34 C
Yangon

စစ်အာဏာရှင်တော်လှန်ရေးအတွက် တိုက်ပွဲဝင်နေသော PDF များအတွက် လက်နက်ခဲယမ်း၊ ရိက္ခာနှင့်ဆေးဝါးများ အဓိက ဖြည့်တင်းနေပြီဟု သမ္မတ ဒူဝါလရှီးလ ပြောဆို

Must read

စစ်အာဏာရှင်တော်လှန်ရေးအတွက် တိုက်ပွဲဝင်နေသော PDF များအတွက် လက်နက်ခဲယမ်း၊ ရိက္ခာနှင့်ဆေးဝါးများ အဓိက ဖြည့်တင်းနေပြီဟု သမ္မတ ဒူဝါလရှီးလ ပြောဆို

■ တော်လှန်ရေးက အရှိန်တက်လာလေလေ အောင်ပွဲကို မြင်ရလေလေ ဖြစ်၍ ပိုမိုအားထည့် အပင်ပန်းခံကြရန် ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်း နှိုးဆော်

ရန်ကုန်၊ ဇူလိုင် ၁၂

စစ်အာဏာရှင်တော်လှန်ရေးအတွက် တိုက်ပွဲဝင်နေသော ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF များအတွက် လက်နက်ခဲယမ်း၊ ရိက္ခာနှင့်ဆေးဝါးများ အဓိက ဖြည့်တင်းနေပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ NUG ယာယီ သမ္မတ ဒူဝါလရှီးလ ပြောဆိုလိုက်သည်။

ဇူလိုင်လ ၁၁ ရက်နေ့ အမျိုးသားညီညွတ်ရေးအစိုးရ၏ ၂၃ ကြိမ်မြောက် အစိုးရ အဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလက အထက်ပါအတိုင်း ပြောဆိုပြီး ပြည်သူကို အသိပေးလိုက်ခြင်းဖြစ်သည်။

“လက်ရှိတော်လှန်ရေးဟာ လက်နက်ကိုင်တော်လှန်ရေးနဲ့ နိုင်ငံရေးနည်း လမ်းတွေ ပေါင်းစပ်ပြီး တော်လှန်ရေးခရီးရှည်ကို လျှောက်လှမ်းနေတယ်ဆိုတာ သတိချပ်စေချင်ပါ တယ်။ လက်နက်ကိုင် ခုခံတော်လှန်ရေးမှာ ဘဏ္ဍာငွေအားဖြင့် ငွေလုံး ငွေရင်းလိုက် သုံးစွဲမြှုပ်နှံရတာ လည်း အမြောက်အမြား ပါဝင်နေပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ အမျိုးသားညီညွှတ်ရေးအစိုး ရအနေနဲ့ လက်နက်ခဲယမ်း မီးကျောက် ဝယ်ယူဖြည့်တင်းရေးနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များရဲ့ ရိက္ခာ၊ ဆေးဝါး…. စတဲ့ အသုံးစရိတ်တွေကို အဓိကထားပြီး ဖြည့်တင်းနေရပါတယ်။ ဒါကို ကျွန်တော်တို့ အစိုးရအဖွဲ့ဝင်‌တွေ အားလုံး သိနားလည်ထားပြီး ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ရရှိလာတဲ့ ရန်ပုံငွေ ဘတ်ဂျက်တွေကို ထိထိရောက်ရောက် မျှဝေသုံးစွဲနိုင်ဖို့ အင်မတန် အရေးကြီး ပါတယ်။ ဒါ့အပြင် မရှိမဖြစ် သုံးစွဲရမယ့် ကဏ္ဍတွေကို ဦးစားပေး သုံးစွဲဖို့ လိုပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ သတိချပ်ဖို့က ကျွန်တော်တို့ရဲ့ ပြည်သူလူထုဟာ အသက်သွေးချွေးနဲ့ ရင်းနှီးထားတဲ့ တော်လှန်ရေးမှာ ပါဝင်နေတယ် ဆိုတဲ့အချက်ပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ရဲ့ လုပ်ပုံကိုင်ပုံ တွေဟာ အလွန်တာဝန်ကြီးတယ် ဆိုတာ မမေ့ဖို့ အထူးတိုက်တွန်းလိုပါတယ်။ ”ဟု ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုသည်။

နွေဦးတော်လှန်ရေးတွင် စစ်အာဏာရှင်ကို အမြစ်ပြတ်ချေမှုန်းရေးအတွက် အင်အားနည်းပါး၍ မရဘဲ အားလုံး၀ိုင်းဝန်း အားဖြည့်ကြရမည်ဟု ယာယီသမ္မတက တိုက်တွန်းနှိုးဆော်သည်။

“ကျွန်တော်တို့နိုင်ငံဟာ အခုလို စစ်အာဏာသိမ်းမှုနဲ့ကြုံပြီး ပိုမိုဆိုးရွားတဲ့ လူမှုဒုက္ခတွေကို ခံစားကြ ရပါတယ်။ ဒါ့အပြင် စစ်ကောင်စီရဲ့ လုပ်ရပ်တွေကြောင့် ပျက်စီးဆုတ်ယုတ် သွားတဲ့ လူထုရဲ့ ဓနဥစ္စာ တွေဟာ အမြောက်အမြား ရှိခဲ့ပြီးပြီ ဖြစ်ပါတယ်။ ဒါ့အပြင် အထွေထွေ စီးပွား ရေး ချွတ်ခြုံကျမှုနဲ့ ငွေကြေးဖောင်းပွမှုဒဏ်တွေကို ပြည်သူလူထုက အလူးအလဲ ခံစားနေရပါတယ်။ ဒီလို အခြေအနေမျိုးမှာ ကျွန်တော်တို့ဟာ လက်နက်ကိုင်ခုခံတော်လှန်စစ်ကို ဆင်နွှဲနေရတာဖြစ်ပါတယ်။ နောက်ဆုံး နိဂုံးချုပ်အနေနဲ့ ပြောကြားချင်တာကတော့ နွေဦးတော်လှန်ရေးအတွင်းက စစ်အာဏာရှင် စနစ်ကို အမြစ်ပြတ်ချေမှုန်းရေး စီမံချက်ဟာ အင်အားနည်းပါးလို့ လုံးဝ မရပါဘူး။ ဒါ့ကြောင့် အားလုံး က ကဏ္ဍစုံကနေ ဝိုင်းဝန်း အားဖြည့်ကြဖို့ အထူးလိုအပ်ပါတယ်။ ဘဏ္ဍာငွေစုဆောင်းမှုမှာလည်း ဟိုနေရာ ဒီနေရာ ပြန့်ကျဲနေတာမျိုးထက် စုစုစည်းစည်းနဲ့ စုဆောင်းရရှိဖို့ လိုအပ်ပါတယ်။ ဘဏ္ဍာငွေ စီးဆင်းရေးလမ်းကြောင်းတွေ အပြန့်ကျယ်တာနဲ့အမျှ ခုခံတော်လှန်စစ် အတွင်းမှာ COC တည်ဆောက် မှုအပေါ်မှာ အားနည်းချက်တွေ ဖြစ်လာနိုင်တာ ရှိပါတယ်။ ဒါ့ကြောင့် ဗဟိုကနေ အမိန့်ပေး ကွပ်ကဲမှုမှာ ပိုမိုစုစည်းခိုင်မာမှုရှိအောင် ဘဏ္ဍာရေးစီမံခန့်ခွဲမှုက သွယ်ဝိုက်ပြီး အကျိုးပြုဖို့ လိုပါတယ်။ အောက် ခြေက ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေအနေနဲ့လည်း မိမိတို့ အစိုးရအပေါ် ပိုမိုခိုင်မြဲတဲ့ ယုံကြည်မှုတွေ ဖြစ်ထွန်းအောင် ကြိုးစားတည်ဆောက်ကြရပါလိမ့်မယ်။ ဒါ့ကြောင့် မိမိတို့ရဲ့ စီမံခန့်ခွဲရေး နည်းနာတွေကို ဝန်ကြီးဌာနအချင်းချင်း ပိုမိုချိတ်ဆက်အားကောင်းအောင် တည်ဆောက်ကြဖို့ အထူး တိုက်တွန်းရင်း နိဂုံးချုပ်လိုက်ပါတယ် ” ဟု ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုသည်။

ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက တော်လှန်ရေး အရှိန်တက်လာလေလေ၊ အောင်ပွဲမြင်ရရန် ပိုမို နီးစပ် လာလေလေဖြစ်သည့်အတွက် ပို၍ အပင်ပန်းခံ ဆောင်ရွက်ကြရန် နှိုးဆော် တိုက်တွန်းသည်။

“တော်လှန်ရေးက အရှိန်တက်လာလေလေ အောင်ပွဲကို မြင်ရလေလေ၊ ပြဿနာတွေကို ဖန်တီးချင်သူတွေဆိုတာလည်း ရှိစမြဲမို့ တတ်နိုင်သမျှ ကျွန်တော်တို့ဘက်က ကဏ္ဍတိုင်းအတွက် သတိထားကြဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ” လို့ ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားခဲ့ပါ တယ်။ ဒါ့အပြင် ပန်းဝင်ခါနီးလေ ပိုမိုပင်ပန်းစွာ ကြိုးစားကြရလေမို့ အခုလို အောင်ပွဲနဲ့ အနီးဆုံးရောက်ရှိနေပြီ ဖြစ်တဲ့ အချိန်ကာလမှာ ဘက်ပေါင်းစုံက စုစုစည်းစည်းနဲ့ ချီတက်နိုင် ကြဖို့ဆိုတာ အရေးအကြီးဆုံးဖြစ် တယ်” ဟု ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက တိုက်တွန်းပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article