36 C
Yangon

မြန်မာပြည်သူတွေနည်းတူ ရုရှားမှာလည်း စစ်ဆန့်ကျင်သူတွေနဲ့ တက်ကြွ လှုပ်ရှားသူတွေကို အာဏာရှင် ပူတင်က ဖိနှိပ်နေပြီး ရုရှားပြည်သူတွေ ဘယ်လို တွန်းလှန်နေကြသလဲ (အပိုင်း-၁)

Must read

မြန်မာပြည်သူတွေနည်းတူ ရုရှားမှာလည်း စစ်ဆန့်ကျင်သူတွေနဲ့ တက်ကြွ လှုပ်ရှားသူတွေကို အာဏာရှင် ပူတင်က ဖိနှိပ်နေပြီး ရုရှားပြည်သူတွေ ဘယ်လို တွန်းလှန်နေကြသလဲ (အပိုင်း-၁)

By Igor Blazevic

ရုရှားမှ ထင်ရှားသော လူ့အခွင့်အရေးလှုပ်ရှားသူ အီဂေါ ကိုချက်ကော့ဗ်နှင့် တွေ့ဆုံခြင်း

အီဂေါကိုချက်ကော့ဗ်ဟာ လူထုလှုပ်ရှားမှုများနဲ့ ပြည်သူ့အရေး ဆောင်ရွက် မှုတွေမှာ ထင်ရှားတဲ့ တွေးခေါ်ရှင် တစ်ဦးပါ။ မြင်နေကြားနေကျ နိုင်ငံရေးတွေး ခေါ်ရှင်များလိုမဟုတ် ထူးခြားသူပါ။ ရုရှားကထင်ရှားတဲ့ လူ့အခွင့်အရေးလှုပ်ရှား သူ၊ LGBTအရေးလှုပ်ရှားသူတစ်ဦးလည်း ဖြစ်နေ ပြန်ပါတယ်။ အောက်မှာပါတဲ့ အင်တာ‌ဗျူးမှာတော့ အင်မတန် ချုပ်ခြယ်ကန့်သတ်မှုတွေ ကများပြီး တရစပ် ဖိနှိပ်နေတဲ့နေရာတွေမှာပဲ နိုင်ငံရေးအံတုမှုအစီအစဉ်တွေ၊ မဟာဗျူဟာတွေနဲ့ နည်းဗျူဟာ တွေကို ဘယ်လိုဆွဲကြမလဲဆိုတာကို သူ့ကိုမေးမြန်းဖြစ်ပါတယ်။

ရုရှားက လူ့အခွင့်အရေး လှုပ်ရှားမှုတွေအကြောင်း၊ ရုရှားက ဆင်နွှဲနေတဲ့စစ်ကို ဆန့်ကျင်ဖို့ လှုပ်ရှားနေကြသူတွေ အကြောင်းကိုမေးတဲ့အချိန်မှာ မြန်မာပြည် စစ်အာဏာရှင်တွေကို ဆန့်ကျင်နေကြတဲ့အကြောင်း၊ CDM လှုပ်ရှားမှု ပုံစံအမျိုးမျိုးမှာ ပါဝင်နေကြ သူတွေ အကြောင်းကို စဥ်းစားနေမိပါတယ်။

ရုရှားမှာ လှုပ်ရှားကြသူတွေ ရင်ဆိုင်ရတဲ့ နည်းလမ်းတွေ၊ ခွင်တွေ၊ ရင်ဆိုင်ရတဲ့ အန္တရာယ်တွေ၊ ခြိမ်းခြောက်မှုတွေ အတားအဆီးတွေဟာ ကရင်နီ၊ ချင်းနဲ့ စစ် ကိုင်းမှာ ရင်ဆိုင်နေရတာတွေနဲ့ အများကြီးကွာနိုင်ပါတယ်။ ဒါပေမယ့် ရန်ကုန် နဲ့ မန္တလေးလို မြို့ကြီးတွေမှာရှိတဲ့ နည်းလမ်းတွေ၊ လှုပ်ရှားနိုင်တဲ့ ခွင်တွေ၊ ရင်ဆိုင်ရတဲ့ အန္တရာယ်တွေ၊ ခြိမ်းခြောက်မှုတွေ အတားအဆီးတွေဟာ ယူကရိန်း မှာဆင်နွှဲနေတဲ့ စစ်ကိုဆန့်ကျင်ဆန္ဒပြတဲ့ ရုရှားတွေ ကြုံတွေ့နေရတာနဲ့ အများကြီး ဆင်တူတာတွေရှိပါတယ်။

ဒီအင်တာဗျူးကိုဖတ်ရင် ရုရှား စစ်ဆန့်ကျင်ရေး လှုပ်ရှားမှုဆိုတဲ့ စာလုံး နေရာ ကိုရောက်ရင် မြန်မာစစ်အာဏာရှင် ဆန့်ကျင်ရေးလို့သာ ပြောင်း ဖတ် လိုက်ရုံပါပဲ။ အီဂေါကိုချက်ကော့်ဗ်ပြောခဲ့တာတွေ အတော်များများဟာ မြန်မာ ပြည် အကြောင်းပြောနေသလိုပါပဲ။

မေး။ ။ သိပ်ပြီးဖိနှိပ်မှုပြင်းထန်တဲ့ အာဏာရှင်တွေကို စိန်ခေါ်နိုင်တဲ့ အံတုလှုပ် ရှားမှုမျိုးကို မဟာဗျူဟာကျကျ လုပ်နိုင်နေပြီလား။ နောင်ရောလုပ်နိုင်ဖို့ အလားအလာရှိသလား။ အံတုလှုပ်ရှား မှုအတွက် အခြေခံအဆောက် အဦ တွေကို ဘယ်လိုပြောင်းလဲကြမလဲ။ လှုပ်ရှားမှုအတွက် ကြွက်သားတွေ ကို ဘယ်လိုတည်ဆောက်ကြမလဲ။ ဒီလောက် ဖိနှိပ်မှုတွေ ထူပြောနေတဲ့ အခြေ အနေမျိုးမှာ ဘယ်လို မဟာဗျူဟာက အထေက်အကူ ဖြစ်မလဲ။ အာဏာ ပိုင်တွေဘက်က အဆက်မပြတ် စောင့်ကြည့်ထိန်းချုပ်တာ၊ ဝါဒ ဖြန့်ချီရေးတွေ အားကောင်းကောင်းနဲ့လုပ်တာ ပြည်သူကိုလှည့်စားတာတွေက တရစပ် ရှိနေမှာ။

ဖြေ။ ။ အင်း။ ဘာဖြစ်လို့ အနာဂတ်ကျမှ လုပ်ရမှာလဲ။ လူထုလှုပ်ရှားမှုဆိုတာ လက်ရှိကိုလုပ်ကိုင်နေကြရမှာပဲ။ နှစ်ပိုင်းပြောလို့ရပါတယ်။ အပိုင်း တစ် (၁) တော်လှန်ရေးက ရှိနေရမယ်။ တော်လှန်ဖို့လိုတယ်ဆိုတာကို အသိအမှတ်ပြုရမယ်။ ဘယ်လိုလုပ်ရမလဲဆိုတာနားလည်ရမယ်။ အဲဒီတော့မှ စီမံခန့်ခွဲနိုင်မယ်။ အပိုင်း နှစ် ဖိနှိပ်မှုတွေကို တော်လှန်လိုစိတ်နဲ့ တော်လှန်ဖို့အခင်းအကျင်းတွေဖြစ်လာတဲ့ အကြောင်းရင်းက ဖိနှိပ်မှုတွေဆီကလာတာပဲ။

အာဏာရှင်အစိုးရက တောင်းဆိုသလောက်ကို အပြည့်လိုက်လျောလိုတဲ့ သူတွေမှာတောင်မှပဲ တော်လှန်ချင်တဲ့ အာသီသက ပေါ်တာပဲ။ ဒီလို လိုက်လျောဖို့ ဖိအားပေးခံရတာတွေရယ်၊ လူတကိုယ်ချင်းက အစိုးရကို လိုက်လျောပေးနိုင်တဲ့ အတိုင်းအတာရယ်မှာ ဝိရောဓိတွေရှိနေကြတာပဲ။ အစိုးရကို သစ္စာခံသူတွေကလည်း နိုင်ငံတော်ရဲ့ အာဏာစက်ကို တွန်းကန်ဖို့ကြိုးစားကြမှပဲ သူတို့လည်း ဆက်ပြီးနေထိုင်လို့ဖြစ်ကြတဲ့ ဥပမာတွေရှိတယ်။ ကျွန်တော်တို့အနေနဲ့ ဒီလိုလူတွေရဲ့ စိတ်ပါလက်ပါ မဟုတ်သော်လည်း အခြေအနေအရအစိုးရရဲ့ စည်းဘောင်တွေကို တစ်နည်းနည်းနဲ့ ဆန့်ကျင် ကျူးကျော်နေထိုင်ကြတဲ့ အလေ့အထတွေကို သေသေချာချာ လေ့လာထားဖို့ လိုပါတယ်။ အဲဒီတော့မှပဲ ဒီလူအုပ်ကို ဘယ်လိုတုံ့ပြန်ရမလဲ သိနိုင်မယ်။

ဗြိတိသျှတွေ လက်အောက်ကလွတ်ဖို့ တိုက်ရတဲ့ အိန္ဒိယအပါအဝင် လွတ်လပ်ရေးအတွက် တိုက်ခဲ့တဲ့ နာမည်ကျော် ဘယ်လှုပ်ရှားမှုမှာပဲဖြစ်ဖြစ်၊ အရင် ဆိုဗီယက် လက်အောက်ကနေလွတ်ဖို့ ကြိုးစားကြတဲ့ အရှေ့ဥရောပနိုင်ငံတွေမှာပဲဖြစ်ဖြစ်၊ သိပ်မကြာသေးခင်ကဖြစ်ခဲ့တဲ့ ဘယ်လာရုစ် ဒီမိုကရေစီအရေး လှုပ်ရှားမှုများပဲဖြစ်ဖြစ် အကုန်လုံးဟာ ကျောထောက်နောက်ခံအသီးသီးက လူတွေကို ညီညီညွတ်ညွတ် စုစည်းနိုင်တဲ့နေရာမှာ အောင်မြင်ကြတာကိုတွေ့ရမယ်။

သူတို့ဟာ ဘယ်လိုရန်သူကို တိုက်မယ်ဆိုတာ ရှင်းတယ်။ ဒီဘုံရန်သူကို ရှင်းရှင်းလင်းလင်း တိုက်မှရမယ်ဆိုတဲ့ဆီမှာ စုစည်းမိကြတယ်။ ဖိနှိပ်တဲ့ အာဏာရှင်ကိုပဲ ဖြစ်ဖြစ်၊ ကိုလိုနီနိုင်ငံတွေကိုပဲ ဖြစ်ဖြစ် တိုက်ဖို့ ညီညွတ်မှုကို ဖန်တီးနိုင်ကြတယ်။ အဲဒီနေရာမှာ မြေသိမ်းခံရတဲ့ လယ်သမားတွေလိုနေတဲ့ ဥပဒေရေးရာ ဝန်ဆောင်မှုတွေပဲဖြစ်ဖြစ်၊ ဆင်ဆာနဲ့ အပိတ်ခံရတဲ့ စာရေးဆရာတွေ ကဗျာဆရာတွေရေးတဲ့ စာအုပ်တွေကို ဖြန့်ချီကြလို့ပဲ ဖြစ်ဖြစ်၊ တက္ကသိုလ်တွေဆီကနေ ကျောင်းထုတ်ခံလိုက်ရတဲ့၊ တစ်နည်းနည်းနဲ့ အပြင်ရောက်သွားရတဲ့ ကျောင်းသား ကျောင်းသူတွေအတွက် ပညာဆက်သင်လို့ရမယ့် တခြားပုံစံတွေ ဖန်တီးပေးလို့ပဲဖြစ်ဖြစ်၊ အစိုးရက ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရောဂါမဖြစ်ဘူးလို့ ငြင်းပယ်နေချိန်မှာ ကိုရိုနာဗိုင်းရပ်စ်အကြောင်း၊ ရောဂါမကူးစက်အောင် ကာကွယ်ရေးအတွက် လုပ်ဆောင်ရမယ့်အရာတွေအကြောင်းကို ဝေမျှပေးလို့ပဲ ဖြစ်ဖြစ် လူတွေဟာ ညီညွတ်လာကြတယ်။ ဒီအလုပ်တွေကိုကြည့်ရင် တစ်ခုကမှ နိုင်ငံရေးအံတု နေတယ်လို့ ထင်စရာမရှိဘူး။ ဒါပေမယ့် ဒီအလုပ်တွေက အရင်က တကွဲတပြားစီရှိနေကြတဲ့လူတွေကို စုစည်းပေးတယ်။

နိုင်ငံတော်ဟာ ဖိနှိပ်ပြီဆိုရင် ဝါဒဖြန့်ချီရေးလုပ်ပြီဆိုရင် ဒီလို အချင်းချင်းညီညွတ်မှုတွေ၊ သူတို့ မထိန်းချုပ်နိုင်တဲ့ လူမှုအချိတ်အဆက်တွေကို ဖြိုပစ်ဖို့ ကြိုးစားတတ်ကြတယ်။သူတို့ကို အတိုက်အခံလုပ်မယ့်လူတွေကို ထောင့်ကပ်သွား‌အောင်လုပ်ကြတယ်။ လူ့အဖွဲ့အစည်းကို အပိုင်းပိုင်း ဖြစ်အောင် လုပ်ပစ်တယ်။ အပြောင်းအလဲတွေဖြစ်ဖို့ဆိုရင် အခရာကျတဲ့ လုပ်စရာကတော့ လူတွေတကယ် ဖြစ်ချင်တဲ့ အောင်မြင်ချင်တဲ့ ကိစ္စတွေကို ကျွန်တော်တို့ဟာ နားလည်ပြီး သူတို့ ပကတိရင်ဆိုင်နေရတဲ့ ကိစ္စတွေကို ဖြေရှင်းနိုင်မယ့် လူမှုဆက်ဆံရေး အချိတ်အဆက်တွေကို တည်ဆောက်ခြင်းအားဖြင့် ထိန်းထားဖို့ပဲ။ အဲဒီလို လူမှုရေးကွန်ရက်တွေ ဘယ်လို ဖြစ်တည် လာနိုင်သလဲဆိုတာက ကာလ ဒေသ တစ်ခုမှာ ဖြစ်ပျက်နေတာတွေနဲ့ အများကြီး ဆိုင်ပါလိမ့်မယ်။

အင်မတန်ရက်စက်တဲ့ စစ်အာဏာရှင်တွေ အုပ်ချုပ်တဲ့နေရာမှာ အုပ်ချုပ်သူတွေက ပြည်သူတွေကို ပစ်သတ်နေမယ်ဆိုရင်၊ ပြည်သူတွေဟာ မိမိကိုယ်ကို ကာကွယ်ကြဖို့အတွက် ညီညွတ်ကြမှာပါ။ မီဒီယာတွေကို ပိတ်ထားပြီး ဆင်ဆာကို ကျင့်သုံးနေမယ်ဆိုရင် ပြည်သူတွေဟာ သူတို့ဘာသာ သတင်းပေးနိုင်တဲ့ ရပ်ဝန်းတွေကို တည်ဆောက်ကြပါလိမ့်မယ်။ စစ်ဖြစ်နေတာကြောင့် ဒုက္ခသည်တွေ ပေါ်လာမယ်ဆိုရင်တော့ လူတွေဟာ အကူအညီတွေပေးနိုင်ဖို့ စုစည်းအားထုတ်ကြပါလိမ့်မယ်။

အဲဒီလို လူမှုကွန်ရက်တွေရှိတဲ့ ရပ်ရွာတွေမှာ အချင်းချင်း ပူးပေါင်းဆောင်ရွက်တာတွေ ဖြစ်ထွန်းနိုင်ပါတယ်။ အဲဒီလိုပဲ ခေါင်းဆောင်မှုတွေ၊ ဆွေးနွေးတိုင်ပင်ကြတာတွေနဲ့ စိတ်ကူးစိတ်သန်းကို ဖြန့်ဖြူးကြတာတွေလည်း ဖြစ်လာနိုင်ပါတယ်။ ဒီလိုလူ့အဖွဲ့အစည်းတွေထဲမှာလည်းပဲ ဒီမိုကရေစီနဲ့ ဘဝကိုနေထိုင်ကြပုံတွေ ဖြစ်ထွန်းကျင့်သုံးလာနိုင်ကြဖို့ တကယ်ပဲ အရေးကြီးလှပါတယ်။ ဒီမိုကရေစီနဲ့ လွတ်လပ်ခွင့်ကို အနာဂတ်မှာရလာဖို့ကိုပဲ စိတ်ကူးယဉ်ကြရမှာမဟုတ်ပါဘူး။ လက်ရှိကာလ ဒီမိုကရေစီကိုလက်တွေ့ပျိုးထောင်ရာမှာ ဖြစ်ထွန်းလာတဲ့ အောင်မြင်မှုဇာတ်ကြောင်းတွေကိုလည်း နမူနာယူကြ ဖြန့်ဖြူးကြရမှာဖြစ်ပါတယ်။ တက်ကြွစွာပါဝင်နေတဲ့ ပြည်သူတွေဟာ လူချစ်လူခင်များတဲ့ စန်းရှိတဲ့ နိုင်ငံရေးခေါင်းဆောင်တွေ မဟုတ်ကြသော်လည်း သူတို့ဟာ အဓိက အပြောင်းအလဲကို မောင်းနှင်နေကြသူတွေပါ။ သူတို့ဟာ အနာဂတ်ရဲ့ အပြောင်းအလဲတွေကို ဖော်ဆောင်တဲ့နေရာမှာ ခွန်အားသစ်တွေဖြည့်ပေးနိုင်သူတွေပါ။

ခင်ဗျား ဒီမိုကရေစီနဲ့ သွားချင်တဲ့ အနာဂတ်အတွက် အကောင်းတကာ့ အကောင်းဆုံး လုပ်ငန်း အစီအစဉ်တွေ ဒီဇိုင်းချရေးလို့ ရမယ်ဗျာ။ ဒါပေမယ့် အဲဒီလို အစီအစဉ်တွေကို ကိုယ်နဲ့စိတ်တူတဲ့ လူတစ်စုနဲ့ပဲ ဆွေးနွေးရုံနဲ့တော့ ဘာမှ မဖြစ်လာဘူး။ လူများစုကြီးနဲ့ ကင်းကွားနေလို့မရဘူး။ ဒီနေရာမှာ ဆိုလိုတာက အဲဒီလို လုပ်ငန်းအစီအစဉ်တွေ ရေးဖို့မလိုဖူးလို့ ပြောတာမဟုတ်ပါဘူး။ ဖိနှိပ်တဲ့ အာဏာရှင် စနစ်အောက်နေရတဲ့ အချိန်ဟာ လူ့အဖွဲ့အစည်းအတွက် နိုင်ငံရေးလူမှုရေး စိတ်ကူးစိတ်သန်းတွေ ပေါ်ထွက်လာဖို့ အချိန်ကောင်းတွေ ဖြစ်ခဲ့တာချည်းပါပဲ။ ဒါပေမယ့် အဲဒီစိတ်ကူးစိတ်သန်းတွေ အလုပ်ဖြစ်ဖို့ဆိုရင်တော့ သူတို့ဟာ လူတွေရဲ့ နေ့စဉ်ဘဝထဲကို လူမှုရေးအချည်အနှောင်တွေနဲ့ ကွန်ရက်တွေထဲမှာ ကျင့်ကြံ မြဲမြံနေမှရမယ်။ ပြီးတော့ ဒီစိတ်ကူးစိတ်သန်းတွေဟာ လူမှုဆက်ထုံးတွေထဲက လူတွေ တကယ်တောင့်တ အာသီသရှိနေတဲ့ အရာတွေနဲ့ နီးစပ်ရမယ်။

မေး။ ။ ခင်ဗျားရဲ့ “လူမှုဘဝအပြောင်းအလဲအတွက် မဟာဗျူဟာ”ဆိုတဲ့ သင်တန်းခေါ်စာထဲမှာ ခင်ဗျား ပြောထားတာရှိတယ်။ မဟာဗျူဟာတွေ အများကြီးချဖို့ ဖြစ်နိုင်ခြေတွေ ရှိတယ်။ အပြောင်းအလဲတွေ တော်လှန်ရေးတွေအတွက် နေရာရှိပါတယ်ဆိုပြီး ရေးထားတာ တွေ့လိုက်တယ်။ ရှရှားလို ဖိနှိပ်မှု ကြီးကြီးမားမားရှိတဲ့ ပတ်ဝန်းကျင်မျိုးမှာ ဘယ်လိုနည်းဗျူဟာတွေရှိနိုင်မလဲ။ အဲဒီလိုအခြေအနေမှာ လူတွေ တတ်နိုင်တဲ့ နည်းလမ်းတွေကို ဘယ်လိုရှာတွေ့နိုင်မလဲ။ ဘယ်လိုအခွင့်အလမ်းတွေ ဖန်တီးပေးလို့ရမလဲ။

ဖြေ။ ။ ရုရှားစစ်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို ကြည့်ပေါ့ဗျာ။ စစ်ကိုရပ်ပစ်လိုက်ဖို့တော့ မတတ်နိုင်ဘူး။ သူတို့က ဖိနှိပ်တဲ့ အာဏာရှင် အစိုးရကို အကြမ်းမဖက် ဒီမိုကရေစီနည်းလမ်းကျကျ လှုပ်ရှားမှုတွေနဲ့ မဖြိုချနိုင်ဘူး။ ဒါပေမယ့် အကြမ်းနည်းနဲ့ အာဏာရှင်ကို တန်ပြန်တဲ့ လှုပ်ရှားမှုတွေကလည်း အတူတူပါပဲ။ အာဏာရှင်ကို မဖြိုနိုင်ပါဘူး။ နှစ်ခုစလုံးက မနိုင်တာချင်းတူတယ်။ အကြမ်းနည်းနဲ့ စိန်ခေါ်တာ၊ တည့်ရင်ဆိုင်ပစ်တာက စက်ယန္တရားတွေရဲ့ အလုပ်လုပ်တဲ့ သဘောဆောင်တယ်။ လက်နက် ပိုများတဲ့ဘက်က သာသွားတာပဲ။ ပိုပြီးကြမ်းတမ်းပြဖို့ အခွင့်သာနေတဲ့သူက နိုင်သွားတာ များတယ်။ အစိုးရတွေကိုကြည့်ရင် သူတို့မှာကအဲဒီလိုအကြမ်းနည်းတွေ သုံးနိုင်ဖို့ အစိုးရတစ်ရပ် ဖြစ်နေလို့ကို အခွင့်အလမ်း ပိုများတယ်။

ရုရှား၊ဘယ်လာရုစ်၊ ဥဇဘက္ကစတန်၊ အီရန်၊ မြန်မာနဲ့ တခြားနိုင်ငံတွေမှာ ဒီမိုကရက်တစ် အပြောင်းအလဲတွေဖြစ်နိုင်ခြေကို တွက်ဆကြရာမှာ အကောက်အယူမလွဲကြစေချင်ဘူး။ ယူကရိန်း၊ ဆားဘီးယား၊‌ဂျော်ဂျီယာတို့မှာဖြစ်ခဲ့တဲ့ “အသွေးအရောင်ခြယ်တော်လှန်ရေးတွေက ရတဲ့ အတွေ့အကြုံ တွေကို အခြေခံပြီးတော့ အင်မတန် ချုပ်ချယ်ဖိနှိပ်မှုပြင်းထန်တဲ့ နိုင်ငံတွေက အဖြစ်အပျက်တွေနဲ့ ချိန်ထိုးလို့မရဘူး။ အဲဒီအောင်မြင်ခဲ့တဲ့နိုင်ငံတွေမှာက အာဏာရှင်ပုံစံက အပျော့စားလို့ ပြောရမှာ ဖြစ်တယ်။ အာဏာရှင်တွေ ကြီးစိုးနေတယ်ဆိုသော်လည်း သူတို့မှာက အသက်ဝင်နေတဲ့ လွှတ်တော် နိုင်ငံရေးနဲ့ အတိုက်အခံဆိုတာ ရှိနေသေးတယ်။

အနိမ့်ဆုံး တရားရုံးတွေမှာ လွတ်လပ်မှု ရှိတန်သလောက် ရှိတယ်။ လွတ်လပ်တဲ့မီဒီယာ တချို့ရှိတယ်။ လွတ်လပ်တဲ့ NGOs တွေကလည်း တရားဝင် ရပ်တည်လည်ပတ်နေနိုင်ကြတယ်။ အကျိုးဆက်ကတော့ အာဏာရှင်အပျော့စားတွေ အုပ်ချုပ်တဲ့နိုင်ငံတွေမှာက ဒီမိုကရေစီအကူးအပြောင်းဖြစ်ဖို့ အရပ်ဘက်က ပြည်သူတွေရဲ့ မဟာဗျူဟာ၊ နည်းဗျူဟာအမျိုးမျိုးကိုသုံးပြီး သြဇာသက်ရောက်အောင် လုပ်ခြင်းအားဖြင့် ထိရောက်နိုင်တယ်။ အာဏာရှင်အလိုရှိသလောက် ပြည်သူတွေအနေနဲ့ မလိုက်လျောပေးအောင် စည်းရုံးလှုံ့ဆော်နိုင်တယ်။ ဒီမဟာဗျူဟာ နည်းဗျူဟာတွေအားလုံးမှာ အဓိပ္ပါယ်ကတော့ နိုင်ငံတော်ဟာ သူဘာလုပ်နိုင်တယ် မလုပ်နိုင်ဘူးဆိုတာကို အရပ်ဘက်လူ့အဖွဲ့အစည်းနဲ့ ညှိရမှာပဲ။ ဒီတော့ အရပ်ဘက်လူ့အဖွဲ့အစည်းဟာ နည်းပေါင်းစုံနဲ့ နိုင်ငံတော်ရဲ့ စည်းမျည်းစည်းကမ်းတွေကို ပြောင်းအောင် ညှိနှိုင်းသိမ်းသွင်းယူရင်း ဒီမိုကရေစီကို ရလာမှာပဲ။

ဒီနေ့ခေတ် ရုရှားလို၊ မြန်မာလို၊ အီရန်လို ကြမ်းတမ်းစွာ ဖိနှိပ်တဲ့ အာဏာရှင်စနစ်တွေမှာတော့ ဒီအခြေအနေမျိုး မဟုတ်ဘူး။ ဒီလို အာဏာရှင်စနစ်တွေမှာ နိုင်ငံတော်နဲ့ လူ့အဖွဲ့အစည်းကြားက ဆက်ဆံရေးဟာ စည်းနဲ့ကမ်းနဲ့ ဘောင်ထဲက သွားတာမဟုတ်ဘူး။ အဂတိလိုက်စားမှုပုံစံမျိုးစုံ ပြည်သူဘဝကို ခြိမ်းခြောက် စွက်ဖက်မှုတွေ ပုံစံအမျိုးမျိုးရှိနိုင်တယ်။ ဒါဟာ သတင်းဆိုးပါပဲ။

ဒါပေမယ့် သတင်းကောင်းလည်း ရှိနိုင်တာပဲ။ သတင်းကောင်းကတော့ အာဏာရှင်တွေရဲ့ ဖိနှိပ်မှုကို ဆန့်ကျင်ဖို့အားတွေကို အာဏာရှင်တွေကပဲ မွေးပေးတာပါ။ ဖိနှိပ်ချုပ်ချယ်တဲ့ အာဏာရှင်တွေဟာ သူတို့ကို တော်လှန်ချင်သူတွေအတွက် အခွင့်အရေးတွေရော အခြေအနေတွေကိုရော ဖန်တီးပေးတတ် ကြပါတယ်။

ဖိနှိပ်ချုပ်ချယ်မှုကို အကျင့်သီလရှုထောင့်နဲ့ နိုင်ငံရေးရှုထောင့်ကချည်းပဲမဟုတ်ဘဲ ဘောဂဗေဒ ရှုထောင့်ကလည်း သုံးသပ်ကြဖို့ကောင်းပါတယ်။အစိုးရက ဖိနှိပ်ချုပ်ချယ်တဲ့အခါ မထင်တာတွေ ဖြစ်လာတတ်ပါတယ်။ လူ့အဖွဲ့အစည်းကို ထိန်းချုပ်ဖို့အတွက် ဖိနှိပ်လေလေ လူ့အဖွဲ့အစည်းကို ထိန်းချုပ်ရတာ ခက်လေလေပါပဲ။ ဒါက the law of diminishing returns ဆိုတဲ့ စီးပွားရေးသီအိုရီကို အခြေခံပြီး ပြောတာပါ။ တကယ်လို့ အစိုးရကို မကျေနပ်တဲ့သူတွေက ဆက်ပြီးတည်ရှိနေကြတဲ့အခါ ဒီသီအိုရီဟာ အလုပ်ဖြစ်တယ်ဆိုတာကို သိနိုင်ပါတယ်။

Hannah Arendt ရေးခဲ့သလိုပေါ့။ အကြမ်းနည်းအားဖြင့် ပါဝါကို ဖျက်ဆီးပစ်နိုင်တယ်။ ဒါပေမယ့် ပါဝါကိုတော့ မတည်ဆောက်နိုင်ဘူးဆိုတာ။ ဖိနှိပ်တဲ့အခါမှာလည်း ပြည်သူနဲ့ အစိုးရကြားမှာရှိနေတဲ့ နားလည်မှုတွေ ချည်နှောင်မှုတွေကို ဖျက်ဆီးပစ်လိုက်တာပဲ။ (ဒါက အစိုးရရဲ့ ပါဝါကျသွားတာပဲ)။ တစ်ချိန်တည်းမှာ ပါဝါအသစ်ကိုလည်း မတည်ဆောက်နိုင်ဘူး။ သူမမြင်ချင်တဲ့ လူမှုကွန်ရက်တွေကို ဖျက်ဆီးရင်း ဖျက်ဆီးရင်း အစိုးရတွေဟာ သူတို့နဲ့ လူ့အဖွဲ့အစည်းကြားမှာရှိတဲ့ချည်နှောင်မှုတွေပါ ပျက်ယွင်းလာတယ်။ ဒီထက်ပိုပြိး ဖိနှိပ်မှုတွေ ထပ်လုပ်လေလေ သူတို့လိုချင်တဲ့ရလဒ်က ပြောင်းပြန်ထွက်လေလေ၊ လူ့အဖွဲ့အစည်းအပေါ် မထိန်းချုပ်နိုင်လေပဲ။ လူတွေဟာလည်း အပြောင်းအလဲကို ရအောင်လုပ်ဖို့ လမ်းစတွေ တွေ့လာလေလေ ဖြစ်တတ်တယ်။ နောက်ဆုံး တစ်ချိန်ကျရင် အုပ်ချုပ်နေတဲ့ အာဏာရှင်တွေ ဒါမှမဟုတ် အာဏာရှင်တွေထဲက တစ်စိတ်တစ်ပိုင်းဟာ သူတို့ ကိုယ်ကျိုးတွေ မပျက်စီးရလေအောင် လူ့အဖွဲ့အစည်းနဲ့ ညှိနှိုင်းကြရတော့တာပဲ။ ဥပမာ ရုရှားအာဏာပိုင်တွေဟာ အခုဆိုရင် အင်တာနက်မှာ ဆင်ဆာကို လုံးဝ တင်းတင်းကြပ်ကြပ် ဖြစ်‌အောင်လုပ်ကြတယ်။ ဒါပေမယ့် သတင်းကို လွတ်လွတ်လပ်လပ်ရနိုင်တဲ့ နေရာတွေ ပျောက်သွားတာမှ မဟုတ်တာပဲ။ ရလဒ်က ပြောင်းပြန်ပဲ။ အစိုးရထိန်းချုပ်ထားတဲ့ အင်တာနက် အလုပ်လုပ်ပုံထက် မလျော့တဲ့ ပရိသတ်အရွယ်အစား အတူတူလောက်ရှိတဲ့ နောက်ထပ် ရုရှား အင်တာနက်ကွန်ရက်တစ်ခု (Runet) ပေါ်လာတာပါပဲ။ လွတ်လပ်တဲ့ ဂျာနယ်လစ်နဲ့ ဘလော့ဂါ ထောင်ပေါင်းများစွာဟာ သူတို့လုပ်နေကျအလုပ်ကို နိုင်ငံခြားကနေ လုပ်ပေးနေကြတယ်။ ရုရှားအင်တာနက် ပရိသတ်က ပိုများလာတယ်။ အတော်များများဟာ VPN သုံးနေကြတယ်။ ဒီနိုင်ငံမှာ လူကြိုက်များတဲ့ Youtube ကလည်း ဆက်ပြီး သုံးလို့ရနေတာပဲ။ (အကြောင်းကြောင်းကြောင့် နောက်လည်း ဆက်ပြီးသုံးလို့ရနေဦးမှာပဲ)။ သတင်းအချက်အလက်စီးဆင်းမှုကို အစိုးရဟာ ပိုပြီး ထိန်းချုပ်ဖို့ ကြိုးစားပေးမယ့် နောက်ဆုံးကျတော့ ပိုတောင် လွတ်နေတဲ့ သဘောမှာရှိတယ်။

အစိုးရရဲ့ ဖိနှိပ်ချုပ်ချယ်မှုကနေ သူတို့ထင်သလို အကျိုးရှိမလာပဲ အချိန်ကြာလာတာနဲ့အမျှ ပြည်သူတွေဟာ လိုက်နာဖို့ကို ငြင်းဆန်လာကြတယ်။ ပြည်သူတွေရဲ့ အမိန့်နာခံမှုဟာ နိုင်ငံတော်ရဲ့ ပါဝါကို ဖြစ်တည်စေတဲ့ နောက်ထပ်အရင်းအမြစ်တစ်ခုပဲ။ တစ်ခုတော့ရှိတာပေါ့။ ဒီလောက် ဖိနှိပ်မှုပြင်းထန်နေတဲ့ အခြေအနေမျိုးမှာ အာဏာရှင်ဆန်တာတွေကို ထောင်ထားခြားနား ချင်တဲ့သူတွေ ဘယ်လိုရှေ့ဆက်ကြမလဲ။ ဘာတွေလုပ်ကြမလဲဆိုတာက အတော်ကြီး မဟာဗျူဟာကျပြီး နည်းဗျူဟာလည်း လိုအပ်တဲ့ မေးခွန်းကြီးတစ်ခုပဲ။

ဥပမာ- အစိုးရကနေ အပြင်းအထန်အကြမ်းဖက်နှိမ်နင်းနေတဲ့အခါမှာ တစ်နေရာထဲမှာ ကွက်ပြီး ဆန္ဒထွက်ပြတဲ့ နည်းလမ်းက မဟာဗျူဟာ မကျနိုင်ဘူး။ ဒါပေမယ့် အဲဒီလိုဆန္ဒပြတာကြောင့် အများရဲ့ တော်လှန်ရေးစိတ်ဓာတ်ကို ထိန်းထားနိုင်မယ်ဆိုရင်တော့ ဒါဟာလမ်းကျတဲ့ ကိစ္စဖြစ်တယ်။ ထောက်ခံ အားပေးနေသူတွေရဲ့ စိတ်အားတက်ကြွမှုကို ထိန်းထားရာကျမယ်။ အင်မတန်ဆိုးရွားစွာဖိနှိပ်တဲ့ အာဏာရှင်နဲ့ လူ့အဖွဲ့အစည်းကြားထဲမှာ ကျွန်တော်ပြောခဲ့သလိုပဲ အားပြိုင်ကြတဲ့အခါမှာ ဘက်မညီတတ်ကြဘူး။ အဲဒီလိုပဲ ငြိမ်းချမ်းစွာပြည်သူက စုဝေးဆန္ဒပြကြတယ်ဆိုတာက ရုရှားမှာတော့ အဓိက နည်းဗျူဟာမဖြစ်နိုင်ဘူး။ ကျွန်တော်တို့က ယူကရိန်းတို့ ဆားဘီးယားတို့ ဂျော်ဂျီယာတို့နဲ့ မတူဘူး။

အစိုးရက ကျင့်ကြံနေတဲ့ အကြမ်းနည်းတွေကို တိုက်ဖျက်ဖို့ တခြားနည်းတွေတော့ ကျန်ပါသေးတယ်။ အစိုးရက ဖိနှိပ်ဖို့နေရာမှာ အရင်းအမြစ်တွေ မသုံးလို့မရဘူး။ အရင်းအမြစ်တွေဆိုတာက အကန့်အသတ် ရှိတယ်။ ရှိသလောက်နဲ့ ထိထိရောက်ရောက်သုံးနိုင်ဖို့ဆိုတဲ့ကိစ္စမှာ အရင်းအမြစ်ဆိုတာ အမြဲရနိုင်တဲ့ ကိစ္စမဟုတ်ဘူး။ သုံးလေ လျော့လေပဲ။ ဒါကြောင့်မို့လို့ နိုင်ငံတော်က အကြမ်းဖက်ပြီး မနှိမ်နင်းနိုင်တဲ့ လွတ်မြောက်နယ်မြေတွေဆိုတာ အမြဲပေါ်လာလေ့ ရှိတယ်။ အဲဒီလိုနေရာတွေဟာ သူမထိန်းချုပ်နိုင်တော့တဲ့ ပထဝီနယ်မြေတွေလည်း ဖြစ်နိုင်တယ်။ (မြန်မာမှာ ဖြစ်သလို စစ်တပ်ကနေ တစ်ပြည်လုံးကို ထိန်းမထားနိုင်တော့တာ၊ ရုရှားကနေ တက်ကြွလှုပ်ရှားသူတွေ ဂျာနယ်လစ်တွေ ထွက်သွားပြီး တခြားနိုင်ငံကနေ အလုပ်ဆက်လုပ်နေကြတာ) အဲဒါမျိုးတွေ ဖြစ်နိုင်သလို virtual spaces လို ရုရှားဘာသာစကားနဲ့ပဲ လည်ပတ်နေတဲ့ နောက်ထပ် အင်တာနက်ကမ္ဘာတစ်ခုလည်း ဖြစ်လာ နိုင်တယ်။ ဒါမှမဟုတ် ညီအစ်ကိုမသိတသိအခြေအနေမျိုးကို အခွင့်ကောင်းယူပြီး မီးခိုးရောင်ဇုန်မှာပဲ တက်ကြွလှုပ်ရှားသူတွေဟာ အစိုးရက သူတို့အဖွဲ့အစည်းတွေကို ဖျက်ပစ်လိုက်ပြီးတာတောင်မှပဲ ဆက်ပြီး ဥပဒေဘောင်ထဲမှာပဲ ပုံစံနောက်တစ်မျိုးနဲ့ တံဆိပ်နောက်တစ်မျိုး ကပ်ပြီး လှုပ်ရှား နေကြတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ တီထွင်ဖန်တီးမှုတွေရှိတဲ့အခါမှာ အဲဒီလို လွတ်လပ်တဲ့ ဇုန်တွေကို ရှာတွေ့နိုင်ပါတယ်။

အဲဒီလို အစိုးရ ဖိနှိပ်ချုပ်ချယ်ခြင်း ယန္တရားလက်တံများ မရောက်ရှိနိုင်တဲ့ အသေအချာ လွတ်လပ်တဲ့ ဇုန်တွေမှာ အာဏာရှင်လက်က လွတ်မြောက်ရေးလှုပ်ရှားမှုတွေကို ဖန်တီးပြီး လူမှုကွန်ရက် အသိုင်းအဝိုင်းတွေကို ကြံ့ခိုင်စေသင့်ပါတယ်။

အုပ်ချုပ်သူတွေနဲ့ နီးစပ်တဲ့ အီလစ်တွေ၊ အုပ်ချုပ်ရေးထဲဝင်ပါနေတဲ့ အီလစ်တွေကိုလည်း အရပ်ဘက် လူ့အဖွဲ့အစည်းဘက်ကိုလှည့်ပြီး မျက်နှာမူ ထောက်ခံလာအောင် ဖိအားပေးလာကြပြီဆိုရင် အစိုးရရဲ့ ဖိနှိပ်မှုယန္တရားဟာ အလုပ်မတွင်နိုင်တော့ဘဲနဲ့ နောက်ဆုံးမှာ ပြည်သူတွေကို ဖိနှိပ်မှုရပ်သွားတဲ့ အချိန်ရောက်လာမှာဖြစ်ပါတယ်။ အဲဒီအချိန်ဟာ ဘယ်လိုအချိန်မျိုးလဲဆိုရင် အစိုးရဟာ ဘယ်လိုပဲ ဖိနှိပ်နေပေမယ့် အရာမထင်တော့တဲ့အခါမှာ ဖြစ်ပါတယ်။ အဲဒီအခါမှာ အီလစ်တွေဘက်နဲ့ ညှိနှိုင်းတဲ့ နိုင်ငံရေးအံတုမှုအင်အားစုတော့ ခိုင်ခိုင်မာမာ ရှိနေရမှာဖြစ်ပါတယ်။ ထင်သာမြင်သာရှိတဲ့ စုစည်းညီညွတ်တဲ့ အရပ်ဘက် လူ့အဖွဲ့အစည်းဖြစ်တည်နေပြီး ဒီအီလစ်တွေဘက်က လိုက်လျော ပေးရမယ့် တောင်းဆိုချက်တွေတင်ဖို့ ပြင်ဆင်ထားရမှာ ဖြစ်ပါတယ်။ သူတို့ဟာ အာဏာရှင်ဘက်ကနေ ပြည်သူဘက်ကို ဘက်ပြောင်းလာမယ့် အချိန်မှာ တောင်းဆိုမှုတွေ လုပ်နိုင်အောင် အဆင်သင့် ပြင်ဆင်ထားကြရမှာပါ။

ခုပြောခဲ့တာတွေအားလုံးဟာ ယေဘုယျဆန်ပါတယ်။ ပေါ်လာတဲ့ အကြောင်းခြင်းရာကိုလိုက်ပြီး ပြည်သူ့ဘက်က နည်းဗျူဟာတွေကို ဘယ်လိုဖြစ်သင့်တယ် ဆိုတာကို တစ်ခုချင်း အသေးစိတ် ဆွေးနွေးသင့်ပါတယ်။

မေး။ ။ လူတွေက ဘာသိဘာသာနေလာကြတဲ့အခါ အာဏာရှင်ကို ကြောက်ရွံ့လာကြတဲ့အခါမှာ သူတို့လွယ်လွယ်ကူကူနဲ့လှုပ်ရှားမှုတွေမှာ ပါဝင်လို့ရအောင် ဘာတွေလုပ်ပေးနိုင်ပါသလဲ။ အန္တရာယ်နည်းနည်းနဲ့ လုပ်နိုင်တာတွေလုပ်ပြီး ဘာသိဘာသာနေကြသူတွေကိုလည်း လှုပ်နှိုးနိုင်အောင်ပါ။

ဖြေ။ ။ လူတွေ ဘာသိဘာသာနေကြတာ ကြောက်ရွံ့ပြီး ဝင်မပါကြတာကို ကျော်လွှားနိုင်ဖို့ အကောင်းဆုံး နည်းလမ်းက ဖြစ်လာနိုင်တဲ့ လက်တွေ့ကျတဲ့ မျှော်လင့်ချက်ကိုပဲပေးတာ၊ ပြီးတော့ အောင်မြင်အောင် လုပ်ပြနိုင်လာနိုင်ဖို့ပါ။ တကယ် လူတွေဟာ အများကြီး ပါဝင်နိုင်ကြပါတယ်။ ဒုက္ခသည်တွေကိုကူညီတာ၊ သတင်းအချက်အလက် ဖြန့်ချိပေးတာ (လုံခြုံရေးစည်းမျည်းစည်းကမ်းတွေကို ဖြန့်ချိပေးတာပဲဖြစ်ဖြစ်)၊ နိုင်ငံရေးအကျဉ်းသားတွေဆီကို စာရေးပေးတာ၊ သူတို့မိသားစုတွေဆီကို‌ထောက်ပံ့ပေးတာ။ ဆိုးရွားလွန်းတဲ့ မတရားမှုတွေကို ဆန့်ကျင်ပြတာ

-ဥပမာ- စစ်ကိုဆန့်ကျင်လို့ ကလေးအဖေအဖြစ် စောင့်ရှောက်ခွင့်ကို ငြင်းပယ်ခံရတဲ့ ကိစ္စမျိုးဟာ ဝိုင်းပြီးဆန့်ကျင်ကြတာ အစရှိသည်ဖြင့်။ အဲဒီလိုလုပ်ရပ်တွေက ကိုယ့်နိုင်ငံရေးရပ်တည်ချက်ကို လူတွေကြားထဲ မကြေညာဘဲနဲ့ လုပ်လို့ရတာမျိုးတွေဖြစ်ပြီး နိုင်ငံရေးအရ မတူကွဲပြားတဲ့ အယူအဆရှိသူတွေကို ညီညွတ်လာ စေနိုင်တယ်။

ဒါ့အပြင် လူ့အခွင့်အရေးလှုပ်ရှားသူတွေဟာကိုယ် အထိနာအောင်တော့ ကိုယ်မလုပ်သင့်ဘူး။ ဥပမာ- စစ်ပွဲ အစပိုင်းမှာတုန်းက ရုရှားအတိုက်အခိုက်တွေ၊ လူ့အခွင့်အရေးလှုပ်ရှားသူတွေနဲ့ ဂျာနယ်လစ်တွေက (ရုရှားမှာရော အနောက်ကမ္ဘာမှာရော) ပူတင်ရဲ့ အစိုးရကို စတာလင်ခေတ်နဲ့နှို င်းကြတယ်။ အရင်တုန်းက ၁၉၃၀ ကျော်မှာဖြစ်ခဲ့တာတွေကို အခုမြင်နေရတဲ့ ဒီနေ့ခေတ်ဖိနှိပ်မှုတွေနဲ့ ထပ်တူပဲလို့ ပြောကြတယ်။ ဘာလို့ အဲဒီလို လုပ်ကြတာလဲ ကျွန်တော်တော့ နားမလည်ဘူး။ ပြီးတော့ အဲဒါဟာ မမှန်ဘူး။

အရင်ကလူနဲ့ အခုလူနဲ့ နှိုင်းယှဉ်တဲ့အခါ (နှိုင်းယှဉ်စရာကလည်းရှိနေတယ်။) လူတွေက ဒီနေ့ခေတ်မှာဖြစ်နေတဲ့ ဖိနှိပ်မှုတွေဟာ အစိုးရက သူရွေးပြီး လုပ်ချင်တဲ့သူကိုပဲလုပ်တာလို့ အထင်ရောက်သွားစရာရှိတယ်။ တကယ်ဖိနှိပ်မှု အကျယ်အပြန့် ဖြစ်နေတာတွေကို မမြင်တော့ဘူး။ အခုဖြစ်နေတဲ့ ကြီးမားလှတဲ့ ဖိနှိပ်မှုနဲ့ ဖိနှိပ်ပုံဖိနှိပ်နည်းတွေက နှိုင်းချင်းနှိုင်း ဘရက်ဇညက်တို့ခေတ်၊ အန်ဒရိုပေါ့တို့ခေတ်နဲ့က ဆိုဗီယက်နဲ့ ပိုတူတယ်။ စတာလင်နဲ့တူတာ မဟုတ်ဘူး။

နောက်ပြီးတော့ စတာလင် လက်အောက်မှ တကယ်သာနေခဲ့ဖူးတဲ့ အတွေ့အကြုံနဲ့ ပြောမယ်ဆိုရင် ဘာမှ ပြန်‌တော်လှန်ဖို့ မဖြစ်နိုင်ဘူးလို့ ဆိုတဲ့သဘောဖြစ်သွားမယ်။ အကြွင်းမဲ့ အာဏာရှင်အကြမ်းဖက်စနစ်အောက်မှာ ပြန်ပြီးတော်လှန်ဖို့ဆိုတာ မဖြစ်နိုင်ခဲ့ကြဘူး။ ရုပ်ရှင်ဇာတ်လမ်း သိပ်ကောင်းသွားတဲ့အခါမှာ ပရိသတ်တွေ ခံစားရသလိုပဲ။ ကျွန်တော်တို့က ဒီအစိုးရဟာ ဘယ်လောက်ဆိုးရွားကြောင်းကို ဖိပြောလိုက်တဲ့အခါ လူတွေက ကြောက်သွားပြီး မလှုပ်ရှားရဲတော့တာမျိုးဆီအထိ မရောက်သင့်ဘူး။ ကျွန်တော်တို့က အကြောက်တရားကို ဖြန့်ချိလိုက်တဲ့အခါမှာ ကျွန်တော်တို့ဟာ အစိုးရအာဘော် ဝါဒဖြန့်ချိရေး အထမြောက်အောင် လုပ်ပေးနေသလိုပဲ။

ဒါကို ကုစားဖို့ကရှင်းပါတယ်။ ကျွန်တော်တို့ ဦးစားပေးရမှာက ပြည်သူတွေလုပ်နိုင်မယ့် တာဝန်တွေ၊နဲ့ ရလာနိုင်တဲ့ အောင်မြင်မှုတွေကိုပဲ။ ဖိနှိပ်တဲ့ အကြောင်းတွေကို အသားပေးရမှာ မဟုတ်ဘူး။ ဒါပေမယ့် လက်တွေ့ကျကျ မြင်ကြည့်ရင်တော့ ဒီလိုလှုပ်ရှားမှုတွေထဲဆက်ပါနေရင်းနဲ့ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုကာကွယ်မလဲ၊ ကိုယ်ချစ်တဲ့သူတွေနဲ့ တခြားဖိနှိပ်မှုဒဏ်ခံနေရတဲ့သူတွေကို ဘယ်လို ခုခံပေးမလဲဆိုတာပဲ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article