29 C
Yangon

ထိုင်းနိုင်ငံတွင် ပွဲစားက အထောက်အထားလုပ်ပေးမည်ဟုဆိုကာ ငွေလိမ်လည်ခံရသည့် မြန်မာလုပ်သား ၂ ဦး လုပ်ငန်းခွင်အတွင်း ဖမ်းဆီးခံရ

Must read

ထိုင်းနိုင်ငံတွင် ပွဲစားက အထောက်အထားလုပ်ပေးမည်ဟုဆိုကာ ငွေလိမ်လည်ခံရသည့် မြန်မာလုပ်သား ၂ ဦး လုပ်ငန်းခွင်အတွင်း ဖမ်းဆီးခံရ

ရန်ကုန်၊ ဇူလိုင် ၃

မြန်မာပွဲစားက အထောက်အထား မလုပ်ပေးဘဲ လိမ်သွားသောကြောင့် မြန်မာအလုပ်သမား ဇနီးမောင်နှံနှစ်ဦး ဇွန်လ ၂၈ ရက်နေ့က ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း ဖမ်းဆီးခံရကြောင်း လိုက်ပါဆောင်ရွက်ပေးနေသော အနှိုင်းမဲ့မေတ္တာ လူမှုကူညီရေးအသင်းထံမှ သိရသည်။

ထိုင်းနိုင်ငံတောင်ပိုင်း ချွန်ဖော်ခရိုင် လန်စွန်းမြို့ရှိ ဆောက်လုပ်ရေ လုပ်ငန်းခွင်တွင် ဖမ်းဆီးခံရခြင်းဖြစ်သည်။ ထိုင်းနိုင်ငံ သို့ နိုင်ငံကူးလက်မှတ်ပြုလုပ်ပေးပြီး အမှန်အကန်ပို့ဆောင်ပေးမည်ဟု မြန်မာပွဲစားက ဆိုသဖြင့် နိုင်ငံကူးလက်မှတ် (PJ စာအုပ်) ပြုလုပ်ရန်အတွက် ကျပ် ၁၇ သိန်းနှင့် ထိုင်းလာသော လမ်းစရိတ်အတွက် ကျပ် ၁၀ သိန်း စုစုပေါင်း ၂၇ သိန်းကို ပွဲစားထံ ပေးချေခဲ့ရကြောင်း သိရသည်။

သို့သော် အလိမ်ခံလိုက်ရပြီး နိုင်ငံကူးလက်မှတ် (PJ စာအုပ်) အတွင်း ဗီဇာမရှိဘဲရောက်ရှိလာသူများ ဖြစ်ကြောင်း အကူအညီပေးနေသူကဆိုသည်။

ပွဲစားက ထိုင်းနိုင်ငံသို့ ရောက်ရှိပါက အဆိုပါ နိုင်ငံကူးလက်မှတ်များကို ဗီဇာ ပြန်လည်ပြုလုပ်ပေးမည်ဟု မြန်မာအလုပ်သမား နှစ်ဦးကို လိမ်လည်ခေါ်ယူခဲ့ကြောင်း ၎င်းကဆိုသည်။

မြန်မာအလုပ်သမားနှစ်ဦးသည် ယင်းပွဲစားမှတစ်ဆင့် ထိုင်းနိုင်ငံ နွန်ထဘူရီခရိုင်သို့ ရောက်ရှိလာခဲ့ပြီး ၂ လကြာ အလုပ်မရရှိသေးဘဲ စွန့်ပစ်ခံထားရခြင်းဖြစ်သည်။

နောက်ပိုင်းတွင် ထိုင်းနိုင်ငံတောင်ပိုင်း ချွန်ဖော်ခရိုင်ရှိ ဆောက်လုပ်ရေးလုပ်ငန်းသို့ နောက်ပွဲစားအသိ၏ အကူအညီအဖြင့် ပြောင်းရွှေ့လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။

ဇွန်လ ၂၈ ရက်နေ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်းသို့ ထိုင်းအာဏာပိုင်များ၊ လဝကရဲတပ်ဖွဲ့များ ဝင်ရောက်စစ်ဆေးရာ ၎င်းတို့နှစ်ဦးတွင် နိုင်ငံကူးလက်မှတ် စာအုပ်သာရှိနေပြီး ဗီဇာသက်တမ်းမရှိသည်ကို တွေ့ရှိရသဖြင့် ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ကြောင်း အနှိုင်းမဲ့မေတ္တာ လူမှုကူညီရေးအသင်းမှ ကိုထိုက် ကဆိုသည်။

“လင်မယားတွဲက အထောက်အထားရှိတယ်ဆိုပြီး တောမော (လဝက) အဖွဲ့ကို ပြလိုက်တာ။ ဒီ PJ စာအုပ်မှာ ဘာတံဆိပ်မှမရှိတဲ့ဟာက တရားရုံမှာ ပိုပြီး အမှုကြီးသွားတာ။ ဘာဗီဇာမှမထုထားတဲ့ စာအုပ်တွေက အမှုကြီးတယ်လို့ ကျန်တဲ့ မြန်မာတွေကို သိစေချင်တယ်” ဟု ၎င်းကဆိုသည်။

ဖမ်းဆီးခံရသောမြန်မာအလုပ်သမား လင်မယားနှစ်ဦးကို ရဲစခန်းတွင် စစ်ဆေးမေးမြန်းပြီးနောက် တရားရုံးအနောက်ရှိ အချုပ်ခန်းတွင် ထိန်းသိမ်းထားပြီး သောကြာနေ့တွင် စစ်ဆေးသွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

မြန်မာပွဲစားများသည် ထိုင်းနိုင်ငံသို့ တရားဝင် ပို့ဆောင်ပေးမည်ပြောပြီး မသိနားမလည်သော မြန်မာနိုင်ငံသား အချင်းချင်း လိမ်လည်ပို့ဆောင်ခဲ့သဖြင့် မြန်မာအလုပ်သမားများ ဒုက္ခရောက် အခက်အခဲများစွာ ဖြစ်ပေါ်နေရခြင်းဖြစ်ကြောင်း ယင်းအဖွဲ့က ဆိုသည်။

(Western News သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article