37 C
Yangon

ကျောက်ဖြူတွင် စစ်ကောင်စီနှင့် AA အပြန်အလှန် ဖမ်းဆီးနေပြီး နှစ်ဖက် တင်းမာနေ

Must read

ကျောက်ဖြူတွင် စစ်ကောင်စီနှင့် AA အပြန်အလှန် ဖမ်းဆီးနေပြီး နှစ်ဖက် တင်းမာနေ

ရန်ကုန်| စက်တင်ဘာ ၈

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် ရက္ခိုင့်တပ်တော် ULA/AA တပ်ဖွဲ့ဝင်တစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးပြီးနောက် ULA/AA ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အပြန်အလှန် ဖမ်းဆီးခဲ့ကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။

စက်တင်ဘာလ ၆ ရက်နေ့က ရက္ခိုင့်တပ်တော် ULA အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦး ကျောက်ဖြူမြို့သို့ ဖုန်းပြင်ရန် လာရောက်စဉ် အပြန်လမ်းတွင် စစ်ကောင်စီ ကျောက်တစ်လုံးစစ်ဆေးရေးဂိတ်မှ ဖမ်းဆီးလိုက်သည်။

အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက “နံနက်ပိုင်းမှာ ULA အုပ်ချုပ်ရေးအဖွဲ့ဝင် ကိုလင်းလင်းဟာ ဂေါ်တူရွာကနေ ဖုန်းပြင်ဖို့ မြို့ကို တက်လာတယ်။ အပြန်လမ်းမှာ ကျောက်တစ်လုံးဂိတ်မှာ ညနေ ၄ နာရီလောက်မှာ စစ်ကောင်စီက ဖမ်းဆီးသွားတယ်”ဟု ပြောသည်။

များမကြာအချိန်တွင် ရက္ခိုင့်တပ်တော် AA ကလည်း ဇင်ချောင်းကျေးရွာအနီးတွင် မြန်စစ်တပ်မှ အရာရှိတစ်ဦးနှင့် ရဲတပ်ဖွဲ့ နှစ်ဦးတို့ကို ဖမ်းဆီးလိုက်ကြောင်း အဆိုပါ ဒေသခံက Western News ကို ပြောဆိုသည်။

ရက္ခိုင့်တပ်တော်မှ ဖမ်းဆီးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ အရာရှိအဆင့် မင်းသူ၊ ရဲတပ်ဖွဲ့ဝင် သူရအောင်နှင့် မြင့်စိုးဦးတို့ ဖြစ်ကြောင်း ရက္ခိုင့်တပ်တော်၏ Arakan Princess Media (APM) က အတည်ပြုထားကြောင်း သိရသည်။

စစ်ကောင်စီနှင့် AA တို့သည် အချိန်မီ အပြန်အလှန် မညှိနှိုင်းပါက အပစ်ရပ်သဘောတူညီချက် ပျက်ပြယ်နိုင်ပြီး ရခိုင်မှာ တိုက်ပွဲများ ပြန်လည်စတင်နိုင်ကြောင်း စစ်တွေဒေသခံတစ်ဦးက သုံးသပ်ထားသည်။

“ဒီကိစ္စက နှစ်ဖက်စလုံး အချိန်မီ ညှိနှိုင်းဆောင်ရွက်သင့်တယ်။ မဟုတ်ဘူးဆိုရင် ရခိုင်ပြည်မြောက်ပိုင်းမှာ တိုက်ပွဲ ပြန်ဖြစ်လာနိုင်တယ်။ ဒီတစ်ခေါက် တိုက်ပွဲစရင်တော့ ရခိုင်ပြည်တောင်ပိုင်း မြို့နယ်တွေလည်း ပါနိုင်တယ်။ အပစ်ရပ်သဘောတူညီချက်တွေမှာ တပ်ဖွဲ့ဝင်တွေကို မဖမ်းဆီးရဆိုတဲ့ ပါလား မပါလားတော့ မသိဘူး။ ဒါပေမယ့် စစ်ကောင်စီဖက်က အရင်ဖမ်းဆီးတာဆိုတော့ ဒါက တိုက်ပွဲခေါ်တာနဲ့ အတူတူပဲ” ဟု ပြောသည်။

ဘူးသီးတောင်နှင့် မောင်တောဒေသတို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မွတ်ဆလင်လက်နက်ကိုင် ARSA ကို စစ်ပညာသင်ကြားနေကြောင်းနှင့် ရသေ့တောင်-ဘူးသီးတောင်အစပ် ကျေးရွာတို့တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရက္ခိုင့်တပ်တော် စခန်းနေရာများကို ဒရုန်းဖြင့် ကင်းထောက်မှုများရှိနေသည်။

စစ်ကောင်စီမှ ထိုကဲ့သို့ လှုပ်ရှားမှုများအပါအဝင် ရခိုင်ပြည်အတွင်း လက်နက်အင်အား၊ လူအင်အားနှင့် စခန်းအပြောင်းအရွှေ့ပြုလုပ်နေသည်မှာ ပြီးခဲ့သည့် ၄ ခန့်ကတည်းက ပြုလုပ်နေခြင်းဖြစ်ပြီး ရက္ခိုင့်တပ်တော် ULA/AA ၏ အုပ်ချုပ်ရေးယန္တရားကို ဝင်ရောက်နှောက်ယှက်နေကြောင်း သုံးသပ်သူများက ပြောဆိုထားကြသည်။

ရက္ခိုင့်တပ်တော်ဘက်ကလည်း စစ်ကောင်စီ၏ လှုပ်ရှားဆောင်ရွက်မှုများကို မျက်ခြေ မပြတ်စောင့်ကြည့်လျှက်ရှိပြီး အပစ်ရပ်သဘောတူညီချက်များကို စစ်ကောင်စီ ချိုးဖောက်ပါက အချိန်မရွေး တိုက်ပွဲသို့ ဦးတည်နိုင်ကြောင်း AA ပြောခွင့်ရ ဦးခိုင်သုခက မီဒီယာများကို ပြောဆိုထားသည်။

(Western News သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article