30 C
Yangon

မြန်မာစစ်တပ်နဲ့ ပူးပေါင်း လုပ်ဆောင်နေတဲ့ ဆိပ်ကမ်းကို ရောင်းချပြီး အိန္ဒိယ Adani ကုမ္ပဏီ မြန်မာနိုင်ငံကထွက်ခွာ

Must read

မြန်မာစစ်တပ်နဲ့ ပူးပေါင်း လုပ်ဆောင်နေတဲ့ ဆိပ်ကမ်းကို ရောင်းချပြီး အိန္ဒိယ Adani ကုမ္ပဏီ မြန်မာနိုင်ငံကထွက်ခွာ

ရန်ကုန်၊ မေ ၇

နိုင်ငံတကာရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ အကြီးအကျယ်ခံနေရတဲ့ မြန်မာစစ်တပ်နဲ့ အကျိုးတူ ရင်းနှီးမြှုပ်နှံထားတဲ့ ဆိပ်ကမ်းတစ်ခုကို မူရင်းဈေးထက် များစွာလျှော့‌ပေါ့ကာ အမေရိကန်ဒေါ်လာ သန်း ၃၀ နဲ့ ရောင်းချလိုက်ပြီ ဖြစ်တယ်လို့ အိန္ဒိယရဲ့ Adani Group ကုမ္ပဏီက ကြေညာလိုက်ပါတယ်။

ဆိပ်ကမ်းရောင်းချမည့်အကြောင်းနဲ့ ပတ်သက်ပြီး Adani ports ကုမ္ပဏီက ၂၀၂၂ ခုနှစ် မေလ ကတည်းက ထုတ်ပြန်ခဲ့တာဖြစ်ပြီး အကြောင်းရင်း အမျိုးမျိုးတွေကြောင့် အရောင်းအဝယ် ကြန့်ကြာနေရတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံကနေ သူတို့ကုမ္ပဏီ ပြန်လည်ထွက်ခွာဖို့ ပြင်းထန်တဲ့ တွန်းအားတစ်ခုကတော့ လက်တွဲလုပ်ဆောင်ရတဲ့ အဓိက ရှယ်ယာရှင်တချို့ဟာ ဒဏ်ခတ်ပိတ်ဆို့မှုခံရတဲ့အထဲမှာ ပါဝင်နေလို့ပဲ ဖြစ်တယ်လို့ Adani Ports က အရင်က ပြောကြားထားခဲ့ဖူးပါတယ်။ သူတို့အနေနဲ့ ဒဏ်ခတ်ပိတ်ဆို့ခံထားရတဲ့ ဘယ်အဖွဲ့အစည်းနဲ့မဆို ချိတ်ဆက်လုပ်ကိုင်မှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။

တကယ်တော့ Adani Ports က မြန်မာနိုင်ငံကနေ ၂၀၂၂ ခုနှစ် မတ်လကနေ ဇွန်လအတွင်း အပြီးပြန်ထွက်နိုင်ရေး ရည်ရွယ်ခဲ့ပေမဲ့ လပေါင်းများစွာ ကြန့်ကြာနေတာကြောင့် Adani အနေနဲ့ မြန်မာစစ်တပ်နဲ့ ပူးပေါင်း လုပ်ဆောင်ခဲ့တဲ့ အဆိုပါဆိပ်ကမ်းကို ဆက်လက်လုပ်ကိုင်နေတယ်ဆိုတဲ့ သတင်းတွေလည်း ဒီရက်ပိုင်းမှာ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ထွက် လာခဲ့ပါသေးတယ်။

၂၀၂၁ ခုနှစ် မေလက ထွက်ပေါ်လာတဲ့ စာရွက်စာတမ်းတွေထဲမှာ Adani Ports ကုမ္ပဏီက မြန်မာစစ်တပ်ပိုင် ကုမ္ပဏီကို မြေငှားရမ်းခ ကြိုတင်ပေးချေမှု အမေရိကန်ဒေါ်လာ သန်း ၉၀ အပါအဝင် စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၁၂၇ သန်း ရင်းနှီးမြှုပ်နှံထားကြောင်း မှတ်တမ်းတင်ထားပါတယ်။

Adani Ports ကုမ္ပဏီအနေနဲ့ တည်ဆောက်ရေးလုပ်ငန်းတွေ စတင်နိုင်ခဲ့ပေမဲ့ အခုအချိန်ထိ လုပ်ငန်းလည်ပတ်မှု မစတင်နိုင်ခဲ့တဲ့ Greenfield စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၁၉၅ သန်းထိ ရင်းနှီးမြှုပ်နှံထားကြောင်း အဆိုပါ လုပ်ငန်းနဲ့ နီးစပ်သူတွေက ပြောဆိုကြပါတယ်။

ဆိပ်ကမ်းကို အမေရိကန်ဒေါ်လာ သန်း ၃၀ နဲ့ ပြန်လည်ဝယ်ယူလိုက်သူက Solar Energy ကုမ္ပဏီပဲ ဖြစ်ပါတယ်။ Solar Energy ရဲ့ အခြေစိုက်နိုင်ငံကိုတော့ လောလောဆယ် မသိရသေးပါဘူး။

Solar Energy Limited ကို ဘယ်သူပိုင်ဆိုင်ကြောင်းနဲ့ သူတို့ မှတ်ပုံတင်ထားတဲ့နေရာနဲ့ ပတ်သက်ပြီး မေးမြန်းမှုအပေါ် Adani Ports က ထုတ်ဖော်ပြောကြားဖို့ ငြင်းဆိုခဲ့ကြောင်းနဲ့၊ ဒါဟာ မြန်မာပြည်သူတွေရဲ့ မူလပိုင်ဆိုင်မှုတွေကို စစ်တပ်ရဲ့စီးပွားရေးလုပ်ငန်းစု MEC က တရားမဝင်ထိန်းချုပ်ထားတဲ့ ပွင့်လင်းမြင်သာမှု ကင်းမဲ့လွန်းတဲ့ လုပ်ရပ်ရဲ့ အကျိုးဆက်တခု ဖြစ်တယ်လို့ မြန်မာ့အရေး တက်ကြွလှုပ်ရှားသူများအဖွဲ့ဖြစ်တဲ့ Justice For Myanmar က ဝေဖန်ပြောဆိုလိုက်ပါတယ်။

Adani Ports အနေနဲ့ သူရဲ့စီးပွားရေးလုပ်ငန်းတွေကို အခုလို မြန်မာနိုင်ငံကနေ တာဝန်မဲ့ ရုတ်သိမ်းတဲ့လုပ်ရပ်က ကုမ္ပဏီရဲ့ ဆိုးရွားတဲ့ လူ့အခွင့်အရေး ပျက်ကွက်မှုတွေကို ပြသနေတယ် လို့လည်း ဆိုပါတယ်။

Adani Ports အနေနဲ့ မြန်မာနိုင်ငံကနေ တာဝန်ယူမှုရှိရှိ နုတ်ထွက်ဖို့၊ သူတို့ရဲ့ လူ့အခွင့်အရေး တာဝန်တွေကို စနစ်တကျဆောင်ရွက်ဖို့၊ ဝယ်ယူသူရဲ့ အသေးစိတ် အချက်အလက် အပြည့်အစုံကို ထုတ်ပြန်ဖို့နဲ့ စစ်တပ်ပိုင် မြန်မာစီးပွားရေး ကော်ပိုရေးရှင်း (MEC) နဲ့ လုပ်ခဲ့တဲ့ သူတို့ရဲ့စီးပွားရေး လုပ်ငန်းရဲ့ အကျိုးဆက် ဖြစ်ပေါ်မှုတွေမှာ ထိခိုက်မှုလျော့ပါးစေရေး ကုစားပေးဖို့တွေကို တောင်းဆိုတယ်လို့လည်း Justice for Myanmar က ထုတ်ပြန်ပြောဆိုထားပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article