30 C
Yangon

ကနီ၊ မြောင်နှင့် ရေစကြို မြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁၃ ဦးသေဆုံးကာ PDF ရဲဘော် ၁ ဦးဖမ်းဆီးခံရ

Must read

ကနီ၊ မြောင်နှင့် ရေစကြို မြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁၃ ဦးသေဆုံးကာ PDF ရဲဘော် ၁ ဦးဖမ်းဆီးခံရ

ရန်ကုန်၊ မေ ၂၅

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ဘန့်ဘွေးရွာမ ပျူစောထီး စခန်းသို့ ပြန်လည် ဝင်ရောက်လာသည့် စစ်ကြောင်းနှင့် PDF တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ကနီမြို့နယ် လူထုသပိတ်ခေါင်းဆောင် ကိုပြည့်အောင်နိုင်က ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

ယနေ့မေလ ၂၅ ရက် နံနက် ၉ နာရီခန့်တွင် ကနီမြို့နယ်အတွင်း လှည့်လည် စစ်ကြောင်းထိုးနေသည့် စစ်တပ်က ဘန့်ဘွေးရွာမရှိ ပျူစောထီးစခန်းကို ပြန်လည် ဝင်ရောက်လာစဥ် ဘန့်ဘွေးပျူရွာ အနီး၌ တိုက်ပွဲဖြစ်ခဲ့ပြီး အကြမ်းဖက်စစ် သား၊ ပျူစောထီးများမှာ ဘန့်ဘွေးရွာမအတွင်းသို့ ဝင်ရောက်သွားကြောင်း၊ အကြမ်းဖက်စစ်သား၊ ပျူစောထီးများ ထိခိုက်သေဆုံးမှု အခြေအနေ ကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

“တိုက်ပွဲကတော့ ပြီးသွားပြီ၊ သူတို့လာတဲ့ပျူစခန်းထဲ ပြန်သွားပြီ၊ နှစ်ဖက်ထိခိုက်ကျဆုံးမှုအခြေတော့ စုံစမ်းနေတုန်းဗျ၊ စစ်ကြောင်းထိုးတဲ့လမ်းကြောင်းတလျှောက်မှာ ထိခိုက်ပျက်စီးမှုတွေရှိပါတယ်၊ ကျည် တွေ၊ စစ်ခွေးတွေရဲ့မှတ်တမ်းတွေ၊ အသုံးအဆောင်တွေလဲ တွေ့ခဲ့တယ်၊ နေအိမ်ထိခိုက်ပျက်စီးမှုနဲ့ပတ် သက်လို့ ပြုစုနေတုန်းပဲ” ဟု ကနီမြို့နယ် လူထုသပိတ်ခေါင်းဆောင် ကိုပြည့်အောင်နိုင်က ရန်ကုန်ခေတ် သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

မေလ ၁၆ ရက်နေ့မှ စတင်၍ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးရွာမ ပျူစောထီးစခန်းမှ အကြမ်းဖက် စစ် သားများက လယ်ရှည် ၊ တွင်း၊ မင်းမ ၊ သမင်ခြံ ၊ ချောင်းမ ရွာများ နှင့် ရေလယ်ကျွန်းပျူစခန်းအနီးရှိ ကျေးရွာ များကို တကြော့ပြန် စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး ယနေ့‌မေလ ၂၅ ရက်နံနက်ပိုင်းတွင် ၎င်းတို့အထိုင်ချ ဘန့်ဘွေးရွာမ ပျူစခန်းအတွင်းသို့ ပြန်လည် ဝင်ရောက်သွားခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကျောက်ရစ်ရဲစခန်းမှ ထွက်လာသည့် စစ်ကြောင်းကို ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း မြင်းခြံခရိုင် တပ်ရင်း ၂ ထံမှ သိရသည်။

မေလ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် ကျောက်ရစ် ရဲစခန်းမှ ထွက်လာသည့် စစ်ကြောင်းကို ကာကွယ်ရေး တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားခဲ့​ကာ စစ်ကြောင်းက ပြန်လည် ဆုတ်ခွာလစဥ် မြင်းခြံခရိုင် တပ်ရင်း ၂ နှင့် မဟာမိတ်တပ်ဖွဲ့များမှ ထပ်မံကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

ထိတွေ့ တိုက်ပွဲသည် ၄၅ မိနစ်ခန့် ကြာမြင့်ခဲ့ပြီး စစ်တပ်ဘက်မှ ၃ ဦးသေဆုံးကာ အများအပြား ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ မဟာမိတ်တပ်ဖွဲ့များမှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင် တပ်ရင်း (၂) (PDF Taloke, MGN Tiger, Myingyan Ranger, MGN Twemty One)၊ CDSOM တောင်ပိုင်း (ဗိုလ်ကျားသစ်အဖွဲ့)နှင့် 9 Brothers တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်ရှိ ရုံးပေါင်းစုံ၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို PDF တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ရာ စစ်သား ၁၀ ဦးသေဆုံးခဲ့ကြောင်း Myingyan Black Tiger အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၂၄ ရက်နေ့ နံနက် ၉ နာရီခန့်တွင် MBT အမှတ် ၂ စခန်းမှ ရဲဘော် ၂ ဦးနှင့် အကြမ်းဖက် စစ်တပ် စစ်​ကြောင်းတို့ ရေစကြို မြို့ပေါ်၌ တွေ့ဆုံမိပြီး စစ်တပ်က ပစ်ခတ်ဖမ်းဆီးသောကြောင့် MBT ရဲဘော် ၁ ဦး ခြေထောက် ကျည်ထိမှန်ကာ ဖမ်းဆီးခံရကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးခံ ရဲဘော်ကို ကယ်ထုတ်ရန် ကြိုးစားခဲ့သော်လည်း အကြမ်းဖက် စစ်တပ်က MBT ရဲဘော်ကို ကတ္တရာလမ်းပေါ် ပစ်ထားကာ ကင်းပုန်းဝတ်ထောင်ချောက်ဆင် ဖမ်းဆီးရန် ပြုလုပ်ခဲ့ကြောင်း၊ MBT အဖွဲ့၏ ဌာနချုပ်စခန်းနှင့် အမှတ် ၂ အခြေစိုက်စခန်းတို့မှ လူအင်အား အများအပြားဖြင့် ရေစကြိုမြို့ပေါ်ရောက်ရှိလာစဥ် စစ်တပ်က MBT ရဲဘော်ကို ဆေးရုံသို့ ခေါ်ဆောင်သွားပြီး စစ်သား ၁၀၀ အင်အား ထပ်မံဖြည့်တင်းထားကြောင်း၊ ထို့​နောက် အင်အား အကြီးဆုံး ခံစစ်ဆင်ထားသည့် ရေစကြိုမြို့ ရုံးပေါင်းစုံရှိ စစ်တပ် စခန်းကို အဖမ်းဆီးခံ ရဲဘော်အတွက် လက်တုန့်ပြန် တိုက်ခိုက်ခဲ့ပြီး စစ်သား ၁၀ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ပွဲအပြီး အကြမ်းဖက် စစ်တပ်က ပြန်လည် တုန့်ပြန် တိုက်ခိုက်မည်ကို သိရှိရသော​ကြောင့် မိုင်းဆင်ခြင်းများပါ ပြုလုပ်ခဲ့ကြောင်း Myingyan Black Tiger အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article