32 C
Yangon

စစ်ကောင်စီ ဩဇာခံသည့် Non-CDM ဝန်ထမ်းများအားလုံးကို ထောက်ပံ့ ကြေး လစဉ် ၃၀၀၀၀ ကျပ်တိုးပေးမှု ကုန်စျေးနှုန်းများ ထပ်မံ မြင့်တက်စေရန် တွန်းအားပေးနေ၊ ပုဂ္ဂလိကအလုပ်သမားများအတွက် အနည်းဆုံး လုပ်ခ လစာ မတိုး၍ ပြည်သူများ စားဝတ်နေရေး ပိုကျပ်တည်းလာမည်

Must read

စစ်ကောင်စီ ဩဇာခံသည့် Non-CDM ဝန်ထမ်းများအားလုံးကို ထောက်ပံ့ ကြေး လစဉ် ၃၀၀၀၀ ကျပ်တိုးပေးမှု ကုန်စျေးနှုန်းများ ထပ်မံ မြင့်တက်စေရန် တွန်းအားပေးနေ၊ ပုဂ္ဂလိကအလုပ်သမားများအတွက် အနည်းဆုံး လုပ်ခ လစာ မတိုး၍ ပြည်သူများ စားဝတ်နေရေး ပိုကျပ်တည်းလာမည်

ရန်ကုန်၊ အောက်တိုဘာ ၁

စစ်ကောင်စီက ဩဇာခံသည့် Non-CDM ဝန်ထမ်းများအားလုံးကို ထောက်ပံ့ ကြေး လစဉ် ၃၀၀၀၀ ကျပ်တိုးပေးလိုက်မှုသည် ကုန်စျေးနှုန်းများ ထပ်မံ မြင့် တက် စေရန် တွန်းအားပေးနေပြီး ပုဂ္ဂလိကအလုပ်သမားများ တစ်နေ့ လုပ်ခ လစာ မတိုး၍ ပြည်သူများ စားဝတ်နေရေး ပိုကျပ်တည်းလာမည်ဖြစ်ကြောင်း မြန်မာ့စီးပွားရေး ပညာရှင် ဦးစိန်ဌေးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၃၀ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီက ၎င်း၏ ဩဇာခံနေသည့် ဝန်ထမ်းများ၊ စစ်သားများနှင့်ရဲများ အားလုံးကို လစဉ် ထောက်ပံ့ကြေး အဖြစ် ၃၀၀၀၀ ကျပ်ပေးမည်ဖြစ်ကြောင်း ၊ တစ်နေ့လျှင် ငွေကျပ် ၄၈၀၀ ကျပ် ရရှိသည့် နေ့စား ဝန်ထမ်းများကို တစ်နေ့လျှင် ၁၀၀၀ ကျပ်ထပ်မံတိုးမြှင့်ပေးမည်ဖြစ်ကြောင်း စစ်ကောင်စီက ကြေညာခဲ့ရာ ယင်းကြေညာချက်ကြောင့် ကုန်စျေးနှုန်းများ တရှိန်ထိုး ထပ်မံမြင့်တက်မည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

သို့ရာတွင် စစ်ကောင်စီက ဝန်ထမ်းများကိုသာ ထောက်ပံ့ကြေးတိုးပေးပြီး ပုဂ္ဂလိကကဏ္ဍမှ ပြည်သူများကို အနည်းဆုံးလုပ်ခလစာ တစ်နေ့ ၄၈၀၀ ကျပ်မှ တိုးမပေးသည့်အတွက် ပြည်သူများ ပိုမို ဒုက္ခရောက်လာမည်ဖြစ်ကြောင်း၊ တစ်ဖက်တွင်လည်း တိုင်းပြည်တွင် ငွေကြေး လှည့်လည်မှု ပမာဏ မြင့်တက်လာမှုကြောင့် ကုန်စျေးနှုန်းတက်လာသော်လည်း အခြေခံလိုအပ်ချက် ကုန်စည်များကို စစ်ကောင်စီက အချိန်မီ မဖြည့်တင်းပေးနိုင်ကြောင်း၊ ဖြည့်တင်းပေးရန် စစ်ကောင်စီတွင် လုံလောက်သော နိုင်ငံခြားငွေကြေးလည်း မရှိကြောင်း၊ ထို့ကြောင့် စစ်ကောင်စီ၏ မညီမျှသော မူဝါဒအမှားကြောင့် ပြည်သူများ စားဝတ်နေရေး ပိုမိုကျပ်တည်းလာမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“လက်ရှိ ရှိနေတဲ့ ငွေကြေးပမာဏထက် ထပ်ပြီး တက်တော့မယ်။ Money Supply များတော့မယ်။ များရင် ကုန်စျေးနှုန်းတက်မယ်။ ကုန်စျေးနှုန်း တက်ရင် ကုန်ထုတ်လုပ်မှု တက်အောင် လုပ်ရမယ်။ ကုန်စည်တွေ မထုတ်လုပ်နိုင်ရင် ဥပမာ- ပြည်တွင်းမှာ ဆန်စျေးတက်သွားပြီ။ ဆန်စျေး တက်သွားရင် ကိုယ့်ထဲမှာဆန် နည်းနေရင် စျေးကွက်ထဲကို ဆန်တွေ များများရောက်အောင်ပို့ရမယ်။ ပို့တာက လမ်းမှန် ကမ်းမှန် ပို့ရမယ်လေ။ ကုန်သည်တွေကို သေနတ်ပြပြီး ငါတို့ ဒါပေးကွာ လုပ်လို့မရဘူး။ ကုန်စည်တွေ ဖြည့်ပေးမယ်ဆိုရင်လည်း လုံလောက်တဲ့ ပေးနည်းဖြစ်ရမယ်။ ထုတ်လုပ်မှုက ပြတ်လပ်လို့ မထုတ်လုပ်နိုင်ရင် ဆန်ကို တင်သွင်းဗျာ။ အဲဒီလို သွားရမှာ။ ဒါပေမယ့် အဲဒီလို သွင်းဖို့ဆိုရင်လည်း သွင်းစရာ ပိုက်ဆံမရှိဘူးဆိုရင် အဲဒီမှာလာပြီ။ သူတို့မှာ အဲဒါ ပြဿနာ တက်နေတာ။ နောက်တစ်ခုက အစိုးရဝန်ထမ်းပဲတိုးပြီးတော့ ပုဂ္ဂလိက ဝန်ထမ်းမတိုးရင် မမျှတဘူး။ သူများနိုင်ငံဆိုရင် အလုပ်သမားလို့ ပြောလို့ရှိရင် အားလုံးက အလုပ်သမားပဲ။ အဲဒီအခါ အချိုးအစားနဲ့အညီ တိုးပေးရမှာ ဖြစ်တဲ့အတွက်ကြောင့် တိုးပေးတာမှာ တိုးပုံ တိုးနှုန်းမှားနေတယ်” ဟု ဦစိန်ဌေးက ဆိုသည်။

လက်ရှိတွင် မြန်မာနိုင်ငံအတွင်း လည်ပတ်နေသော ငွေကြေးပမာဏသည် ငွေကျပ် ဘီလီယံပေါင်း ၃ သောင်းကျော်ရှိနေပြီး ထောက်ပံ့ကြေး တိုးပေးမှုကြောင့် လစဉ် ဘီလီယံ ၅၀ မှ ၁၀၀ အကြား စစ်ကောင်စီက ငွေကြေး သုံးစွဲရမှု မြင့်တက်နိုင်ကြောင်း၊ ထို့ကြောင့် လက်တစ်ဆုပ်စာ စစ်ကောင်စီဝန်ထမ်းများကို ထောက်ပံ့ကြေးတိုးပေးမှုကို တစ်ပြည်လုံး သန်း ၅၀ ကျော် ပြည်သူများက ခါးစည်းခံရမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“အခု တိုးပေးလိုက်တော့ Money Supply ‌ငွေသားတွေများသွားပြီ။ မြန်မာနိုင်ငံမှာ လှည့်လည်နေတဲ့ ငွေသားပမာဏက ကျပ်ဘီလီယံပေါင်း ၃၀၂၈၅ ရှိတယ်။ အခုတိုးတာက ဝန်ထမ်း ၁ ဦးကို ၃ သောင်းဆိုတော့ ဝန်ထမ်းတွေ ၁ သန်းရှိရင် မြှောက်ကြည့်လိုက် ဘီလီယံ ၅၀ ငွေကြေးဖောင်းပွလာပြီ။ ဘီလီယံ ၅၀ လစဉ် တက်သွားရင် အစိုးရက ပိုက်ဆံပိုသုံးရပြီ။ သုံးရပြီဆိုရင် Money Supply က များသွားပြီ။ ဒါဆိုရင် ကုန်စျေးနှုန်းတက်စေသော တွန်းအားကိုဖြစ်စေတာပေါ့” ဟု စီးပွားရေးပညာရှင် ဦးစိန်ဌေးက ဆိုသည်။

လက်ရှိတိုင်းပြည်တွင် စီးပွားရေး အကျပ်အတည်း အကြီးအကျယ်ကြုံနေရပြီး နိုင်ငံရေးနှင့် ဆက်စပ်နေကြောင်း၊ စီးပွားရေး မတည်ငြိမ်မှုများက စီမံခန့်ခွဲမှု အမှားများကြောင့် ပိုမို ဆိုးဝါးလာမည်ဖြစ်ကြောင်း ပြောဆိုသည်။

“တစ်ဖက်မှာလည်း ပိတ်ဆို့ထားတယ်။ တစ်ဖက်မှာလည်း ထုတ်လုပ်မှုကလည်း တက်မလာ၊ တစ်ဖက်မှာလည်း စစ်ကတိုက်နေတယ်။ ဒါကိုကြည့်ရင် မင်းတို့ ဘယ်လိုနည်းနဲ့ ရှင်းမှာလဲ။ တိုင်းပြည်ကလည်း စစ်ဖြစ်တယ်။ ပြည်သူလူထုကလည်း ထုတ်လုပ်မှုတွေ မလုပ်နိုင် ပြေးလွှားနေရတယ်။ သူတို့ကလည်း လိုကညစ်တယ်ဆိုတော့ ဒီသံသရာ ရုန်းထွက်ဖို့ကတော့ လောလောဆယ် မမြင်ဘူး။ လူထုကတော့ ခါးစည်းခံရမှာပဲ။ သူတို့ကတော့ အလွယ်လမ်း လိုက်မှာပဲ။ ဘာလုပ်မလဲ ပိုက်ဆံရိုက်ထုတ်တာပဲ။ အခုလည်း ရိုက်ထုတ်နေတာပဲ။ နောက် ၄ ၊ ၅ ၊ ၆ လဆိုရင် Money Supply ကြည့်လို့ရပြီ။ ခုနက ပြောပြီလေ။ လက်ရှိ ၂၀၂၃ အကုန်မှာ ADB စာရင်းအရ မြန်မာနိုင်ငံမှာ ငွေသား Money Circulation က ကျပ် ဘီလီယံပေါင်း ၃၀၂၈၄ ဒသမ ၅ ရှိတယ်။ အဲဒါ ထပ်တက်ဦးမှာ။ တက်ရင် ခုနက ပြောတဲ့ နည်းတွေ မသုံးရင် အဲဒီပြဿနာထပ်တက်မှာပဲ။ ကုန်စျေးနှုန်း တက်တာကို ပြည်သူလူထုက ခါးစည်းခံရမှာပဲ။ အစိုးရအဆက်ဆက် တိုင်းပြည်စီးပွားရေးကို စီမံ ခန့်ခွဲမှု မှားခဲ့တဲ့အတွက် ကုန်စျေးနှုန်းတက်ာကို ပြည်သူလူထုက ခံရဦးမှာပဲ။ ဒီပြဿနာက မလွယ်ဘူး ” ဟု မြန်မာ့ စီးပွား ရေးပညာရှင် ဦးစိန်ဌေးက သုံးသပ်ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article