စစ်ကောင်စီ၏ NCA ၈ နှစ်ပြည့် အခမ်းအနား တက်ခဲ့သည့် ABSDF ဒုဥက္ကဌ ရဲဘော်မျိုးဝင်း ပါ ၃ ဦးကို နိုင်ငံရေးနှင့် စစ်ဘက်ဆိုင်ရာ တာဝန်အသီးသီးမှ ရပ်ဆိုင်း
ရန်ကုန်၊ အောက်တိုဘာ ၁၇
အကြမ်းဖက်စစ်ကောင်စီက ကျင်းပပြုလုပ်သည့် NCA ၈ နှစ် ပြည့် အခမ်းအနား မတက်ရောက်ရန် နောက်ဆုံးအကြိမ်အထိ သတိပေးခဲ့သော်လည်း တက်ရောက်ခဲ့သဖြင့် ဒုဥက္ကဌ တာဝန်ယူခဲ့သူ ရဲဘော် မျိုးဝင်း ပါ ၃ ဦးကို နိုင်ငံရေးနှင့် စစ်ဘက်ဆိုင်ရာ လုပ်ငန်းတာဝန် အသီးသီးမှ ရပ်ဆိုင်းလိုက်ကြောင်း ကျောင်းသားတပ်မတော်ABSDF ပြောရေး ဆိုခွင့်ရှိသူ ရဲဘော် ဆန်နီက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) အဖွဲ့မှ ဒုက္ကဌ ရဲဘော်မျိုးဝင်း၊ ရဲဘော် စောမောင်မောင်ဦးနှင့် ရဲဘော်မင်းဇာ်တို့ အောက်တိုဘာလ ၁၅ ရက်နေ့ နေပြည်တော်တွင် စစ်ကောင်စီက ကျင်းပပြုလုပ်ခဲ့သည့် NCA ၈ နှစ်ပြည့် အခမ်းအနားသို့ တက်ရောက်ခဲ့ခြင်းသည် ABSDF က ချမှတ်ထားသည့် မူ၊ သဘောထား၊ ရပ်တည်ချက်များနှင့် ဆန့်ကျင်ကာ ၎င်းတို့တို့ ဆန္ဒသဘောထား သက်သက်ဖြင့် တက်ရောက်ခဲ့ကြောင်း၊ ထို့ကြောင့် နိုင်ငံရေးနှင့် စစ်ဘက်ဆိုင်ရာ တာဝန်အသီးသီးမှ ရပ်ဆိုင်းလိုက်ကြောင်း သိရှိရသည်။
“သူတို့ တက်ရောက်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ကျနော်တို့ ဗဟိုကော်မတီအရေးပေါ် အစည်းအဝေး ခေါ် ဖြစ်ပါတယ်၊ ဗဟိုကော်မတီအရေးပေါ် အစည်းကနေပြီးတော့ သူတို့ရဲ့နိုင်ငံရေးတာဝန်တွေ၊ စစ်ဘက် ဆိုင်ရာ တာဝန်တွေကနေ ရပ်ဆိုင်းလိုက်တာ ဖြစ်ပါတယ်၊ NCA ၈ နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်း အနားကို မတက်ရောက်ဖို့ နောက်ဆုံးအကြိမ်အထိ ပြောခဲ့ပါတယ်၊ ပြောခဲ့ပေမယ့်လည်း သူတို့တက် ရောက် တာ တွေ့ရှိရတဲ့အတွက် ကြောင့် အစည်းအဝေးကနေပြီးတော့ပဲ ဒီတာဝန်တွေကို ရပ်နားလိုက် တာဖြစ်ပါတယ်၊ NCA နှစ်ပတ်လည်နေ့ကို တက်ရောက်ခြင်းဟာ အဖွဲ့အစည်းရဲ့ မူနဲ့ သဘောထားနဲ့ ရပ်တည်ချက်နဲ့ မကိုက်ညီတဲ့အတွက် ရပ်နားလိုက်တာပါဗျ”ဟု ABSDF ပြောရေးဆိုခွင့်ရှိသူ ရဲဘော် ဆန်နီပြောရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အာဏာသိမ်းစစ်တပ်က အတုအယောင်ပြ ပြုလုပ်သည့် NCA သည် ပျက်ပြယ်သွားပြီဖြစ်ကြောင်း၊ NCA အခြခံ လုပ်ငန်းစဉ်များ ရပ်ဆိုင်းသွားပြီဖြစ်ကြောင်း မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက် တစ်တပ်ဦး- ABSDF၊ ချင်းအမျိုးသားတပ်ဦး – CNF နှင့် ကရင် အမျိုးအသား အစည်းအရုံး – KNU တို့က ဘုံသဘောထားရပ်တည်ချက်နှင့်အတူ အောက်တိုဘာလ ၁၂ ရက်နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည်။