ၂ စီးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ စခန်းအတွင်းရှိ ငွေကျပ် သိန်း ၁၀၀ ကျော်ကိုလည်း စစ်သားများက အတင်းအဓမ္မ ယူဆောင်သွားကြောင်း သိရှိရသည်။

“စခန်း ဝင်စီးခံရတုန်းက ကာကွယ်ရေး ရဲဘော် တစ်ဦး ပျောက်ဆုံးနေတယ်။ တွင်းမပျူစောထီးရွာနဲ့ ဝက်ပုတ် ပျူစောထီးရွာမှာရှိ စစ်ခွေး၊ ရဲခွေး၊ ပျူခွေး တွေက PDF စခန်းကို ဝင်စီးခဲ့တဲ့ စစ်ကြောင်းကို ကြိုဆိုဖို့ ကိုင်းတောမဘက်က စက်မှု ၂ ဘက်ကို ကင်းပုန်းအသီးသီး ချထားတယ်လို့ သိရတယ်” ဟု မြိုင် ပကဖ တပ်ရင်း ၁ မှ ဗိုလ်လကျ်ာက ပြောဆိုသည်။

ဧပြီလ ၇ ရက်နေ့ နံနက် ၆ နာရီမှ စတင်ကာ ဧပြီလ ၃၀ ရက်နေ့ အထိ မြိုင်-ကမ္မ လမ်းကို ပြည်သူများ အကြောင်းအမျိုးမျိုးကြောင့် ကားနှင့် ဆိုင်ကယ်များ ဖြတ်သန်းသွားလာခြင်း မပြုရန် နှင့် ကာကွယ်ရေးအဖွဲ့များမှ အကြမ်းဖက် စစ်တပ်ကို အရှိန်မြှင့် တိုက်ခိုက်သွားမည်ဖြစ်၍ တစ်စုံတစ်ရာ မှားယွင်းမှုများကို တာဝန်ယူဖြေရှင်းသွားမည် မဟုတ်ကြောင်း မြိုင် ပကဖ တပ်ရင်း ၁ မှ ဗိုလ်လကျ်ာက ဆက်လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article